ကြမ်းပိုးကိုက်လျှင်
စင်ကာပူမှာ ကြမ်းပိုးတွေသောင်းကျန်းလှတယ်လို့ နာမည်ကြီးနေတာကြာပါပြီ။ ကြမ်းပိုးဆိုတာ နီညိုရောင် အင်းဆက်ပိုးငယ်လေးတွေဖြစ်ပြီး ညအိပ်ချိန်မှာ လူ့ထံမှသွေးကို အစာအဖြစ် စုပ်ယူထားပါတယ်။ သူတို့လေးတွေ ခိုအောင်းလေ့ရှိတဲ့နေရာတွေကတော့ မွေ့ရာအခေါက်တွေကြား၊ အိမ်ထောင်ပရိဘောဂများ၊ ကုလားထိုင်အကြားတွေ၊ အစပ်တွေမှာနှင့် သစ်သားပြားတွေရဲ့အောက်တွေစတဲ့ အစပ်အကြားတွေရဲ့အောက်တွေစတဲ့ အစပ်အကြားတွေမှာ ဖြစ်တယ်။ များလာရင် စောင်၊ ခြင်ထောင်ထောင့်တွေထဲလည်း တွေ့ရမှာဖြစ်သလို သူတို့စုပ်တဲ့သွေးနဲ့ စွန့်ပစ်တဲ့အညစ်အကြေးတွေကိုလည်း အိပ်ရာ၊ စောင်၊ ခြင်ထောင်တို့မှာ စိတ်ရှုပ်ထွေးစရာတွေ့ရမှာဖြစ်တယ်။ လူ့ထံမှ သွေးစုပ်ယူတဲ့အခါ သူတို့တံတွေးထဲမှာ ထုံဆေးကဲ့သို့သော ပစ္စည်းပါတဲ့အတွက်လူ့အရေပြားကို ထုံသွားပြီး စုပ်ယူနိုင်လို့ လူကမနာလိုက်တော့ ကြမ်းပိုးကိုက်နေမှန်း မသိလိုက်ပါဘုး။ ဒါပေမယ့် အဲဒီကြမ်းပိုးရဲ့ တံတွေးထဲမှာ သွေးမခဲစေတဲ့ (သွေးကျဲစေတဲ့)ပစ္စည်းတစ်မျိုးပါ၀င်ပြီး ၎င်းဓာတ်က လူ့အရေပြားကို ဓာတ်မတည့် ဖြစ်စေတဲ့အတွက် ကြမ်းပိုးကိုက်ပြီးရင် အဖုအပိမ့်ကြီး ထွက်လာတော့တာပေါ့။ ထိုဓာတ်မတည့်မှုက ပုဂ္ဂိုလ်တစ်ဦး ချင်းဆိုင်ရာခုခံတုံ့ပြန်မှုကဲ့သို့သော အချက်အလက်များစွာပေါ်မူတည်၍ အသေးအဖွဲ့ သို့မဟုတ် ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တယ်။
အရေပြားယားယံခြင်း၊ အနီရောင်ဖုထလာခြင်း သို့မဟုတ် မီးလောင်ဖုလို ထလာတတ်ပါတယ်။ မျက်နှာ၊ လည်ပင်း၊ ကုတ်သား၊ လက်တွေ၊ ခြေထောက်တွေစတဲ့ ကြမ်းပိုးအကိုက်ခံရတဲ့နေရာတွေမှာ ပေါ်လာတတ်ပါတယ်။ ကြမ်းပိုးအကိုက်ခံရတဲ့နေရာတွေများလာရင် ဆိုးဝါးလာပါက တစ်ကိုယ်လုံးဖုတွေချည်းတွေ့ရတတ်ပါတယ်။ ယားလို့ကုတ်၊ ကုတ်တော့ အရေပြားကိုခြစ်မိပြီး သွေးတောင်ထွက်တတ်တယ်။ အနာပျောက်သွားတာတောင် အမာရွတ်မဲမဲလေးတွေအဖြစ် ကျန်ရစ်ခဲ့ပါတယ်။ လက်သည်းနဲ့ကုတ်လို့အရေပြားတွေပြဲလန်လာတဲ့အခါ မသန့်ရှင်းမှုကြောင့် ပိုး၀င်တတ်ပါသေးတယ်။ တစ်ခါတစ်ရံ အနာကျက်ရန် အတော်စောင့်ရပါတယ်။ အဲဒီလိုရက်ကြာလာရင်တော့ အရေပြားဆရာ၀န်ဆီ သွားရတော့တာပါပဲ။ နယ်ဒေသတွေမှာတော့ လေကောင်းလေသန့်ရ၊ နေရာကလည်း ကျယ်ကျယ်၀န်း၀န်းရှိတော့ နေပူထဲမှာ ကုတင်ပျဉ်ချပ်တွေ၊ စောင်၊ ခြင်ထောင်တွေ၊ ကုလားထိုင်တွေကို တစ်နေ ကုန်ထုတ်လှမ်းလေ့ရှိတယ်။ နေတအားပူရင် ကြမ်းပိုးတွေလည်း တရွရွထွက်ပြေးကြတာပဲ။ ဒါပေမယ့် အရိပ်ရှိတဲ့ အိမ်ထဲပြန်၀င်ခိုတော့တာပါပဲ။ ဒါနဲ့ သံသရာမဆုံးနိုင်ပေါ့။
ဆရာ၀န်ဆီ ဆေးခန်းသွားပြရင်ဆရာ၀န်က ခရင်မ်လိမ်းဆေးတွေ၊ အယားပျောက်ဆေး၊ စားဆေးတွေနဲ့ အခြားအရေပြားအတွက် လိုတဲ့ဆေးဝါးတွေပေးကြပါတယ်။ ပဋီဇီ၀လိမ်းဆေး သို့မဟုတ် သောက်ဆေးတွေလည်း အရေပြားကူးစက်ပိုးအတွက် လိမ်းကြ သို့မဟုတ် သောက်ကြရပါသေးတယ်။
အကောင်းဆုံးကတော့ ကြမ်းပိုးအကိုက်ခံရရင် မကုတ်လိုက်ပါနဲ့။ ခပ်ဖွဖွလေး ပွတ်သပ်ပေးရုံအယားဖြေလိုက်ပါ။ အဲဒီလိုမကုတ်မခြစ်ဘဲအောင့်နေလိုက်ခြင်းက အရေပြားမှာအမာရွတ်ဖြစ်တာတို့ အမဲအစက်အပြောက်တွေ ထင်ကျန်ရစ်ခဲ့တာတို့ကို ကြိုတင်ကာကွယ်လိုက်တာပါပဲ။ ဒီ့ပြင် အမာရွတ်အဖြစ် ကျန်ရစ်တာလည်း နည်းပါးစေတယ်။
အကယ်၍ အမဲအစက်အပြောက်တွေ ကျန်ရစ်ခဲ့တယ်ဆိုရင်တော့ ဘာတွေလိမ်းပေးသင့်သလဲဆိုရင် Sun Screen တို့၊ အသားဖြူဆေးပါတဲ့ခရင်မ်တွေ (အထူးသဖြင့် hydroquinone ဟိုက်ဒြိုကွီနုန်းလို tretinoin ထရက်တီနုန်းပါတဲ့ခရင်မ်များ) လိမ်းပေးနိုင်ပါတယ်လို့ အရေပြားဆရာ၀န်တွေက အကြံပြုပေးခဲ့ပါတယ်။ ဒီ့ပြင် လေဆာရောင်ခြည်နဲ့ အစက်အပြောက်တွေကို ပျောက်အောင်ဖျောက်လို့ရပါတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ အမှန်တော့ ကြာကြာစောင့်ပေးနိုင်ရင် အမာရွတ်တွေက သူ့ဘာသာသူ အလိုလိုမှေးမှိန်သွားမှာပါ။ ဒါလည်း ငွေမကုန်၊ ဓာတုပစ္စည်းမလိုတဲ့အချိန်ဆိုတဲ့ သဘာ၀ကုထုံးတစ်ခုပါပဲလို့ မှတ်ယူနိုင်ပါတယ်။
အမှန်တော့ ကြမ်းပိုးကိုက်လို့လူ့တစ်ကိုယ်လုံး ယားယံပြီး အနာတွေဖြစ်၊ ဒဏ်ရာတွေကျန်၊ အမာရွတ်တွေ ဖြစ်တာကိုမဖြစ်ပွားမခံစားနိုင်ရင်တော့ အင်းဆက်သတ္တဝါတွေကို နှိမ်နင်းပေးမယ့် ပိုးသတ်ဆေးဝါးများနဲ့ ကြမ်းပိုး ဘယ်လိုသုတ်သင်ရမလဲဆိုတာ ပိုးသတ်ဆေးကုမ္ပဏီက ၀န်ထမ်းတွေနဲ့ တိုက်ရိိုက်ဆွေးနွေးပြီး အကူအညီတောင်းကာ ကြမ်းပိုးတည်းဟူသော သတ္တဝါလေးတွေကို နှိမ်နင်းနိုင်ပါတယ်။
Credit; ဒေါက်တာရည်ညွှန့်မေ
Health Digest Journal





























