ကလေးငယ်များနှင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ပြဿနာ
မျက်စိဆေးခန်းထဲကို ကျွန်မ၀င်လိုက်တယ်ဆိုရင်ပဲ။
“ဟော .. ဆရာမ လာပြီ”
ကျွန်မဆီကို အမြဲလာပြနေကျဖြစ်တဲ့ ဒေါ်ခင်ဌေးက ဆီးကြိုနှုတ်ဆက်ပါတယ်။ ဒေါ်ခင်ဌေးရဲ့ မျက်စိ အတွင်းတိမ်နှစ်ဖက်စလုံးကို ခွဲစိတ်ထားပြီးဖြစ်ပေမယ့် သူမရဲ့မိတ်ဆွေအပေါင်းအသင်း၊ အိမ်နီးနားချင်းတွေကို မျက်စိပြချင်ရင် မညည်းမညူလိုက်ပြပေးတတ်သူလည်းဖြစ်ပါတယ်။
“ဘာများဖြစ်သလဲ ဒေါ်ခင်ဌေး”
“ကျွန်မက ဘာမှမဖြစ်ပါဘူး၊ အားလုံးကောင်းတယ်။ မျက်မှန်လည်းလုပ်ပြီးပြီလေ။ အခုလာတာက ကျွန်မ မြေးလေးကို လာပြတာပါ။ အခုတလောမျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တစ်ချက်တစ်ချက် အကြောဆွဲသလို တောင်ဖြစ်သွားတယ်”
“ကလေးအသက်က ဘယ်လောက်ရှိပြီလဲ”
“ငါးနှစ်ကျော်ပါပြီ ဆရာမ”
“အခုလို မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မတို့သတိထားမိတာ တစ်လလောက်ရှိပြီ။ သူ့ဘာသာသူ ပျောက်မလား ဆိုပြီး စောင့်ကြည့်နေသေးတယ်။ ခုတော့ ပိုဆိုးလာတာနဲ့ ဆရာမဆီပြေးလာခဲ့တာ။ ဖြစ်မှာပေါ့ ဆရာမရယ်၊ ကွန်ပျူတာဂိမ်းတွေဆော့တယ်၊ ကာတွန်းကားတွေကြည့်တယ်၊ ဘာတွေမှန်းကိုမသိဘူး စုံနေတာပဲ၊ တီဗီရှေ့ကကိုမထဘူး”
ဒေါ်ခင်ဌေး၏ ဗျစ်တောက်ဖျစ်တောက်စကားကိုနားထောင်ရင်း တစ်ဖက်ကလည်း ကလေးရဲ့မျက်စိကို သေချာစစ်ဆေးကြည့်ပါတယ်။ မျက်စိနှစ်ဖက်စလုံးအခြေအနေ၊ မျက်တောင်မွေးတွေ အနေအထား ပုံမှန် ရှိ/မရှိ မျက်ကြည်လွှာအခြေအနေကောင်း/မကောင်း၊ မျက်ခွံထဲမှာ ပြင်ပပစ္စည်း ရှိ/မရှိ၊ မျက်မြှေးပါးရောင်နေခြင်းရှိ/မရှိ အားလုံးကို စစ်ဆေးလိုက်ပါတယ်။ ပြီးမှအေ၀းမှုန်၊ အနီးမှုန်၊ ဆလင်ဒါ မျက်မှန်ပါဝါရှိ/မရှိ စမ်းသပ်ပါတယ်။
“ဆရာမ - ကျွန်မမြေးလေးမျက်စိပြန်ကောင်းပါဦးမလား”
“အခု ကျွန်မစမ်းသပ်ကြည့်သလောက်တော့ မျက်စိမှာ ဘာအပြစ်မှ မတွေ့ပါဘူး။ လောလောဆယ် ကလေးကို ကယ်လ်စီယမ်နဲ့ ဗီတာမင်တွေပါတဲ့ အားဆေးတစ်မျိုးကျေွးထားမယ်။ မျက်စိကို နည်းနည်း အနားပေးရမယ်။ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများနဲ့ နွားနို့၊ ကြက်ဥတွေပါ ကျေွးပေးပါ။ မျက်စဉ်းလေးတစ်မျိုးလည်း ပေးလိုက်မယ်။ နောက်တစ်လမှာ ပြန်လာပြပါ။”
“ဆရာမရယ် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာ နည်းနည်းရှင်းပြပေးပါဦး”
ကျွန်မလည်း ဒေါ်ခင်ဌေးရဲ့တောင်းဆိုမှုကြောင့် အခုလိုသေသေချာချာရှင်းပြပေးနေမိပါတယ်။
တကယ်တော့ တီဗီကြည့်တာ၊ ဂိမ်းဆော့တာ၊ ကွန်ပျူတာသုံးတာတွေကတော့ ခေတ်ရဲ့ တိုးတက်ပြောင်းလဲမှုတွေဆိုတော့ ကလေးတွေကို ပိတ်ပင်တားဆီးလို့ မရဘူးလေ။ ကွန်ပျူတာ အင်တာနက်ခေတ်မှာ ခေတ်လူငယ်ကလေးတွေအနေနဲ့ အမီမလိုက်နိုင်ပြန်ရင်လည်း သူများနောက်မှာ ကျန်ခဲ့ဦးမယ်။ ဒါပေမယ့် အချိန်အကန့်အသတ်နဲ့ထိန်းပေးဖို့က မိဘတွေရဲ့တာ၀န်ပါပဲ။
ဒီတော့ကာ ကလေးတွေစာကြည့်တဲ့အခါ အလင်းရောင်နည်းတဲ့အမှောင်ထဲမှာဖတ်တာ၊ အိပ်ရာထဲမှာ အိပ်ပြီးဖတ်တာ၊ ရွေ့လျားသွားနေတဲ့ယာဉ်ပေါ်မှာ စာဖတ်တာ၊ စာရေးတာ၊ တီဗီကို အမှောင်ချပြီးကြည့်တာ၊ တီဗီဇာတ်လမ်းတွဲတွေကို မပြီးမချင်းမထတမ်းကြည့်တာတွေအပြင် အခုခေတ်မှာ ကလေးတွေက ကွန်ပျူတာ၊ အင်တာနက်သုံးကြတာ တစ်နေကုန်နီးပါးဆိုတော့ မျက်စိကို အနားမပေးသလိုဖြစ်တာကြောင့် မျက်စိကျန်းမာရေးကို ထိခိုက်စေပါတယ်။
အခုလိုပဲ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေလို့၊ မျက်စိကထောင့််ကပ်သွားပြီး စွေသွားလို့၊ မျက်စိရော မျက်နှာပါအကြောဆွဲသလိုဖြစ်သွားလို့ဆိုပြီး ရောက်လာတဲ့ကလေးတွေ အရမ်းကိုများပါတယ်။ များသောအားဖြင့် 12 နှစ်အောက်ကလေးတွေမှာ အဖြစ်များပြီး ယောကျ်ားလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။
ပုံမှန်အားဖြင့် လူကြီးတွမှာတော့ မျက်တောင်ခတ်ခြင်းဟာ တစ်မိနစ်ကို 15 ကြိမ်လောက် ခတ်ပါတယ်။ မွေးကင်းစကလေးတွေမှာတော့ တစ်မိနစ်ကို တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ ခတ်တယ်။ မျက်မမြင်တွေမှာတောင် အမြင်အာရုံနှိုးဆော်မှုမရှိဘဲနဲ့ အလိုအလျောက် မျက်တောင်ခတ်ပါတယ်။ ပြင်ပက ဖုန်မှုန့်၊ သဲမှုန့်တွေ၊ လေထုထဲက ရောဂါပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေကို ကာကွယ်ပေးဖို့ သဘာ၀က စီမံထားတာပါ။ မျက်ခံွတွေကနေ အကာအကွယ် တစ်ခုအနေနဲ့ စူးရှတဲ့အလင်းရောင်၊ ကျိန်းစပ်စေတဲ့ အခိုးအငွေ့၊ အပူအအေး၊ ရောဂါပိုးမွှားတွေကို ကာကွယ်ဖို့ မျက်ခွံဖွင့်ခြင်း၊ ပိတ်ခြင်းကို မျက်တောင်ခတ်တယ်လို့ခေါ်တာပါ။
ပုံမှန်အလိုအလျောက်မျက်တောင်ခတ်မှုမှာ တုံ့ပြန်မှု 2 ပိုင်းရှိပါတယ်။ တစ်ပိုင်းက ဦးနှောက်ရဲ့အောက်ခြေ အစိတ်အပိုင်းသွားလမ်းကို ဖြတ်သန်းပြီးသွားတဲ့ ပိုပြီးစောစွာ တုံ့ပြန်မှုဖြစ်တဲ့အပိုင်း၊ ဒုတိယအပိုင်းက ဦးနှောက်မြီးပိုင်းကိုဖြတ်ပြီး ထပ်ဆင့်ပေးပို့တဲ့ နည်းနည်းနောက်ကျတဲ့ တုံ့ပြန်မှုအပိုင်းဖြစ်ပါတယ်။ အဲဒီလို မျက်တောင်တွေရဲ့ အလိုအလျောက်တုံ့ပြန်မှုကို ထမ်းဆောင်ပေးတာ ကတော့ နံပါတ်(၅) အာရုံကြောရဲ့ အ၀င်နာဗ်ကြောနဲ့ နံပါတ် (၇) အာရုံကြောရဲ့ အထွက်နာဗ်ကြောဖြစ်ပါတယ်။
အခြားခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီးရဲ့ ရောဂါကို ရှာဖွေစစ်ဆေးတဲ့အခါ ဒီမျက်တောင်တွေရဲ့ အလို အလျောက်တုံ့ပြန်မှုက အရေးကြီးပါတယ်။ မျက်တောင်ခဏခဏခတ်တဲ့ကလေးတွေကို ခွဲခြားကြည့်ရင် ပထမ တစ်ချက် က မျက်လုံးနဲ့ မျက်ခွံအကြောဆွဲသလိုဖြစ်တာ၊ ဒုတိယ က မျက်တောင်ခတ်တဲ့အကြိမ်ရေများတာ၊ တတိယ အချက်က မျက်ခွံမကြာခဏလှုပ်တာပဲဖြစ်ပါတယ်။
ပထမအချက် ဖြစ်တဲ့ မျက်လုံးမျက်ခံွအကြောဆွဲသလိုဖြစ်တာကတော့ မျက်စိမှာကွင်းထားတဲ့ မျက်ခံွကြွက်သားတွေရဲ့ ချဲ့ကားမှုနဲ့၊ ကျုံ့အားတင်းအား ဖြတ်သန်းခြင်းကြောင့်ဖြစ်ပါတယ်။ ကလေးဟာ စိတ်လှုပ်ရှားပြီး သိပ်မောပန်းနွမ်းနယ်နေမယ်ဆိုရင် မျက်တောင်ခတ်တဲ့အကြိမ်ရေဟာ ပိုများတတ်သလို၊ မျက်ခွံပိတ်တဲ့အချိန်ကာလကိုလည်း သိသိသာသာပြောင်းလဲစေပါတယ်။ ယောကျ်ားလေးတွေမှာဖြစ်တတ်ပြီး ရက်အနည်းငယ်အတွင်းမှာ အလိုလိုပျောက်သွားတတ်ပါတယ်။
ဒုတိယအချက်ဖြစ်တဲ့ မျက်တောင်ခတ်တဲ့ အကြိမ်ရေများတာကတော့ မျက်စိရဲ့မျက်ကြည်လွှာ၊ မျက်ရည်ကြည်၊ မျက်မြှေးပါး၊ မျက်တောင်နဲ့မျက်ခွံတွေမှာ ရောဂါတစ်ခုခုရှိရင်ဖြစ်နိုင်ပါတယ်။
တတိယအချက်ဖြစ်တဲ့ မျက်ခွံမကြာခဏလှုပ်တာကတော့ မျက်စိကြွက်သားတွေရဲ့ အားစိုက်လွန်မှုကြောင့် ထပ်ခါထပ်ခါ ကျုံ့ခြင်း၊ တင်းခြင်းတို့ကြောင့် ဖြစ်ရပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များပြီး တောက်ပလွန်းတဲ့ အလင်းရောင်နဲ့ စာဖတ်တာ၊ အချိန်ပြည့်တီဗီ၊ ကွန်ပျူတာကြည့်တာတွေနဲ့ သက်ဆိုင်နေပါတယ်။
အမေရိကန်ပြည်ထောင်စု Baylor ဆေးကောလိပ်က Cullen Eye Institue ရဲ့ မျက်စိကုဌာနကနေပြီး အခုလို မျက်တောင်ခဏခဏခတ်တဲ့ 16 နှစ်အောက်ကလေး 99 ဦးကို လေ့လာ ဆန်းစစ်တဲ့အခါ 89 ရာခိုင်နှုန်း ဟာ မျက်စိနှစ်ဖက်စလုံးမှာဖြစ်ပြီး၊ ယောကျ်ားလေးဦးရေက မိန်းကလေးထက် 2 ဆပိုများတာတွေ့ရတယ်။ 37 ရာခိုင်နှုန်းကတော့ မျက်စိရဲ့အရှေ့ပိုင်းရောဂါတွေနဲ့ မျက်ခွံပုံမှန်မဟုတ်တဲ့ရောဂါတွေကြောင့်ဖြစ်တာကို တွေ့ရပြီး၊ 23 ရာခိုင်နှုန်းကတော့ မျက်စိနဲ့မျက်နှာမှာ အကြောဆွဲတဲ့အကျင့်ရှိတဲ့ ကလေးတွေဖြစ်ပါတယ်။ 4 ရာခိုင်နှုန်းက မျက်မှန်ပါဝါလိုတဲ့ ကလေးတွေဖြစ်ပြီး၊ 11 ရာခိုင်နှုန်းက မျက်စိအပြင်စွေတဲ့ကလေးတွေဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကြောင့် မျက်ခံွလှုပ်တဲ့ကလေးက 10 ရာခိုင်နှုန်းရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဒါ့ကြောင့် စစ်ဆေးကြည့်တဲ့အခါ မျက်စိတစ်ဘက်တည်းဖြစ်တာလား၊ နှစ်ဖက်စလုံးဖြစ်တာလား၊ မျက်တောင်ခတ်ချိန်မှာ နာကျင်ကိုက်ခဲတာရှိသလား၊ အမြင်အာရုံထိခိုက်သွားသလား၊ မျက်စိက စွေနေသလား၊ မီးရောင်၊ အလင်းရောင်ကို ကြည့်နိုင်ရဲ့လား၊ မျက်ခွံတွေ၊ မျက်နှာတွေပါ လိုက်ပြီးတွန့်ရွဲ့သွားသလား၊ မျက်တောင်တွေမှာ “သန်း” တွယ်နေသလားစသဖြင့် သေချာစမ်းသပ်ဖို့လိုပါတယ်။
မျက်တောင်ခတ်တဲ့အကြိမ်နှုန်းဟာ ဦးနှောက်တွင်းမှာတဲ့ စိတ်အခြေအနေနဲ့ ဆက်စပ်နေပါတယ်။ မျက်တောင်ခတ်တဲ့ကြိမ်နှုန်းကို ထိန်းချုပ်ထားတဲ့တည်နေရာနဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုရဲ့တည်နေရာဟာ ဦးနှောက် တွင်းမှာဆက်သွယ်မှုတွေရှိနေတတ်ပါတယ်။ ဦးနှောက်ကင်ဆာရောဂါ၊ အတက်ရောဂါ၊ ကလေးကြီးထွားမှုနှေး ကွေးတဲ့ရောဂါစသဖြင့် ဦးနှောက်နဲ့အာရုံကြောမှာ ရောဂါတစ်ခုခုရှိနေရင်လည်း မျက်တောင်ခတ်တဲ့ အကြိမ်နှုန်းများတာကိုတွေ့ရပါတယ်။ ဒါ့ကြောင့် မျက်စိမှာ ဘာပြဿနာမှမရှိဘူးဆိုရင်တော့ ဦးနှောက်နဲ့ အာရုံကြောအထူးကု ဆရာ၀န်ကြီးထံ ပြသပြီးလိုအပ်တဲ့ညွှန်ကြားမှုကို လိုက်နာရပါမယ်။
စိတ်ပိုင်းဆိုင်ရာအနေနဲ့တော့ ကလေးငယ်တွေမှာ ကျောင်းအသစ်ကိုပြောင်းအပ်တဲ့အခါ ဘယ်သန်ကလေး ညာသန်ပြင်ပေးတဲ့အခါ၊ အတန်းထဲမှာ အားလုံးရဲ့အနိုင်ယူမှုခံရတဲ့အခါ၊ လေးလံထိုင်းမှိုင်း၊ စိတ်ဓာတ်တက်ကြွမှု နည်းနေတဲ့အပြုအမူကို ပြင်းပြင်းထန်ထန်ပြုပြင်ပေးတဲ့အခါမျိုးတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ မျက်စိမှိတ်တုတ် မှိတ်တုတ်ဖြစ်နေတဲ့အခြားကလေးကို ပြောင်လှောင်ရင်းနဲ့ဖြစ်ဖြစ်၊ မိဘမျိုးရိုးမှာ ရှိခဲ့ရင်ဖြစ်ဖြစ် ဖြစ်တတ်တာမို့ ရောဂါရာဇ၀င်ကို သေချာမေးဖို့လိုပါတယ်။
အမြင်အာရုံချို့ယွင်းမှုရှိရင်တော့ မျက်စိဆရာ၀န်နဲ့ပြပြီး၊ မျက်မှန်လိုရင် မျက်မှန်ပေးရမယ်။ မျက်ကြည်လွှာ မှာပရိုတင်းဓာတ်တွေစုပုံနေလို့ မျက်မြှေးရောင်နေခဲ့ရင်၊ မျက်တောင်တွေနေရာလွဲပြီး အတွင်းကိုစိုက်၀င်ပြီး ပေါက်နေရင်၊ ၀မ်းတွင်းပါရေတိမ်ရောဂါတွေရှိရင်လည်း အခုလိုမျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်တတ်တာမို့ အချိန်မီ မှန်ကန်တဲ့ကုသမှုကိုခံယူဖို့ အရေးကြီးပါတယ်။
ဒီနေ့ခေတ်ကလည်း ကွန်ပျူတာခေတ်၊ အင်တာနက်ခေတ်ဆိုတော့ ကလေးငယ်တွေတင်မက လူငယ်၊ လူကြီးထိ ဖုန်းထဲက ဂိမ်းတွေကစားတာ၊ ဖုန်းနဲ့အင်တာနက်ကြည့်တာ၊ လက်ကိုင်ဖုန်းရဲ့ မျက်နှာပြင်က သေးရင် သေးသလို စာလုံးတွေကို အားစိုက်ကြည့်ရတာမျိုးတွေ၊ မျက်စိနဲ့ကွန်ပျူတာမခွာတမ်း၊ တစ်နေကုန်စိုက်ကြည့်နေရတော့ မျက်တောင်ခတ်ဖို့မေ့နေပြီး ကြာတော့ မျက်သားခြောက်၊ မျက်ရည်ခန်းခြောက် လာတာတွေကို တွေ့ရပါတယ်။ နားလိုက်တာနဲ့ မျက်စိက နီရဲပြီး မျက်ရည်ကျမယ်၊ ခိုးလိုခုလုနေမယ်၊ မျက်တောင်ခဏခဏခတ်မိမယ်။ ဒါ့ကြောင့် ကွန်ပျူတာကို တစ်နာရီလောက်ကြည့်ပြီးတိုင်း မျက်စိကိုခဏအနားပေးရမယ်။ ဟိုးအေ၀းက စိမ်းလန်းတဲ့သစ်ပင်တွေ၊ အေ၀းရှုခင်းတွေကို ကြည့်ပေးရမယ်။
ကျွန်မတွေ့ရတဲ့ ကလေးတွေမှာတော့ တခြားမျက်စိရောဂါကို မတွေ့ရတတ်ဘဲ မျက်မှန်ပါဝါလိုအပ်နေတဲ့ ကလေးတွေကများပါတယ်။ ဘာမှစမ်းသပ်လို့မတွေ့ရရင် ကွန်ပျူတာကြည့်တာ၊ ဂိမ်းဆော့တာကို ခဏနားခိုင်းပြီး ဗီတာမင်အားဆေးတစ်ခုခုပေးထားပြီး တစ်နေ့တာ အာဟာရကို ဂရုစိုက်ကျေွးဖို့ ပြောရပါတယ်။
တချို့မိဘတွေက မလိုအပ်ဘဲ ဗီတာမင် A၊ ငါးကြီးဆီနဲ့၊ အေဒီဗစ်လိုအားဆေးတွေကို ကျေွးနေ တတ်ကြတယ်။ ဗီတာမင် A နဲ့ ငါးကြီးဆီကို ကျေွးမှ ကလေးမျက်စိအားကောင်းမယလို့ ထင်တတ်ကြတယ်။ မျက်စိအားကောင်းစေတယ်လို့ ကြော်ငြာလိုက်ရင်ပဲ ဒီဆေးတွေကို လိုက်ပြီး၀ယ်ကျေွးတတ်ကြတယ်။ တကယ်တော့ ဆေးထက် သဘာ၀အသီးအနှံတွေဖြစ်တဲ့ အစိမ်းရောင်အသီးအရွက်တွေ၊ ဥပမာ- ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ မြင်းခွာရွက်၊ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ အဝါရောင်အသီးအနှံတွေဖြစ်တဲ့ သငေ်္ဘာသီး၊ သရက်သီး၊ ငှက်ပျောသီး၊ သခွားသီးမှည့်၊ လိမေ္မာ်သီး၊ ရွှေဖရုံသီး၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ကြက်ဥ၊ ဘဲဥ၊ အသည်းအမြစ်တွေက ကလေးတွေအတွက် ပုံမှန်မျှတနေဖို့အရေးကြီးလှပါတယ်။
Credit; ဒေါက်တာနီလာသိန်း ( လင်းရောင်သစ် )
Health Digest Journal




























