ကြီးထွာဖွံ့ဖြိုးစေသော ဟော်မုန်း
ဒီဃ ။ ။ ကိုဇီ၀ရေ၊ ကျွန်တော့်မြေးလေးခုဆိုရင် အသက်နှစ်လပြည့်တော့မယ်ဗျ။ ကျွန်တော်တို့ အပါအ၀င်ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ သဘာ၀နည်းနဲ့ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ကြီးထွားဖွံ့ဖြိုးနေအောင် ဘာတွေလုပ်သင့်လဲဗျ။ အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက် အရွယ်တွေအတွက်ပေါ့ဗျာ
ဇီ၀ ။ ။ လူ့ဦးနှောက်ထဲမှာ ပီကျူထရီလို့ခေါ်တဲ့ ဂလင်းလေးတစ်ခု သဘာ၀အားဖြင့်ရှိတယ်ဗျ။ အဲဒီပီကျူထရီဂလင်းက ထုတ်ပေးတဲ့ Human Growth Hormone (HGH) ဆိုတဲ့ အရေးကြီးတဲ့ ဟော်မုန်းတစ်မျိုးရှိတယ်။ ကျွန်တော်တို့ရဲ့ ကြွက်သားတွေ ကြီးထွားသန်မာဖို့၊ ကိုယ်ကာယလေ့ကျင့်ခန်းတွေ၊ ပြေးလွှား၊ ခုန်ပေါက်စတဲ့ လှုပ်ရှားမှုတွေလုပ်နိုင်ဖို့၊ မတော်တဆ ထိခိုက်ဒဏ်ရာရရင် ပြန်လည်ပြုပြင်ပေးတာနဲ့ ပြန်လည်နာလန်ထလာအောင် လုပ်ပေးတာအပြင် ဇီ၀ရုပ်ဖြစ်ပျက်မှု စတဲ့ နေ့စဉ်အရေးပါတဲ့ လုပ်ငန်းတွေကို အဲဒီ HGH ဟော်မုန်းက ကူညီပေးနေတာဗျ။ နောက်ပြီးရောဂါ ဘယတွေ ဖြစ်လာရင်လည်း ပြန်ကောင်းလာအောင် သူက ကူညီပေးသေးတယ်။
ဒီဃ ။ ။ သြော် - ဟုတ်လား၊ Human Growth Hormone ကို လူကြီးထွားစေတဲ့ ဟော်မုန်းလို့သာကြားဖူးတာ၊ အခု ကိုဇီ၀ ပြောမှအတော့်ကို အရေးကြီးမှန်းသိတာဗျ။ ဆက်ပါဦးဗျာ။
ဇီ၀ ။ ။ အဲဒီအချက်တွေတ်င ဘယ်ကမလဲဗျာ၊ HGH ဟော်မုန်းက ကလေးငယ်တွေ ခန္ဓာကိုယ်ကြီးထွားဖွ့ံဖြိုးခြင်း မြန်ဆန် လာအောင်၊ ခန္ဓာကိုယ် ပေါင်းစပ်ဖွဲ့စည်းမှု အထားအသို အချင်းကျင်း၊ အကွေ့အကောက်လှပအောင်၊ ဥပမာဗျာ - မော်ဒယ်လ် တွေကြည့်ပါလား၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ် အချိုးအစားလှပကျနပြီး ကြည့်လိုက်တိုင်း စမတ်ကျနေတာ၊ လူတကာက အားကျအတုယူငေးကြည့်နေရအောင် ကြီးထွားဖွ့ံဖြိုးတာ တွေ့တယ်မဟုတ်လား။ ဒါ့အပြင် အားကစားသမားတွေဆိုရင်လည်း HGH ပမာဏ လုံလောက်တဲ့သူတွေရဲ့ လျင်မြန်ဖျတ်လတ်မှုတွေ တီဗီမှာအံ့မခန်း မြင်ကြရတယ်မဟုတ်လား။ ကမ်ဘာကျော် ဘောလုံးသမားတွေ၊ အားကစားသမားတွေကြည့်ပါလား။ အဲ . . . HGH ပမာဏ သိပ်နည်းရင်တော့ ခုနင်ကပြောတဲ့ ဘ၀အရည်အသွေး (quality of life) လည်း မကောင်းဘူးဗျ၊ ဒါကြောင့် HGH ဟော်မုန်းပမာဏကောင်းဖို့ အရေးကြီးတာပါ။
ဒီဃ ။ ။ ဟုတ်ပြီ၊ အဲဒီ လူကြီးထွားဖွ့ံဖြိုးစေတဲ့ HGH ဟော်မုန်းပမာဏလုံလောက်ကောင်းမွန်အောင် လုပ်တဲ့နည်းရှိရင် ပြောပြပါလား။
ဇီ၀ ။ ။ ဒါက ကိုယ်စားတဲ့ အစားအစာတွေနဲ့ဆိုင်တယ်တဲ့၊ အစားအစာစားခြင်းမှာ နည်းအမျိုးမျိုးကွဲတယ်ဗျ၊ ဘာလဲဆိုတော့ တချို့က အစားကြီးတယ်။ များများစားတာပေါ့။ တချို့က အစားနည်းတယ်။ သိပ်မစားတတ်ဘူး။ အဲဒီနေရာမှာ မကွာဘူးလား။ များများစားတတတ်သလို ခဏခစ ပါးစပ်ထဲအစားတွေထည့်ပေးတဲ့အကျင့်ရှိတာ HGH ဟော်မုန်းပမာဏအထွက် နည်းစေသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ အင်ဆူလင်ဟော်မုန်းက သွေးတွင်း ဂလူးကို့စ်ဓာတ်ကိုထိန်းရတဲ့ ဟော်မုန်းဆိုတော့ မကြာခဏစားတိုင်း ထုတ်ပေးရတော့ ကြာရင် ရလဒ်မကောင်းတော့ဘူး၊ ကမောက်ကမဖြစ်တယ်။ ထို့အတူ HGH ဟော်မုန်း ထုတ်လုပ်ရာမှာလည်း သဘာ၀အားဖြင့် ဟန့်တားတော့ အထွက်နည်းစေပြန်တာပေါ့။ အစားသိပ်မစားတတ်ဘူး၊ စားရင်လည်း ကယ်လိုရီနည်းပါးတဲ့ အစားအစာမျိုးကိုပဲ ရွေးချယ်စားတတ်သလို သင့်တင့်မျှတအောင် စားတယ်၊ ကြာကြာ အဆာခံနေနိုင်တဲ့ လူတွေမှာ HGH ဟော်မုန်းအထွက်များသဗျ၊ အလုပ်အရမ်းများလို့ ဒါမှမဟုတ် လေ့ကျင့်ခန်းဆင်းတာ အချိန်ကြာကြာလေး ဆင်းရတဲ့ အားကစားသမားတွေဆို တစ်နေကုန်လှုပ်ရှား ထမင်းမေ့၊ ဟင်းမေ့ လေ့ကျင့်ချိန်ကြာကြာလုပ်ရတော့ (ဥပမာ 8 နာရီ လောက် ဘာမှအစာမစားဘဲနေတယ်ဆိုပါစို့။ ဒါမှမဟုတ် တစ်နေ့ နံနက်စာ၊ နေ့လယ်စာ၊ ညစာ 3 ကြိမ်လောက်စားမယ်၊ တစ်ကြိမ်နဲ့တစ်ကြိမ် နာရီအတော်လေးမစားဘဲခြားနိုင်လေ ကောင်းလေတဲ့ဗျ) အဲဒီလိုလူတွေမှာ စားထားတဲ့ အစာကလည်း ကယ်လိုရီနည်း၊ မစားတဲ့ အချိန်ကလည်းကြာတော့ HGH တွေ 300 ရာခိုင်နှုန်းတောင်ထွက်သတဲ့။
ဒီဃ ။ ။ ဥပုသပ်စောင့်လို့ အစာများများမစားဖြစ်ဘူး၊ စားတဲ့အစားအစာတွေကလည်း အမျှင်ဓာတ်လိုဟာမျိုးဆိုရင် ဥပမာ 500 သို့မဟုတ် 600 ကယ်လိုရီပဲရှိရင် HGH တွေ တက်မှာပေါ့နော်။ ဒီဝါတွင်းဥပုသ်စောင့်ဦးမှ၊ ခင်ဗျားပြောသလို HGH တက်လာအောင် လေ၊ အမှန်က ဥပုသ်စောင့်တာဟာလည်း လူတွေကို အစားအများကြီးမစားမိအောင် စောင့်ထိန်းစေတာပဲ၊ အစားလောဘကြောင့် ရောဂါတွေဖြစ်ကြရတာ မဟုတ်လား
ဇီ၀ ။ ။ ကိုဒီဃပြောတာ မှန်တယ်ဗျ၊ မကြာခဏ ဥပုသ်စောင့်သလို ကိုယ့်စိတ်ကို ကိုယ်ထိန်းဖို့လိုတာပါပဲ။ HGH ဟော်မုန်းက Feasting လုပ်လေ ပိုထွက်လေတဲ့ဗျ။ သဘောက သိပ်မစားဘဲ ကြာကြာအဆာခံနိုင်ရင် ကိုယ့်လုပ်ဆောင်ချက်တွေ ပိုကောင်းပိုလျင်မြန်စေသတဲ့။ ဒါကြောင့် စာမေးပွဲနားနီးရင် ထမင်းအစမစားနဲ့လို့ ပြောကြတာပေါ့။ စားမိရင်ငိုက်လာတာမျိုး ရှိတယ်မဟုတ်လား၊ တစ်ခါအလုပ်ထဲသိပ်စိတ်၀င်စားမိရင် ထမင်းမေ့။ ဟင်းမေ့ မဆာဘဲ အလုပ်ပြီးအောင်လုပ်နိုင်တာတွေ ရှိခဲ့ဖူးကြတယ်မဟုတ်လား။
ဒီဃ ။ ။ ဟုတ်တယ်ဗျ၊ လူဟာအလုပ်ထဲ စိတ်၀င်စားနေရင် ဘယ်အလုပ်မဆို စာကျက်တာဖြစ်စေ၊ အားကစားပြိုင်နေတာ ဖြစ်စေ ဘာမျှမစားဘဲ အစားလည်းမေ့၊ ကိုယ့်အလုပ်ပြီးအောင် ရှိသမျှ အစွမ်းကုန်လုပ်လေ့ရှိတာပဲဗျ၊ ဒါကြောင့်ကိုး HGH ဟော်မုန်းက လူတွေကို အစွမ်းအစတွေ ပြသနိုင်အောင်လုပ်ပေးကြတာကိုး။ ဟုတ်ပြီ ကျွန်တော်တို့ဟာ အမှုမဲ့အမှတ်မဲ့ နေထိုင် စားသောက်မိကြလို့သာ ရောဂါတွေရ၊ စွမ်းရည်ကျ၊ ဘ၀အရည်အသွေးမကောင်းတဲ့ ပြဿနာတွေဖြစ်လာ ရတာကိုး
ဇီ၀ ။ ။ ဒါကြောင့် အချိန်မှန်မှန်စားသောက်ခြင်းနဲ့ ကိုယ်ကာယမှန်မှန်ပြုလုပ်ခြင်းဟာ ခန္ဓာကိုယ်ကြီးအတွက် ဟော်မုန်း ထွက်တာတွေလည်း အခြေအနေကောင်းတယ်ဗျ၊ နောက်တစ်ချက်က ဗိုက်မထွက်စေနဲ့တဲ့ဗျ။ ဗိုက်ပူလာရင် အဆီစုလာတာပဲ မဟုတ်လား။
ဒီဃ ။ ။ လူ၀လာရင် ဗိုက်နေရာတင်မကဘူး၊ လက်မောင်း၊ ပေါင်နဲ့ ခါး၊ တင်ပါး အကုန်အဆီစုလာတာပါပဲဗျာ
ဇီ၀ ။ ။ အဲဒီ Body Fat ခန္ဓာကိုယ်အဆီများများရှိလေ HGH ဟော်မုန်းထွက်တာကို တိုက်ရိုက်ဒုက္ခပေးလေပဲဗျ။ HGH ဟော်မုန်းအထွက် ကမောက်ကမဖြစ်ပြီး ရောဂါဘယတွေဖြစ်စေတာပေါ့။
ဒီဃ ။ ။ ယောကျာ်းတွေနဲ့ မိန်းမတွေမှာ ဘယ်သူက ပိုဆိုးလဲဗျ
ဇီ၀ ။ ။ ဆိုးတာကတော့ အတူတူပဲ။ ဗိုက်အဆီက အဆိုးဆုံးပဲ။ ဗိုက်စူလေရောဂါဘယ ဖြစ်နှုန်းပိုများလေတဲ့။ ဗိုက်အဆီချနိုင်လေ HGH ပုံမှန်အထိပြန်ကောင်းလေပဲ။ ဗိုက်အဆီအပြင် ခန္ဓာကိုယ်တစ်ခုလုံး အဆီမရှိ အသားကျစ်လေ HGH ပိုကောင်းလေဗျ။ အရမ်း၀တဲ့လူတွေမှာ HGH ဟော်မုန်းနည်းသတဲ့။ အဲ . . . ၀ိတ်ချလိုက်လို့ သိသိသာသာ ၀ိတ်ကျလာရင် နေ့လို့ထိုင်လို့ ပေါ့ပါးကောင်းမွန်လာသလို HGH ပုံမှန်ပြန်တက်လာသတဲ့။
ဒီဃ ။ ။ အေးဗျာ၊ ဗိုက်စူ၊ ပေါင်တုတ်၊ တင်ပါးကားရင် နေရထိုင်ရတာလည်း မကောင်းပါဘူးဗျာ။ ကြာတော့ရောဂါဖြစ်လာကြ တာလည်း မပြောနဲ့၊ အေးဗျာ ရေခဲသေတ္တာခဏခဏ မဖွင့်မိအောင် စိတ်ထိန်းဦးမှ၊ မုန့်တွေလည်း အပို၀ု်မထားတော့ဘူး၊ အချို့ကတော့ ငယ်ငယ်ကတည်းက ကြိုက်တာဗျ။
ဇီ၀ ။ ။ “ငယ်ငယ်ကတည်းက” ဆိုတဲ့ အစွဲအလမ်းလည်း ဖျောက်ဖို့လိုတယ်ဗျ။ သကြား၊ အချို၊ ကစီဓာတ်ဟာ စွမ်းအင် တော့ ချက်ချင်းရစေတာပေါ့။ သို့ပေမယ့် လိုအပ်တာထက်ပိုများများစားမိရင် အင်ဆူလင် ကမောက်ကမဖြစ်စေတယ်။ အင်ဆူလင် အထွက်များရင် HGH အထွက်နည်းစေတယ်ဗျ။ ဒါကြောင့် သကြားနဲ့ချိုလွန်းတဲ့ အစားအစာတွေဖြစ်နိုင်ရင်လျှော့ချ ပါ။ သိပ်မစားသင့်ဘူး။ ဒါလည်း မကြာခဏ ဆွေးနွေးပြီးပါပြီ။
ဒီဃ ။ ။ ဟုတ်တယ်နော်၊ ဒီခေတ်မှာ နူးညံ့စားချင်စဖွယ်ဖြစ်အောင် ဖုတ်ထားတဲ့မုန့်တွေ အရမ်းများလာတယ်။ မုန့်ဆိုင် တစ်ဆိုင်၀င်ကြည့်မိရင် စားချင်စဖွယ်ပြင်ဆင် ရောင်းချနေကြတော့ ကလေးနဲ့လူငယ်တွေအလွယ်တကူ ၀ယ်ယူစားသုံးနေကြတာ အလကားစားရတဲ့အတိုင်းပဲနော်။ ဘယ်လိုပညာပေးပေး အမြင်အာရုံက လှနေတာကိုး
ဇီ၀ ။ ။ ဒါပေမယ့်ဗျာ ခဏခဏစားရင် ရောဂါတွေ ဖြစ်လာတတ်ကြောင်း သူတို့ကို အသိပညာပေးထားရမှာပေါ့။ ဒါမှ ငယ်ငယ်ကတည်းက မှတ်မိရင် ကြီးတဲ့အခါထိနေမှာဗျ။ သူတို့နားလည်သဘောပေါက်လာတဲ့အထိ လူကြီး၊ မိဘ၊ ဆရာတွေက ရှင်းပြသင့်တယ်။ ဆီးချိုသွေးချိုရှိတဲ့လူတွေထက် ဆီးချိုသွေးချိုရောဂါမရှိတဲ့လူတွေမှာ HGH ဟော်မုန်း 3 ဆ 4 ဆ ပိုမြင့်မားသတဲ့။ လူ၀ရတဲ့ အကြောင်းရင်းမှာ သကြားအလွန်အကျူးစားခြင်းကြောင့်ဗျ။ ဒါကြောင့် ကလေးတွေကို မော်ဒယ်လ်လို လှချင်ရင် ခန္ဓာကိုယ်အချိုးအစားကျနစေချင်ရင် ငယ်ငယ်ကတည်းက သကြားဓာတ်ပါတဲ့ အစားတွေအများကြီးမစားသင့်ကြောင်း ပုံလေးတွေနဲ့ပြပြီး ရှင်းပြတားဆီးပေးရမှာပေါ့။
ဒီဃ ။ ။ ကိုဇီ၀ရေ ညအိပ်ခါနီးရင် အစမစားလိုက်ပါနဲ့လို့ ကြားဖူးတယ်။ အိမ်ကသားကတော့ ညည တီဗီ၊ ဗီဒီယို၊ အင်တာနက်ဖွင့်ကြည့်ရင်း တအားစားတာပဲဗျာ၊ လူကလည်း အရပ်မြင့်မြင့်ထွားထွားကြီး။ ဒါပေမယ့် ဗိုက်ကလေး စူထွက်လာလို့ အိပ်ထမတင် လုပ်ခိုင်းနေရပြီ
ဇီ၀ ။ ။ ဟုတ်တယ်။ မိဘဆွေမျိုးအကြီးအကဲ ဥပမာ ဆရာ ဆရာမတွေအနေနဲ့ ကိုယ့်သားသမီးတွေ သို့မဟုတ် ကျောင်းသားတွေရဲ့ ဓလေ့စရိုက်လေးတွေကို ဂရုစိုက်ပြီး ထိန်းသိမ်းခြင်း၊ သူတို့နားလည်ပြီး နား၀င်လာအောင် ပညာပေးရှင်းပြ လိုက်ခြင်းဖြင့် ကလေးတွေ ၀မလာအောင် လုပ်ပေးနိုင်တယ်ဗျ။ ဥပမာ ၀တဲ့ကလေးတစ်ယောက် အစာကြီးလို့လား၊ မိဘကိုယ်က ထမင်းနဲ့ အချိုတွေ၊ အကြော်တွေချည်း နေ့တိုင်းကျေွးလား၊ ဒါတွေ သတိထား စောင့်ကြည့်လို့သိရင် ကလေးကို ရှင်းပြလိုက် အိမ်မှာ ဘယ်လိုချက်ပြုတ်သင့်လဲ။ အမြန်စာတွေ၊ အသင့်စာတွေ ခဏခဏ မစားစေနဲ့ပေါ့။ အလွယ်တကူလုပ်တဲ့အကျင့်ကြောင့် ကလေးတွေခမျာ ၀လာရတာ တော်များတယ်။ ပြီးတော့ သူတို့က နားမလည်သေးတဲ့အရွယ်ဗျ၊ နား၀င်အောင် လူ၀ကြီးတွေပုံကိုပြလေ။ ဒါဟာ အသက်ရလာရင် ရောဂါဘယတွေများပြီး မကောင်းကြောင်းပြောပြရမယ်။
ဒီဃ ။ ။ ဟုတ်တယ်နော်။ 10 နှစ်အောက်လောက်က နား၀င်ပြီး နားလည်သဘောပေါက်ထားရင် ရှေ့ဆက် အိုကေသွားတာပေါ့။ အချိုတွေ၊ ဒိုးနပ်၊ ကိတ်၊ ဂျယ်လီ၊ သကြားလုံး၊ ကွတ်ကီး၊ နနွင်းမကင်း ကရေကယာ၊ မလိုင်၊ ထိုးမုန့် စတဲ့ အချိုနဲ့ ကဆီ (ဆန်) များလွန်းတဲ့အစားအစာတွေကို အသင့်အတင့်နဲ့ ရံဖန်ရံခါမျိုးမှာသာ စားသင့်ကြောင်းသူတို့နားလည်အောင် ရှင်းပြထားသင့် တယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကျောင်းမှာ ဗဟိုရုပ်ရှင်တွေလိုပဲ သန်ကောင် ဘယ်လိုကူးစက်သလဲဆိုတာ ကာတွန်းရုပ် တွေနဲ့ Animation လုပ်ပြီးပြတော့ ခုထိမြင်နေမိတာပဲ။ တစ်ကိုယ်ရေ သန့်ရှင်းရေးနဲ့ လက်ဆေးဖို့ မနှေးတော့ဘူးပေါ့
ဇီ၀ ။ ။ ကဲ . . . ခင်ဗျားမေးတဲ့ ညည ဘာကြောင့် အ၀မစားစေချင်သလဲဆိုဆော့ ညမှ HGH ဟော်မုန်းက သဘာ၀အားဖြင့် ပိုထွက်စေတာဗျ။ အစားတွေ ညအိပ်ခါနီး တအားစားမိရင် အင်ဆူလင်တွေ ပိုထုတ်ရတယ်လေ။ အထူးသဖြင့် အသားတွေနဲ့ ထမင်းတွေအများကြီးစားတော့ အင်ဆူလင်တွေ တက်လာရပြီး HGH ဟော်မုန်းကို လာတားဆီးဖြစ်လို့ပါ။ ပုံမှန်ကတော့ အင်ဆူလင်ပမာဏဟာ စားပြီး 2 နာရီ 3 နာရီကြာမှ တဖြည်းဖြည်း ဆင်းလာကျလာရတာ။ ဒါကြောင့် အိပ်ခါနီးမှ စားတာသိပ်တော့မကောင်းလှဘူး၊ မစားသင့်ဘူးပေါ့။
ဒီဃ ။ ။ အေးဗျာ သိပြီဆိုတော့ ညစာစားပွဲတွေတက်ရင် သတိထားရတော့မယ်။ သူတို့က စကားပြောတာတွေပါရင် တခါတလေ ည 8 နာရီ 9 နာရီမှ ကျေွးမွေးလေ့ရှိတာအတော်ခွကျလှတယ်။ ယဉ်ကျေးမှုအရပြောရတော့ ခက်လှတယ်ဗျ။ အရှေ့တိုင်းသားတွေကတော့ ညနေ 5 နာရီ 6 နာရီဆို စားကြတာမို့ သိပ်မသိလှဘူး။ ဒါပေမယ့် ဧည့်ခံပွဲကျတော့ မိုးခါးရေ သောက်ရတာကိုး။ ဒါဆို ညစာစားတာနောက်ကျရင် ချက်ချင်းမအိပ်နဲ့ပေါ့ ဟုတ်လား
ဇီ၀ ။ ။ ဟုတ်တယ်။ ဒါနဲ့ ရှေ့မှာ ခင်ဗျားသားကို အိပ်ထမတင်လေ့ကျင့်ခန်း လုပ်ခိုင်းတာ ကောင်းတယ်ဗျ။ လူငယ်ဆိုတာ ချေွးထွက်အောင် ကြံ့ခိုင်အောင် ခပ်သွက်သွက်လုပ်နိုင်ကြသူတွေကိုး။ လုပ်လေ ကောင်းလေဗျ။ လေ့ကျင့်ခန်းများများ လုပ်လေ HGH များများထွက်လေတဲ့။ ဒါပေမယ့် ဘယ်လိုလေ့ကျင့်ခန်းလဲဆိုတာပေါ်မူတည်တယ်။ အားစိုက်လုပ်ရမယ်။ လုပ်နေတုန်း အစားတွေ မစားထားနဲ့။ အချိန်ကြာကြာ နာရီ၀က်၊ 1 နာရီပေါ့။ သာမန် လမ်းလျှောက်ရုံနဲ့ မရဘူးတဲ့။ လမ်းတောင်အမြန်လျှောက် ဖြစ်ရမယ်။ ချေွးထွက်လာရမယ်ပေါ့။ အလေးမမယ်ဆိုလည်း နားလိုက် မလိုက် ချေွးထွက်တဲ့အထိပေါ့။
ဒီဃ ။ ။ ဒါနဲ့ဗျာ လေ့ကျင့်ခန်းခပ်ကြမ်းကြမ်း လုပ်ရင် ကိုယ်လက်တွေ နာလို့ဆိုပြီး ကျွန်တော့်သားက တစ်ရက်လုပ် 2 ရက်မလုပ်နဲ့ အဲဒါမှန်ရဲ့လားဗျာ
ဇီ၀ ။ ။ ခန္ဓာကိုယ်ရဲ့ ဇီ၀ရုပ်ဖြစ်ပျက်မှုသဘာ၀ကိုက လေ့ကျင့်ခန်း သို့မဟုတ် ခပ်ကြမ်းကြမ်းကိုယ်လက် လှုပ်ရှားမှုတွေလုပ်ရင် ကြွက်သားတွေထဲမှာ လက်တစ်အက်စစ် Lactic acid တွေ ထွက်စေတယ်ဗျ။ ဒီ့ပြင် HGH ဟော်မုန်းလည်းထွက်စေ တာပဲ။ ဒါကြောင့် နည်းနည်းပါးပါးတော့ အစမှာ နာကျင်မှာပါ။ နောက်တော့လည်း အစာအာဟာရပြန်စားပေးတော့ နာကျင်တာလည်း နေသားကျပြီး မနာတော့ဘူးလေ။ ဒါကြောင့် ကိုယ်ကာယလေ့ကျင့်ခန်းဟာ ကျန်းမာရေးဘက်ကကြည့်ရင် အကျိုးကျေးဇူးရှိတာပဲ။ လေ့ကျင့်ခန်းကို တစ်မျိုးတည်းချည်းပဲ ငြီးငွေ့အောင်မလုပ်နဲ့လေဗျာ။ ဒီတစ်ပတ် စက်ဘီးနင်း၊ နောက်တစ်ပတ် လမ်းလျှောက်၊ နောက်တစ်ပတ် အလေးမ၊ ကြက်တောင်ရိုက်၊ ရေကူး အဲဒီလို အလှည့်ကျလေးလုပ်ရင် ပျင်းလည်းမပျင်း မငြီးငွေ့တော့ဘဲ ဆက်တိုက်မလုပ်ရမနေနိုင်ဖြစ်လာတာပေါ့။ သို့သော် လူငယ်တွေမှာတော့ ခပ်ပြင်းပြင်းလေး လုပ်ဖို့ပြောပြပါ။ အသက် 60 ကျော်ရင်တော့ ချေွးထွက်တဲ့အထိပေါ့
ဒီဃ ။ ။ အေးဗျာ ခင်ဗျားပြောပြတော့လည်း ဒီလိုလုပ်လို့ရသားပဲ
ဇီ၀ ။ ။ နောက်တစ်ခုကတော့ ညဥ့်နက်အောင် မနေခိုင်းနဲ့၊ အိပ်ရေး၀အောင် အိပ်ပါစေ။ HGH ဟော်မုန်းကိုက အိပ်မှ ထွက်တာကိုး။ အိပ်ရေးမ၀ရင် အိပ်ရေးပျက်ရင် အထွက်နည်းသွားပြီးပေါ့။ လူငယ်တွေအဖို့ အိပ်ချိန်များလေ ပိုကောင်းလေပေါ့။
ဒီဃ ။ ။ အေးဗျာ သူ့အမေကတော့ သားတော်မောင်ကို သူ့အခန်းသွားပြီး မီးစောစောမှိတ်ပေး အိပ်ခိုင်းလေ့ရှိတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာ ပေးမသောက်တော့ဘူး။ ကျွန်တော်တို့ကတော့ အိပ်ခါနီး တရားစာအုပ်လေးဖတ်ချင် ဖတ်၊ တရားခွေ သို့မဟုတ် ဂီတတစ်မျိုးမျိုး နားထောင်ချင်နားထောင် အခန်းကိုလည်း ပြတင်းပေါက်ဖွင့်ထား သို့မဟုတ် ပိတ်ရင်လည်း လေအေး ပေးစက်ဖွင့်ပြီး အိပ်ရတယ်။ နေ့ခင်းဘက်တောင် ကော်ဖီ လက်ဖက်ရည်မသောက်ရဲတော့ပါဘူးဗျာ။ ဟုတ်တယ် တစ်နေ့ အနည်းဆုံး 7 နာရီ ကနေ 10 နာရီ အတွင်း ရအောင်အိပ်နိုင်ကြရင် အကောင်းဆုံးလို့ ဆိုတာကိုးဗျ
ဇီ၀ ။ ။ အော် . . . ကိုဒီဃတောင် အိပ်တာနဲ့ပတ်သက်ပြီး အတော်လေး ကျွမ်းစင်နားလည်နေပြီကိုး။ ဟုတ်ပါတယ်။ HGH ဟော်မုန်းဟာ တက်စတိုစတီရုန်းတို့၊ အီစထရိုဂျင်တို့လိုပဲ ကျန်းမာရေးနဲ့ ညီညွတ်သင့်တင့်မျှတတဲ့ ပမာဏရှိနိုင်ရင် အကောင်းဆုံး ပေါ့ဗျာ။
ဒီဃ ။ ။ ဒါနဲ့ ကိုဇီ၀ရေ HGH ဟော်မုန်းပမာဏ တိုးပွားအောင် အားဆေးတွေရှိသလား၊ တလောက ကမ်ဘာ့အားကစားသမားတွေ အားဆေးသုံးတယ်။ ထုတ်ပတ်ရတယ် ဆိုလား ကြားကြားနေရလို့။ HGH ကိုရော အားဆေးအဖြစ် ထုတ်သေးလားလို့ပါ။
ဇီ၀ ။ ။ အင်း ကျွန်တော်ဖတ်ဖူးတာကတော့ အားကစားသမားတွေ သူတို့လုပ်ဆောင်ချက် ပိုကောင်းအောင်၊ အဆီမရှိ အသားကျစ်လျစ်အောင်၊ စိုးရိမ်စိတ်တွေနည်းပါးအောင်၊ စိတ်ကို တည်တည်ငြိမ်ငြိမ်နေတတ်အောင်၊ ထိခိုက်ဒဏ်ရာလည်း နည်းပါးအောင်၊ တော်ရုံလေ့ကျင့်ခန်း ကြမ်းကြမ်းဆင်းတဲ့ ဒဏ်ကိုလည်း ခံနိုင်အောင်၊ ကိုယ်အလေးချိန်လည်း မတက်အောင် ကျေွးရတဲ့ အားဆေးတွေတော့ရှိတယ်ဗျ။ တချို့ အမျိုးသမီးတွေဆိုရင် ရာသီသွေးဆုံးခါနီး စိတ်ပျံ့လွင့်တာမျိုးတွေရှိရင်လည်း အဲဒီအားဆေးပေးတတ်တယ်။ ဒါပေမယ့် ဒါတွေကတော့ ဆရာ၀န်ညွှန်းမှသာ သုံးသင့်တယ်ဆိုတာပြောရင်း ဒီတစ်ပါတ် နားကြစို့ဗျာ။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 36, 15-6-2016





























