/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကိုယ်ခန္ဓာအတွင်း-သံချေးတက်ခြင်း-သို့-ဓာတ်တိုးခြင်း

ကိုယ်ခန္ဓာအတွင်း သံချေးတက်ခြင်း (သို့) ဓာတ်တိုးခြင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးရဲသွင်

            Antioxidant ကိုမြန်မာလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းဟု ခေါ်ပါတယ်။ Antioxidant တွေဟာ ဆိုရင် ယနေ့ ကမ္ဘာ့အလှကုန်ဈေးကွက်မှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ antioxidant တွေကို အိုမင်းရင့်ရော်မှုကို နှေးကွေးအောင် စွမ်းဆောင်ပေးနိုင်မယ့် anti-aging medicine အဖြစ် အများကယူဆထားလို့ပဲဖြစ်ပါတယ်။ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အကြောင်း မပြောခင် ဓာတ်တိုးခြင်း(oxidation) ဆိုတာဘာလဲဆိုတာ အရင်ရှင်းပြမှ ဆီလျော်မယ် ထင်ပါတယ်။ အချို့ကျန်းမာရေးပညာရှင်များကတော့ (oxidation) ကို ကိုယ်ခန္ဓာတွင်း သံချေးတက်ခြင်းလို့ ခေါ်ပါတယ်။

            တိုးတက်ပြောင်းလဲလာတဲ့ လူမှုဓလေ့ပုံစံ အထူးသဖြင့် မြို.ပြယဉ်ကျေးမှုဟာ ကျွန်တော်တို့ရဲ့ အရေပြား အပါအ၀င် ကိုယ်ခန္ဓာ ကျန်းမာရေးကိုအများကြီး သက်ရောက်မှုရှိပါတယ်။ ယခုဆိုရင် ရန်ကုန်မြို့ဟာ အခြားကမ္ဘာ့မြို့ကြီးများလောက် မဆိုးသေးသော်လည်း ကားပိတ်ဆို့မှုဒဏ်၊ လေထုညစ်ညမ်းမှုဒဏ် တွေကို စတင်ခံစားနေရပါပြီ။ လူတိုင်းလူတိုင်း ဟာ စိတ်ဖိစီးမှုနဲ့ မကင်းနိုင် ကြသလို လှုပ်ရှားမှုနည်းတဲ့ Life Style နဲ့ နေသားကျနေကြပါတယ်။ အကယ်၍သာ သင်ဟာ ဆေးလိပ်သောက်တတ်တဲ့သူ၊ အရက်နည်းနည်းပါးပါး သောက်တတ်တဲ့သူသာဆိုရင် ပိုဆိုးပြီပေါ့ ။ အစားအစာဘက်ကြည့်ရင်လဲ ဟင်းသီးဟင်းရွက်၊ အသီးအနှံကအစ ဟိုတယ်ထမင်းစားပွဲ ပေါ်က ဟင်းလျာအထိ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ဆိုးဆေး အစရှိတဲ့ ဓာတုဗေဒပစ္စည်း လွတ်ကင်းတဲ့အရာ မရှိသလောက် ဖြစ်နေပါတယ်။ ဒါတွေအပြင် အိုဆုံးလွှာပါးပြီး ပူနွေးနေပါတယ်ဆိုတဲ့ ကမ္ဘာကြီးမှာနေထိုင်တဲ့ ကျွန်တော်တို့အဖို့ နေရောင်ခြည် UV အလင်းတန်းတွေရဲ့ဒဏ်ကို မလွဲမသွေခံနေရပါတယ်။ အထက်ဖော်ပြပါအချက်တွေအားလုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဓာတ်တိုးခြင်းဖြစ်စဉ် (oxidation) ကိုဖြစ်ပေါ်စေပါတယ်။

            ဓာတ်တိုးခြင်းဖြစ်စဉ်ကြောင့်ခန္ဓာကိုယ်တွင်းအင်္ဂါတွေကို ဘယ်လိုထိခိုက်သလဲဆိုတာ အနည်းငယ် ပြောပြလိုပါတယ်။ ဥပမာဆိုသော် ဆေးလိပ်သောက်ခြင်းကြောင့် ပထမဆုံး Free radicals (oxidants) တွေဖြစ်ပေါ်စေပါတယ်။ အဲဒီ Free radicals (oxidants) တွေဟာ ခန္ဓာကိုယ်တွင်း မည်သည့်အစိတ်အပိုင်း ကိုမဆို ဓာတ်တိုးခြင်းအားဖြင့် တိုက်ခိုက်ပါတယ်။ အကယ်၍ နှလုံးသွေးကြောကို တိုက်ခိုက်ပါက နှလုံးသွေးကြောရဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့သတ္တိကို ထိခိုက်ပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ဖြစ်စေပါ တယ်။ ထိုနည်းတူစွာ အရေပြားမှာရှိတဲ့ သွေးကြော၊ ကိုလာဂျင် အမျှင် (collagen fibers) ၊ အရေပြား ဆဲလ်တွေရဲ့ DNA တွေကို တိုက်ခိုက်ပါတယ်။နောက်ဆက်တွဲရလဒ်အနေဖြင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း ( pre-mature aging ) ကို ဖြစ်ပေါ်စေပါတယ်။ ဆိုလိုတာက ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးအကြောင်းပေါ်လာမယ်၊ အသားတွေတွဲလာမယ်၊ ဆံပင်တွေပါးလာမယ်လို့ ပြောချင်တာပါ။

            Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) များက free radicals တွေရဲ့ ဓာတ်တိုးတိုက်ခိုက်ခြင်းမှ တားဆီးပေးပါတယ်။ ဒါကြောင့် Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေကို မှီ၀ဲဖို့ လိုအပ်လာပါတယ်။ Antioxidant အမျိုးအစားသုံးမိျုး ရှိ်ပါတယ်။ ပထမအမျိုးအစား ကတော့ enzymetic antioxidant ( Superoxide dismutase, Glutathione peroxidase, Catalase) တို့ဖြစ်ပြီး ခန္ဓာကိုယ်က သဘာ၀ အလျောက် ထုတ်ပေးပါတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာတော့ ခန္ဓာကိုယ်က အလုံအလောက်မထုတ်ပေးနိုင်တော့ပဲ free radicals (oxidants) တွေ စုပုံလာပါတော့တယ် ။ ဒုတိယ နှင့်တတိယ အမျိုးအစားကတော့ခန္ဓာကိုယ်က ထုတ်ပေးနိုင်ခြင်းမရှိပဲ အစားအသောက်ကသာ ရရှိနိုင်တာပါ။ ဒုတိယအမျိုးအစားတွင် ဗီတာမင် အေ၊ စီ ၊ အီး ( Vitamin A, C, E ) နှင့် Co- enzyme Q 10 တို့ပါ၀င်ပြီး Vitamin antioxidant များအဖြစ် လူသိများပါတယ်။ တတိယအမျိုးအစားကတော့ Flavonoid လို့ခေါ်တဲ့ Plant antioxidant အမျိုးအစားဖြစ်ပြီး လက်ဖက်စိမ်း၊ ၀ိုင် ၊ ပဲနို့ို့တွင်အများဆုံးပါရှိပါတယ်။ ယေဘုယျအားဖြင့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်များတွင် Antioxidant များစွာပါ၀င်သောကြောင့် နေ့စဥ ်ပုံမှန်စားသုံးသင့်ပါတယ်။ အခုဆိုရင် Bio-engineering နဲ့ Nano- technology တို့ရဲ ့ နည်းပညာတိုးတက်မှု အထောက်အပံ့ဖြင့် Anti-oxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) များကို သောက်ဆေး၊ လိမ်းဆေးများအဖြစ် အလွယ်တကူ ၀ယ်ယူသုံးစွဲလို့ရနေပြီ ဖြစ်ပါတယ်။

 

Dr. ဦးရဲသွင်

Clinique de Skin

www.drmyanmar.com