/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကလေးများနဲ့-ဦးနှောက်ကင်ဆာ

ကလေးများနဲ့ ဦးနှောက်ကင်ဆာ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်မြမြချယ်

        ဦးနှောက်ကင်ဆာဟာ နာမည်ကြားရုံနဲ့ထိတ်လန့်စရာ ကင်ဆာအမျိုးအစားဖြစ်ပြီး ကလေးတွေနဲ့ အရွယ် ရောက်ကာစ  (Adolescence) လူတွေမှာ ဒုတိယအဖြစ်အများဆုံးရောဂါဖြစ်တယ်။ 7 နှစ်ခန့် ကောင်ကလေး မျက်စိတဖြည်းဖြည်းစွေစွေလာရင်း နောက်ပိုင်းခေါင်းကိုက်၊  ခေါင်းခဲတာ၊ စားပြီးအန်တာ၊ မျက်စိထဲ ပုံရိပ်နှစ်ထပ်မြင်တာတွေနဲ့ ဆေးခန်းလာပြတာတွေ့ရတာနဲ့ ဦးနှောက်ကင်ဆာအကြောင်းရေးဖို့ သတိရလာပါတယ်။ ဦးနှောက်ကင်ဆာဟာ သေနှုန်း 4.5 ရာခိုင်နှုန်းရှိပြီး ကုသမှုစောစီးစွာရရင်တော့ အသက်အသေအပျောက် နည်းနိုင်ပါတယ်။

 

ဖြစ်ပွားရတဲ့အကြောင်းများ

        တိတိကျကျအကြောင်းရင်းမရှိပေမယ့် ယောကျ်ားလေးတွေမှာ ဦးနှောက်အကျိတ်အဖြစ်ပိုများတာ တွေ့ရ တယ်။ မျိုးရိုးလိုက်တတ်တာကလည်း 5 ရာခိုင်နှုန်းလောက်မှာတွေ့ရတတ်ပြီး ဦးခေါင်းကို ရောင်ခြည်ဖြတ်သန်း ရတဲ့ အတွေ့အကြုံ (Cranial Radiation)ရှိခဲ့ရင်လည်း ဦးနှောက်အကျိတ်ရောဂါဖြစ်ဖို့ အခွင့်အလမ်းပိုများစေ တယ်။

        အသက် 5 နှစ်အောက်ကလေးဆိုရင် ဦးနှောက်ကင်ဆာအတွေ့ရပိုများပြီး  (52 cases/ million Children)၊ အသက် 20 အောက်ဆိုရင်တော့ (45 Cases/ million Children) တွေ့ရတယ်။

 

ရောဂါခံစားရတဲ့လက္ခဏာတွေ

        ရောဂါလက္ခဏာတွေက ကျူမာအကျိတ်ရဲ့တည်နေရာ၊ အရွယ်အစား၊ အမျိုးအစား၊ ကလေးရဲ့ အသက်၊ ခေါင်းထဲက CSF လို့ခေါ်တဲ့ ဦးနှောက်တွင်းအရည်ရဲ့လမ်းကြောင်းမှာ ပိတ်ဆို့မှု ရှိ၊ မရှိနဲ့ ဦးနှောက်အတွင်း ဖိအားမြင့်တက်မှု ရှိ၊ မရှိပေါ်မူတည်ပြီး ကွဲဲပြားသွားနိုင်တယ်။ ကလေးအသက်ငယ်လေ ခံစားရတာတွေ မပြောပြတတ်လေဆိုတော့ အသိနောက်ကျတတ်ပါတယ်။ ကလေးကြီးတွေ မှာတော့ ကျောင်းစာမလိုက်နိုင်တော့ဘဲ အပြောအဆို၊ အပြုအမူပြောင်းလဲလာတာ စတာတွေက မသိမသာဖြစ်ပေါ်လာတယ်။ ရောဂါလက္ခဏာတွေက မသိသာလို့ အသိနောက်ကျတတ်တယ်။ ဒါ့အပြင် တခြားရောဂါတွေနဲ့ ဆင်တူတော့ ရောဂါရေလိုက်လွဲနေတာနဲ့ပဲ ရောဂါအတွက် ကုသမှုရတာ အတော်နောက်ကျပြန်တယ်။

          ငယ်ထိပ်မပိတ်သေးတဲ့အရွယ် 2 နှစ်လောက် ကလေးတွေမှာဆိုရင် ကျူမာအကျိတ်ကြောင့် ဦးခေါင်းအတွင်း ဖိအားမြင့်တက်လာရင် ငယ်ထိပ်တွေဖောင်းနေခြင်း၊ ပျို့အန်ခြင်း၊ ဆတ်ဆတ်ထိမခံ စိတ်တို၊ စိတ်ဆတ်ကာ ငိုကြွေးခြင်း၊ မလှုပ်ချင်မကိုင်ချင်ဖြစ်ခြင်းနဲ့ ခေါင်းအရွယ်အစားတဖြည်းဖြည်း ကြီးမာလာခြင်း(Macrocephaly) စတာတွေ တွေ့လာရတယ်။ အဓိကလက္ခဏာသုံးခုအဖြစ် ခေါင်းကိုက် တာ၊ ပျို့အန်တာ၊ မျက်လုံး အတွင်းရောင်ရမ်းခြင်း (Papilledema) စတာတွေ တွေ့လာရရင် ဦးနှောက်အလယ်ပိုင်း သို့မဟုတ် အောက်ပိုင်းကျူမာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဟန်ချက်မညီတာ၊ လမ်းလျှောက်ပုံစံ မမှန်တာ၊ အချိတ်အဆက်မိအောင် မလှုပ်ရှားနိုင်တာတွေလည်း တွေ့လာရတယ်။ ဦးခေါင်းအတွင်းဖိအားတွေ သိပ်များလာရင်  ဦးခေါင်းခွံအောက်ခြေအရင်းကနေ (Brainstem) ကျွံကျလာရင် အသက်အန္တရာယ်နီးကပ်ပါတယ်။ ဒါ့အပြင် မျက်စိကြည့်ရတာဝါးခြင်း၊ အရာ၀တၳုတွေကို 2 ထပ်မြင်ခြင်း (Diplopia) တွေလည်းဖြစ်လာတယ်။

          ဦးနှောက်အကျိတ်က ဦးနှောက်စတင်းမ် (Brainstem) နေရာမှာသာရှိနေရင် လေဖြတ်သလိုဖြစ် တာတွေ၊ တဆတ်ဆတ် ခြေလက်တုန်ခါတာတွေနဲ့  ဦးနှောက်က ထွက်လာတဲ့ အာရုံကြောမကြီးတွေရဲ့ ချွတ်ယွင်းချက် (Cerebral Paisy)တွေကိုပါ တွေ့ရှိလာတယ်။ ခြေလက်မသန်စွမ်းတာ၊ စကားပြောမပီတာ၊ အထိအတွေ့အာရုံ ချွတ်ယွင်းတာ၊ တက်ချက်တာ (Fits) နဲ့ ကြွက်သားတုံ့ပြန်မှုတွေ ပုံမမှန်တာ (Reflex Abnormality) တွေကို ဦးနှေက်အထက်ပိုင်းရှိ ကျူမာတွေမှာ တွေ့ရှိရတယ်။

          မျက်စိအာရုံကြောတစ်လျှောက် (Optic Pathway)ရှိတဲ့ကင်ဆာအကျိတ်တွေကြောင့် မျက်စိအမြင်ကျ ဆင်းတာ၊ မျက်စိစွေစောင်းတာ၊ အေ၀းကြည့်မမြင်ရတာ စတာတွေဖြစ်ပေါ်လာတယ်။ ကလေးက မျက်စိကြည့်ရတာအားမရတဲ့ပုံပေါ်နေရင် သေချာမေးမြန်းကြည့်ပြီး ပုံမမှန်တာနဲ့ တစ်ပြိုင်တည်း သက်ဆိုင်ရာဌာနကို ပြဖို့ လိုပါတယ်။

          ပီကျူထရီဂလင်းတည်ရှိရာ (Suprasellar Region) တစ်၀ိုက်က ဦးနှောက်အကျိတ်တွေကြောင့် ရေငတ် ၀မ်းကျရောဂါ (Diabetes Insipidus ရေသောက်လိုက် သေးပေါက်လိုက်) နဲ့ အရွယ်မတိုင်ခင် လူပျိုဖော်၊ အပျိုဖော်၀င်ခြင်းစတာတွေနဲ့ လက္ခဏာပြတတ်တယ်။ ဒါကြောင့် အသက် 10 နှစ်မပြည့်သေးဘဲနဲ့ အရွယ်ရောက် လက္ခဏာတွေပေါ်ပေါက်လာရင် ဦးနှောက်ကင်ဆာကြောင့် ဖြစ်နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။

          ဦးနှောက်ဆိုတာ တစ်ကိုယ်လုံးကိုထိန်းချုပ်ပေးနိုင်တဲ့စင်တာတွေရှိတာဆိုတော့ ကျူမာရှိတဲ့နေရာကို လိုက်ပြီး ဦးနှောက်နဲ့အာရုံကြောချွတ်ယွင်းတဲ့လက္ခဏာတွေက အမျိုးမျိုးပေါ်လာနိုင်တာမို့ ကလေးဘ၀ကတည်းက အာရုံကြောဆိုင်ရာ ပုံမမှန်တာတွေ တွေ့လာရရင် စောစီးစွာပြသပြီး ရောဂါရှာဖွေဖို့ အရေးကြီးပါတယ်။

 

ကုသခြင်း

        ပုံမမှန်လက္ခဏာတွေ အထက်ပါအတိုင်းတွေ့ရှိရရင် ဆေးရုံဆေးခန်းအမြန်ဆုံးပြသပြီး လိုအပ်တဲ့ ဓာတ်မှန်၊  သွေး၊ ဆီးစစ်ဆေးခြင်း၊ သက်ဆိုင်ရာဟော်မုန်းပမာဏ စစ်ဆေးခြင်း၊ လိုအပ်ခဲ့ရင် CT  Scan, MRI စတဲ့အသေး စိတ်စစ်ဆေးမှုတွေပြုလုပ်ခြင်းစသဖြင့် လိုအပ်သလို ပြုလုပ်သင့်ပါတယ်။

          ကျူမာဖြစ်တာသိသိချင်း ဘေးကိုမပျံ့ခင် အလုံးလိုက် ခွဲစိတ်ဖယ်ရှားပေးနိုင်ရင် ရောဂါနောက် အလားအလာ (Prognosis)ကောင်းနိုင်ပါတယ်။ လူနာရဲ့အသက်၊ အကျိတ်ရဲ့အရွယ်အစားနဲ့ အမျိုးအစားပေါ်မူတည်ပြီး ခွဲစိတ်ပြီး နောက်ပိုင်းမှာလည်း ဓာတုဆေးနဲ့ကုသခြင်း (Chemotherapy)နဲ့ ဓာတ်ရောင်ခြည်ပြကုသခြင်းတွေပါ ဆက်လက် ပေးနိုင်တဲ့အတွက် ပျောက်ကင်းသက်သာမှုရနိုင်ပါတယ်။ ဒါကြောင့်မို့ စောစီးစွာရောဂါရှာဖွေတွေ့ ရှိဖို့လိုအပ်ပါတယ်။ အသက် 4၊ 5 နှစ် အရွယ်ကလေးလောက်ဆိုရင် တချို့ကလေးတွေက သူတို့ခံစားရတာပြောနိုင်ပေမယ့် အဲဒီအောက်အရွယ်ကလေးတွေနဲ့ နို့စိုကလေးတွေ မှာတော့ ခေါင်းကိုက်တာ၊ ရုပ်၀တၳုတွေကို နှစ်ထပ်မြင်နေတာ စတာတွေ မပြောပြနိုင်တော့ ပြင်ပ လက္ခဏာတွေကို မိဘတွေက သတိထားမိတာနောက်ကျရင် ကုသမှုလည်း နောက်ကျသွားတဲ့အတွက် ရလဒ်မကောင်းနိုင်တော့ပါဘူး။

 

ရောဂါရဲ့အလားအလာမျှော်လင့်နိုင်သူများ

        မက်ဒါလိုဘလတ်စတိုမား (Medulloblastoma) ကျူမာဆိုရင် 2 လ၊ 3 လ ဆက်တိုက် အန်တာ၊ ခေါင်းကိုက်တာနဲ့၊ ပုံမမှန်လှုပ်ရှားမှုတွေနဲ့ပြသပြီး ကုသမှုကောင်းကောင်းရရင် အကျိတ်ရဲ့အမျိုးအစားနဲ့ အနုအရင့် ပေါ်မူတည်ပြီး အသက်ရှင်နှုန်းက 65 ရာခိုင်နှုန်းကနေ 85 ရာခိုင်နှုန်းအထိ ရနိုင်ပါတယ်။ နို့စို့ကလေး (Infant) တွေမှာတော့ ရှင်နှုန်းက 20-27 ရာခိုင်နှုန်း လောက်ပဲရှိနိုင်ပါတယ်။

          ဆယ်ရီဘယ်လာ အက်စထရိုဆိုက်တိုမား (Cerebellar Astrocytoma) အကျိတ်ဆိုရင် ခြေလက်တွေ ပုံမမှန်လှုပ်ရှားမှုနဲ့စပြပြီး နောက်ပိုင်းကျမှ ခေါင်းကိုက်တာ၊ အန်တာတွေနဲ့ လာတတ်တယ်။ စောစီးစွာသာ ခွဲစိတ် ဖယ်ရှားနိုင်ရင် အသက်ရှင်နှုန်း 90-100 ရာခိုင်နှုန်းအထိရှိတော့ အလားအလာအကောင်းဆုံး အမျိုးအစားဖြစ်ပါတယ်။

        ဦးနှောက် စတဲင်းဂလီယိုးမာ (Brain Stem Glioma) အကျိတ်ကတော့ 1 လကနေ 4 လလောက်အထိ မျက်စိအမြင် 2 ထပ်မြင်ခြင်း၊ အာရုံကြောအားနည်းခြင်း (Cranial Nerve Palsy)၊ မျက်နှာတစ်ခြမ်းမလှုပ်ရှားနိုင်ခြင်း၊ အစာရေမျိုရခက်ခဲခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်းတွေပြတတ်တယ်။ သိတာနောက်ကျပြီး ဘေးကိုပျံ့နှံ့နေတဲ့ အမျိုးအစားဖြစ်နေရင် သေဆုံးနှုန်းက 90 ရာခိုင်နှုန်းတောင်ရှိလို့ အလားအလာမကောင်းပါဘူး။

        အက်ပီဒိုင်မိုးမား (Epidymoma) အကျိတ်ဆိုရင် 2 လကနေ 5 လလောက် ဂဏှာမငြိမ်တာ၊ ခေါင်းကိုက်တာ၊ နှစ်ထပ်မြင်တာနဲ့ မျက်နှာတစ်ခြမ်းနဲ့ တစ်ခြမ်းမတူညီတာတွေနဲ့ လက္ခဏာပြတတ်တယ်။ ခွဲစိတ်လို့ရတဲ့ အမျိုးအစားဖြစ်ခဲ့ရင် အသက်ရှင်နှုန်းဟာ 75 ရာခိုင်နှုန်း ကျော်ကျော် ရှိနိုင်ပါတယ်။ ကလေးပေါက်စတွေ တွေ့တတ်တဲ့ တက်ရက်တွိုက်/ ရက်ဒွိုက် (Teratoid/ Rhabdoid) အကျိတ်မှာတော့ ခေါင်းကိုက်/ အန်၊ ခန္ဓာကိုယ်တွေတောင့် တင်းပြီး မျက်နှာကြွက်သားတွေ အားပျော့တာနဲ့ ပြတတ်ပြီး အသက်ရှင်နှုန်းကလည်း 10-20 ရာခိုင်နှုန်းသာရှိလို့ ဖြစ်ခဲ့ရင် အသေများတဲ့ အတွက် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ လက္ခဏာတွေပြခဲ့ရင် စောစီးစွာပြသဖို့ အကြံပြုအပ်ပါတယ်။

 

 

Credit; ဒေါက်တာမြမြချယ် (ကလေးအထူးကုဆရာ၀န်ကြီး)

Health Digest Journal

www.drmyanmar.com