/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ကြွက်များ၊-မြန်မာများနှင့်-ဂျပန်များ

ကြွက်များ၊ မြန်မာများနှင့် ဂျပန်များ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကြွက်တွေဆီကနေ လူတွေကို ကူးစက်စေနိုင်တဲ့ ရောဂါတွေထဲမှာ Leptospirosis ခေါ်တဲ့ အသည်းရောင် အဖျား ရောဂါဆိုတာလည်း ရှိပါတယ်။ ကြွက်တွေက ကျင်ငယ်စွန့်တဲ့အခါ၊ ရေမြောင်းထဲ ရောက်သွားတတ်ပါတယ်။ အဲဒီကျင်ငယ်ရည်ထဲမှာ Leptospirosis ictero-hemorr-hagica ခေါ်တဲ့ ရောဂါပိုးတွေ ပါသွားတတ်ပါ တယ်။ ရေမြောင်းထဲမှာ သွားလာနေတဲ့ လူတွေ- ဥပမာ စည်ပင်လုပ်သားတို့လို လူမျိုးတွေဆီ ဒီရောဂါပိုးက ရောက်သွားတတ်ပါတယ်။ ဖိနပ်မပါ၊ ခြေဗလာဖြစ်ရုံမက ခြေထောက်မှာ အနာလေး၊ ခြစ်ရာလေးတွေရှိရင်၊ အဲဒီကနေ လူ့ကိုယ် ထဲ၀င်သွားပါတော့တယ်။ ရောဂါပျိုးရက် 7 ရက်လောက် ကြာပြီးတာနဲ့ အပျင်းဖျားခြင်း၊ ကိုယ်လက်များ ကိုက်ခဲခြင်း၊ မျက်လုံးများဝါလာခြင်းတို့ ဖြစ်လာပါတယ်။ အသည်းရောင်လာတာကိုလည်းတွေ့ရပါတယ်။ ဖျားတာက တုန်ချမ်းတက်တတ်တာမို့ ငှက်ဖျားရောဂါနဲ့တောင် မှားတတ်ပါတယ်။

           ဆေးရုံတင်ကုသဖို့လိုပြီး လိုအပ်တဲ့ကုသမှုများနဲ့သာ ပျေက်ကင်းနိုင်ပါတယ်။ ဒါကြောင့် ရေမြောင်းတွေထဲ ဆင်းတဲ့အခါ၊ မိုးများလို့ ရေတွေကြီးတဲ့အခါ Top boots လိုဖိနပ်ရှည်တွေ စီးထားသင့်ပါတယ်။ ကြွက်တွေကနေ လူတွေဆီကို ကူးစက်တဲ့ရောဂါတွေထဲမှာ Plague ပုလိပ်ရောဂါဆိုရင် အများသိကြပါတယ်။ Plague ရောဂါမှာ Bubonic Plague ဆိုတဲ့ အသက်ရှူလမ်းကြောင်းကနေ ကူးစက်၀င်ရောက်ပြီး အပြင်းဖျားတဲ့ ပုလိပ်ရောဂါဆိုပြီး ရှိပါတယ်။ ဒုတိယကမ်ဘာစစ်ကြီးဖြစ်ပွားစဉ် ကာလတစ်လျှောက်မှာ ဒီရောဂါကြီး ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။ အဲဒီကာလက ကျွန်တော်တို့နိုင်ငံမှာ ဂျပန်များအုပ်ချုပ်တဲ့ ဂျပန်ခေတ်နဲ့လည်း ကြုံကြိုက်ပါတယ်။ အုပ်ချုပ်သူ ဂျပန်များဟာ ဒီလို ကူးစက်ရောဂါတွေကြောင့် သူတို့ဂျပန်စစ်သားအများအပြား သေဆုံးကြရလို့၊ ကြွက်တွေကို အတော်ရွံမုန်းကြပြီး၊ ကြွက်နှိမ်နင်းရေးကို အထူးဆောင်ရွက်ကြပါတယ်။ ဂျပန်များ အုပ်စိုးစဉ်ကာလမှာ မြန်မာပြည်သူအများဒုက္ခမျိုးစုံ တွေ့ကြုံခံစားကြရတဲ့အထဲမှာ အဲဒီကြွက်တွေနဲ့ ပတ်သက်တာတွေလည်း ရှိခဲ့တာတွေ့ရပါတယ်။

           စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က အဲဒီလို အတွေ့အကြုံတွေကို ရေးသားခဲ့ပါတယ်။ Of Mice and Men ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ရေးခဲ့ပြီး သားဖြစ်သူ ဒေါက်တာခင်မောင်၀င်း(သချာၤ) ဘာသာပြန်ဆိုရေးထားတာတွေ ဖတ်ရတာ အတော်နှစ်သက်စရာဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေ မြန်မာနိုင်ငံထဲ ရောက်လာပြီးချိန်တွေမှာ ကူးစက်ရောဂါ တွေခေါင်းထောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ ဖော်ပြခဲ့တဲ့ ပုလိပ်ရောဂါ၊ ၀မ်းရောဂါတွေ အတော်အဖြစ်များပါတယ်။ ဆောင်းရာသီရောက်ပြီ ဆိုရင် ကြွက်တွေသေဆုံးတတ်ကြပါတယ်။ ကြွက်ကျတယ် လို့ ခေါ်ကြပါတယ်။ ကြွက်တွေ ဒီလိုသေကြရတာဟာ ပုလိပ်ရောဂါကြောင့်ဖြစ်တာမို့၊ ကြွက်နှိမ်နင်းရေးကို အထူးလုပ်ပါတော့တယ်။ အိမ်တိုင်းအိမ် တိုင်းက ကြွက်ထောင်ချောက်တွေနဲ့ တစ်ပတ်ကိုကြွက်တစ်ကောင် ဖမ်းပေးရပါတယ်။ ဖမ်းမိတဲ့ကြွက်ကို ကျန်းမာရေး အရာရှိဆီမှာ အပ်နှံရပါတယ်။ နေ့စဉ်ကြွက်အပ်ပွဲကြီးက လူတန်းရှည်ကြီး တစ်ခုလိုဖြစ်နေပါတယ်။ အိမ်ထောင်စုတိုင်း က ကိုယ့်ထောင်ချောက်နဲ့ကြွက်နဲ့အပ်ရပါတယ်။ ကျန်းမာရေးအရာရှိက ကိုယ်အပ်တဲ့ကြွက်ကို ပွက်ပွက်ဆူဆူနေတဲ့ ရေနွေးအိုးကြီးထဲ ပစ်ထည့်ပြီးတဲ့အထိ စောင့်ရပါတယ်။

           အိမ်ထောင်စုတိုင်းက ဒီလိုကြွက်အပ်တဲ့ တာ၀န်ကို ကျေအောင်ကြွက်ဖမ်းမိဖို့ကြိုးစားရပါတယ်။ ကိုယ့်အလှည့် ကျလို့ ကြွက်မအပ်နိုင်ရင် ကျန်းမာရေးအရာရှိတွေ၊ စစ်သားတွေနဲ့ ရင်ဆိုင်ရပါတယ်။ “မင်းက ဂျပန်စစ်သားတွေကို ကူးစက်ရောဂါနဲ့ သေစေချင်လို့လား” ဆိုတဲ့ မေးခွန်းကိုဖြေနိုင်ဖို့ အတော်ကြိုးစားရပါတယ်။ ဒဏ်ပေးတဲ့အနေနဲ့ အနည်းဆုံး အတော်ေ၀းတဲ့ မြို့ပြင်အထိလမ်းလျှောက်ရပါတယ်။ မကျေနပ်ရင် ဒီ့ထက်ပိုပြင်းတဲ့ ပြစ်ဒဏ်အမျိုးမျိုးခံရ တတ်တာမို့၊ ကြွက်ကို မရရအောင်ဖမ်းကြရပါတယ်။ အဆင့်မသင့်လို့ ကြွက်မဖမ်းနိုင်ရင်၊ အပြင်က ဖမ်းပြီးသား ကြွက် ကို၀ယ်ပြီး အပ်ရပါတယ်။ ကြွက်မှောင်ခိုဈေးကွက်တစ်ခု ဖြစ်လာပါတော့တယ်။ ကြွက်တွေကို အများအပြားဖမ်းပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာတာပါ။ ကြွက်တွေဟာ တန်ဖိုးကြီးပေး၀ယ်ရတဲ့ ရောင်းကုန်၀ယ်ကုန် တစ်ခုဖြစ်လာပါတယ်။ ကြွက်အပ်ဖို့ စောင့်နေစဉ်- “ဟိုနေ့က ဖမ်းမိတဲ့ ကြွက်ကြီးဆို ဖြူဖြူ၀၀ကြီးဗျ။ အိုကျနော်ဖမ်းမိ တဲ့ကြွက်ဆို ဒီ့ထက်တောင်ကြီးသေးတယ်ဗျ” ဆိုတဲ့ စကားပြောသံတွေပါကြားနေရတတ်တာမို့ ဂျပန်ခေတ်က ကြွက် တွေရဲ့ ထူးခြားတဲ့ အခြေအနေကိုသိရပါတယ်။

           ပြီးတော့ ကျန်းမာကြောင်းထောက်ခံစာတွေကို စုဆောင်းကြရပါတယ်။ ဒီနေ့ခေတ် ဧည့်စာရင်း တိုင်ရတာ၊ တခြားထောက်ခံစာတွေထက်တောင် ပိုများနေမလား အောက်မေ့ရပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ထောက်ခံ စာတွေထဲမှာ ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာတွေဟာ အတော်အရေးပါပါတယ်။ လမ်းဆုံလမ်းခွတွေမှာ ကာကွယ်ဆေးထိုးအဖွဲ့တွေ ရှိနေတတ်ပြီး၊ သွားလာသူတွေဆီက ကာကွယ်ဆေး ထိုးပြီးကြောင်း ထောက်ခံစာတောင်းပါတယ်။ မပြနိုင်ရင် ဆေးအထိုးခံရပါတယ်။ ဒါကြောင့် ဆေးထိုးပြီးတာနဲ့ ထောက်ခံစာကို သိမ်းထားရပါတယ်။ ခရီးသွားတဲ့အခါ ဒီထောက်ခံစာတွေ ပြရပါတယ်။ ထောက်ခံစာ ပျောက်သွားလို့မပြနိုင်ရင် ထိုးပြီးရင်လည်း ထပ်ထိုးရပါတယ်။ ဒါကြောင့် ဒီထောက်ခံစာတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလည်း ပေါ်လာပါတယ်။ ကာကွယ် ဆေးတွေကို ထပ်ကာထိုးပြီး ထောက်ခံစာတွေ စုထား၊ လို်တဲ့လူကိုလက်သိပ်ထိုး ရောင်းသူတွေပေါ်လာတာကိုတွေ့ ရပါတယ်။ တွေးကြည့်ရင် စိတ်၀င်စားစရာ ကောင်းသလို၊ ရယ်စရာလည်းကောင်းပါတယ်။ ကျန်းမာရေး ပညာပေးမှု တွေနဲ့ပတ်သက်လို့လည်း လူစည်ကားရာနေရာတွေမှာ လမ်းသွားလမ်းလာလူတွေကိုခေါ်ပြီး နားထောင်စေပါတယ်။ ဂျပန်ဘာသာနဲ့ ပြောပြီး မြန်မာဘာသာ ပြန်ပေးပါတယ်။ ဟိန္ဒူဘာသာနဲ့လည်း ပြန်ပေးပါတယ်တဲ့။ ဒါကြောင့် အချိန်အတော်ကုန်တာမို့ လူတွေအတော်ကြောက် ကြတဲ့ဟောပြောပွဲဖြစ်ပါတယ်။ မင်္ဂလာဆောင်သွားမလို့ ၀တ်စားသွားသူတစ်ဦးဟာ အဲဒီဟောပြောပွဲနဲ့ တိုးပြီးမသွားနိုင်တော့တဲ့အကြောင်းကိုတောင်ဖတ်ရပါတယ်။

           စိတ်၀င်စားစရာ ကောင်းတာက အဲဒီခေတ်က ကူးစက်ရောဂါတစ်ခုခုနဲ့ လူတစ်ယောက်သေဆုံးသွားခဲ့ရင် အဲဒီ နေရာတစ်၀ိုက်ကို Quarantine မသွားရ နယ်မြေအဖြစ် သတ်မှတ်ခံရပါတော့တယ်။ ခုခေတ် Ebola ရောဂါကြောင့် သံသယရှိသူတွေကို ဆေးရုံတစ်ခုခုမှာ စောင့်ကြည့်ကြည့်ရှုခံထားရတဲ့ သဘောပါ။ ဂျပန်ခေတ်ကတော့ အဲဒီလို Quarantine လုပ်ခံရပြီဆိုရင် လနဲ့ချီကြာတတ်တယ်။ သူတို့သဘောအတိုင်းပဲ။ ဖွင့်ချင်မှ ဖွင့်ပေးတတ်ပါတယ်။ ပိတ်ထားစဉ်ကာလအတွင်း ဂျပန်မာစတာများပေးတဲ့ အစားအစာများနဲ့သာ အသက်ဆက်နေကြရပါတယ်။ တစ်ခါက ပိတ်ထားတဲ့နေရာဟာ သုသာန်တစ်ခုပါ၀င်နေလို့ နာရေးကိစ္စတွေကို ဆောင်ရွက်ရာမှာ ခြံစည်းရိုးကို ကျော်ပြီးလက် ဆင့်ကမ်းပေး ဆောင်ရွက်ကြရတာကိုတွေ့ရပါတယ်။ ပြီးတော့ ၀မ်းရောဂါတွေဖြစ်နေတဲ့ အချိန်ခရီးသွားမိရင် မိမိရဲ့ ၀မ်းနမူနာကို မာစတာများထံ ပေးကြရပါတယ်။ သူတို့ပေးတဲ့ပုလင်းမှာ ကိုယ့်ဘာသာကိုယ် အဆင်ပြေသလို ထည့် ပေးရပါတယ်။ အဲဒီမှာလည်း ကိုယ်ကမပေးနိုင်ရင်၊ တခြားလူတစ်ဦးဆီက အကူအညီတောင်းပြီးထည့််ပေးရတဲ့အထိ ဖြစ်တာကိုရယ်စရာတွေ့ရပါတယ်။ ဂျပန်ခေတ်သုံးနှစ်တာကာလဟာ အတော့်ကို ကသိကအောက်ဖြစ်ရတာတွေ များလှတာတွေ့ရပါတယ်။

           ဒုတိယကမ်ဘာစစ်ကြီးအတွင်းက ဂျပန်လူမျိုးများရဲ့ အတွေးအခေါ်တွေ၊ လုပ်ရပ်တွေဟာ အတော်ခေတ်မမီဘဲ၊ ကိုးယိုးကားယားနိုင်လှပါတယ်။ အဲဒီအချိန်က စစ်အာဏာရှင်စနစ်နဲ့ အနိုင်ကျင့်အုပ်ချုပ်ခဲ့တာမို့ တိုင်းသူပြည်သားတွေ ဆင်းရဲခြင်းကြီးစွာခံစားခဲ့ရပါတယ်။ စစ်ကြီးပြီးတဲ့အခါမှာတော့ ဂျပန်လူမျိုးတွေဟာ စနစ်၊ အတွေးအခေါ်၊ အုပ်ချုပ်ရေး စသည်များမှာ ကမ်ဘာကြည့်ကြည့်ပြီး တိုးတက်အောင်ပြောင်းလဲခဲ့ပါတယ်။ စစ်ကြီးကြောင့် ဘာမှမရှိတဲ့ ပြာပုံဘ၀ကနေ ကြိုးစားလာခဲ့တာ ကမ်ဘာ့ထိပ်တန်းနိုင်ငံကြီးဖြစ်လာပါတော့တယ်။ မြန်မာပြည် ဂျပန်ခေတ်က နှောင်းဂျပန်များရဲ့ အဲဒီလိုအကြောင်းတွေကိုသိရင် သူတို့လည်း အတော်အံ့သြကြမှာပါပဲ။ သူတို့ဟာ Phoenix ငှက်လေးတွေကို ဆင်းရဲမှု အပေါင်းကိုကြံ့ကြံ့ခံပြီး ထိပ်ဆုံးရောက်အောင်ကြိုးစားနိုင်ခဲ့ကြသူများဖြစ်ကြပါတယ်။ ဂျပန်ခေတ်အကြောင်း တစေ့ တစောင်းလေ့လာအတွေးပွားမိတာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

 

 

 

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health Digest Journal

Vol:13, No:9, 25-11-2015