/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကိုယ်၀န်ဆောင်တိုင်း-သိထားရမယ့်-ကာကွယ်ဆေးများ

ကိုယ်၀န်ဆောင်တိုင်း သိထားရမယ့် ကာကွယ်ဆေးများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ယနေ့ကမ်ဘာပေါ်မှာ သားဖွားနှင့် မီးယပ်အထူးကုဆရာ၀န်များက အမျိုးသမီးတွေကို အချိန်မှန်မှန် ကာကွယ် ဆေးထိုးကြရန် တိုက်တွန်းနှိုးဆော်ရာမှာတော့ ထူးခြားတဲ့ အနေအထားရှိလာပါပြီ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အိုဂျီတွေ၊ သူနာပြုဆရာမတွေနှင့် သားဖွားဆရာမတွေရဲ့ အခန်းကဏ္႑ဟာ ကာကွယ်ဆေးထိုးစီမံချက်အကောင် အထည်ဖော်ရာမှာ ပို၍သိသာထင်ရှားလာပါတယ်။ ကမ်ဘာ့နိုင်ငံအသီးသီးတွင် အထူးသဖြင့် ကိုယ်၀န်ဆောင်နေစဉ်နှင့် ကလေးမွေးဖွားပြီးနောက် အချို့သော ကာကွယ်ဆေးများအား ထိုးပေးနိုင်ကြောင်း ထောက်ခံအားပေးလာကြပါတယ်။

-   ကိုယ်၀န်တစ်ကြိမ်ဆောင်တိုင်း ထိုးပေးဖို့ ထောက်ခံအားပေးတဲ့ ကာကွယ်ဆေးများကို မိခင်လောင်းတိုင်း သိထားသင့်ပါတယ်။ အဲဒါတွေကတော့ အောက်ပါအတိုင်းဖြစ်တယ် -

(1)  တုပ်ကွေးကာကွယ်ဆေး

      လွန်ခဲ့သော အနှစ် 40 ကျော်ကျော်တုန်းက တုပ်ကွေးဆိုတာတစ်ရက်ဖျားပြီး နောက်နေ့ကောင်းသွား တာပဲလို့ ယူဆခဲ့ကြပေမယ့် ယခုအခါမှာတော့ ပြင်းထန်ဆိုးဝါးတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် တုပ်ကွေးဆိုတိုင်း လန့်နေရ မြဲပါပဲ။ ကျန်းမာတဲ့သူတစ်ဦးတောင် တုပ်ကွေးဖြစ်မှာ ကြောက်နေရတဲ့အချိန်မှာ ကိုယ်၀န်ဆောင်နေရတဲ့ အမျိုးသမီးတွေအတွက် အထူးပင်ပန်းခက်ခဲမှာ ဖြစ်ပါတယ်။ ကိုယ်၀န်ဆောင်မိခင်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးထားပြီးပြီဆိုရင် မွေးကင်းစကလေးငယ်မှာလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးစေပါတယ်။

 

-   ဘယ်အချိန်တုပ်ကွေးကာကွယ်ဆေး ထိုးဖို့ အကောင်းဆုံးလဲ

       ကိုယ်၀န်ဆောင်ပြီဆိုတာ သိတာနဲ့စထိုးပါ။ စောစောထိုးလေ ကောင်းလေပါပဲ။

 

(2)  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး (DPT)

      ကိုယ်၀န်ဆောင်မိခင်အနေဖြင့် ကိုယ်၀န် 27 ပတ်မှ 36 ပတ်အကြားမှာ ဆုံဆို့၊ ကြက်ညှာနှင့် မေးခိုင် ကာကွယ်ဆေး ထိုးထားရင် ပိုကောင်းပါတယ်တဲ့။ ကလေးငယ်လေးအတွက် ကြက်ညှာချောင်းဆိုး ကာကွယ်ထားခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

 

(3)  ၀က်သက်၊ ပါးချိတ်ရောင်ရောဂါနှင့် ဂျိုက်သိုးကာကွယ်ဆေး (MMR)

      တစ်ကြိမ်တစ်ခါမျှ ၀က်သက်မပေါက်ဖူးသေးဘူး သို့မဟုတ် ပါးချိတ်မရောင်ဖူးသူ သို့မဟုတ် ဂျိုက်သိုးမပေါက် ဖူးသေးသူ မိခင်လောင်း ကိုယ်၀န်ဆောင်ဖြစ်ပါက ထိုကိုယ်၀န်ဆောင်မှာ ၀က်သက်၊ ပါးချိတ်နှင့် ဂျိုက်သိုးဗိုင်းရပ်စ် ပိုးကိုခုခံနိုင်စွမ်း ရှိမှာမဟုတ်ပါ။ မျိုးပွားနိုင်တဲ့ အရွယ်ရှိသူ အမျိုးသမီးတိုင်းအတွက် ဂျိုက်သိုးရောဂါအား ခုခံနိုင်ဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်၀န်ဆောင်နေစဉ် ထိုပိုးတစ်မျိုးမျိုး ကူးစက်ခံရပါက သားပျက် သားလျှော့ခြင်းနှင့် ပြင်းထန်ဆိုးဝါးသော မွေးရာပါ မူမမှန်ရောဂါတစ်မျိုးမျိုး ပါရှိလာနိုင်သလို၊ ကလေးအသေမွေးတာလည်း ဖြစ်နိုင်ပါတယ်။

 

(4)  ရေကျောက်ခေါ် ပဲသီတာ ကာကွယ်ဆေး (Varicella Vaccine)

      အထူးသတိထားရန်မှာ - အထက်မှာဖော်ပြခဲ့တဲ့ MMR နှင့် ပဲသီတာကာကွယ်ဆေးတို့ဟာ ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေးထဲမှာ ပိုးမသေအောင်၊ ဒါပေမယ့် အားလည်းမရှိအောင်လုပ်ထားတဲ့ ပိုးအရှင်ကို ထည့်သွင်းဖော်စပ် ထုတ်လုပ်ပေးထားတာဖြစ်တာမို့ ကိုယ်၀န်ဆောင်နေစဉ် အများအားဖြင့် ကာကွယ်ဆေးအနေဖြင့် ထိုးပေးလေ့မရှိပါ။ သို့သော် ကိုယ်၀န်ဆောင်နေတာမသိဘဲ မတော်တဆထိုးမိပါက သားပျက်သားလျှောမယ်လို့ပြောခြင်း မဟုတ်ပါဘူးတဲ့။ စစ်တမ်းကောက်ထားခဲ့တဲ့ အချက်အလက်များစွာအရ သနေ္ဓသားအား ထိခိုက်အန္တရာယ်ပေးနိုင်သော အချက်များမတွေ့ခဲ့ဘူးလို့ သိရပါတယ်။

       အခြားသော ကာကွယ်ဆေးအမျိုးမျိုးကိုလည်း ရောဂါပိုးအချို့အား ထိတွေ့နိုင်ခြေရှိတဲ့ အမျိုးသမီးများ အတွက် ကာကွယ်ထားရန် လိုတယ်လို့သိရပါတယ်။ (ဥပမာ - နမိုးနီးယားဖြစ်စေတဲ့ ဗက်တီးရီးယားပိုးများ၊ ဦးနှောက်ရောင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားပိုးများ) အဲဒီပိုးတွေက တချို့သော နိုင်ငံတွေမှာ အမြဲကူးစက်ခံရတတ်တဲ့ နေရာဒေသတွေဖြစ်နေတာမို့ကာကွယ်ဆေးထိုးပြီးမှ ခရီးသွားလာရတာမျိုးရှိတဲ့အတွက် ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေလည်း ပေါ်ထွက်ပြီးဖြစ်တာမို့ (ဥပမာ - Yellow Fever ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရာင်ကာကွယ်ဆေးနှင့် တိုက်ဖွိုက် အူရောင်ငန်းဖျားကာကွယ်ဆေး)၊ ကျန်းမာနေကောင်းစဉ် ထိုနိုင်ငံများသို့ ခရီးထွက်ရမယ် သို့မဟုတ် သွားရောက်နေထိုင်ရမယ်ဆိုရင် မိန်းကလေးများနှင့် အပျိုများအတွက် ကြိုတင်ကာကွယ်ဆေးထိုးပြီးမှသာ သွားရောက်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal

No.29