/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/က-ကန်စွန်းပင်-ရေမှာရွှင်

က - ကန်စွန်းပင် ရေမှာရွှင်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးခင်မောင်လွင်

        “ကန်စွန်းဥ၊ ကန်စွန်းရွက်မှာ ဗီတာမင်ပါသတဲ့။ ပြောတိုင်းပြောတိုင်း ညာတယ်ထင်မိတယ်” လို့ ဆရာမောင်စွမ်းရည်က ကဗျာစပ်ခဲ့တယ်။ သူဒီအကြောင်းကို 1976 ခုနှစ်၊  ဆေးတက္ကသိုလ်(1)မှာ လုပ်တဲ့ စာပေဟောပြောပွဲမှာ ပြောခဲ့ပါတယ်။ အဲဒီဟောပြောပွဲကို ဆေး(1) လူငယ်တွေကိုယ်စား ကျွန်တော်တာ၀န်ခံပြီး လုပ်ခဲ့ရတဲ့ပွဲမို့ သတိတရရှိလှပါတယ်။ အခက်အခဲတွေကြားက လုပ်ရတာမို့ ပိုပြီးမှတ်မှတ်ထင်ထင် ရှိခဲ့တယ်။ ဟောပြောမယ့်စာရေးဆရာတွေရဲ့ စာရင်းကိုကြည့်ပြီး ပိတ်ပင်ဖို့ကြိုးစားတဲ့ ကြားကပဲ ခေါင်းမာမာနဲ့ လုပ်ဖြစ်အောင်လုပ်ခဲ့ရတဲ့ပွဲပါပဲ။

 

          လိုအပ်ချက်အရ သဘာပတိလုပ်ရတဲ့ကျွန်တော်က ကန်စွန်းရွက်မှာ ဗီတာမင်ပါပါတယ်ဆရာရယ်လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။ အဓိက ဗီတာမင်  A ပေါ့။ ဒါပေမယ့် စိမ်းစိမ်းစိုစိုစားမှ ရနိုင်တဲ့အာဟာရပါ။ မလှီးခင်၊ မဆိတ်ခင် ရေစင်စင်ဆေးပြီးမှ လှီးရ၊ ဆိတ်ရတဲ့ ဟင်းရွက်မျိုးပါ။ လှီးပြီးမှရေဆေးရင် ဗီတာမင်တွေရေထဲပါသွား တယ်။ နွမ်းအောင်၊ မည်းအောင်ချက်လိုက်ရင်လည်း ဗီတာမင်တွေ ဆုံးရှုံးသွားတယ်ပါတယ်။ အမျှင်ဓာတ်နဲ့ သံဓာတ်ပဲ ကျန်တော့တယ်။

 

          ဆင်းရဲသားေဝါဟာရနဲ့ ဆိတ်သားဟင်း (ဆိတ်ပြီးမှချက်ရတဲ့ဟင်း)ဟာ ချက်တဲ့နည်းပညာလည်း မတတ်တော့ အာဟာရငတ်ကြပါတယ်။ ဟင်းချက်သူရဲ့လက်ထဲမှာ အာဟာရပျက်သွားခြင်းသာဖြစ်ပြီး၊ ကန်စွန်းရွက်ကို အာဟာရပါတယ်လို့ ညာကျေွးခြင်းမဟုတ်ကြောင်း ရှင်းပြရပါတယ်။ အသိမရှိတော့ ရှိပြီးသား အာဟာရတောင် ပျက်သွားနိုင်တဲ့အတွက် မောင်ဘဦးတို့ရဲ့ အသိပညာပေးလုပ်ငန်းဟာ ရှေ့တန်းမှာ ရောက်မှ မလောက်မငလေးနဲ့ စားနေကြရတဲ့ ကန်စွန်းရွက်မှာ ဗီတာမင်ပါစရာအကြောင်းရှိပါတယ်။

 

          အမှန်အတိုင်းလေ့လာကြရင် ဗီတာမင်သာ ကန်စွန်းရွက်ဟင်းထဲမပါချင်ရှိရမယ်။ လူကိုဒုက္ခပေးမယ့် အရာတွေတော့များစွာပါလာနိုင်ပါတယ်။

 

          ကန်စွန်းရွက်ကို ဘယ်လိုရေထဲမှာ စိုက်ပါသလဲ။

 

          ကန်စွန်းခင်းထဲကို ဘာတွေဖျန်းနေပါသလဲ။

 

          “က .. ကန်စွန်းပင် ရေမှာရွှင်” ပြီးထွားကြိုင်းလှတဲ့ ကန်စွန်းရိုးကြီးတွေကို ဘယ်လိုနည်းနဲ့ စိုက်ပျိုး ထုတ်လုပ်ထားပါသလဲ။

 

          ယိုးဒယားတွေ ကန်စွန်းရွက်အစိမ်းစားသလို မြန်မာကန်စွန်းကို စားရဲပါသလား။

 

          ယိုးဒယားအိမ်တွေမှာ ဆင်းရဲချမ်းသာမရွေး ကန်စွန်းပင်ကလေးတွေ အိမ်ရှေ့ကအင်တုံထဲမှာ စိုက်ထားတာ တွေ့နိုင်ပါတယ်။ ရေသန့်သန့်နဲ့စိုက်ထားပြီး စားချင်တဲ့အချိန်မှာ ချိုးဆိတ်စားလိုက်ရုံပါပဲ။ သငေ်္ဘာသီးထောင်းနဲ့ ကန်စွန်းရွက်စိမ်းဟာ လိုက်ဖက်တဲ့အာဟာရပါပဲ။

 

          မောင်ဘဦးတို့ရဲ့ တောင်ကတုံးမြို့မှာတော့ ရေမြောင်းတိုင်းမှာ ကန်စွန်းရွက်တွေ လှိုင်ဘောလည်နေ ပါတယ်။  တိုက်ခန်းတွေတိုင်းက ချိုးချလိုက်တဲ့ဆပ်ပြာရည်တွေကို အာဟာရပြုရင်း သန်မာထွားကြိုင်းနေကြတယ်။ ဟိုဘက်အိမ်ကလည်း ကန်စွန်းရွက်၊ သည်ဘက်အိမ်ကလည်း ကန်စွန်းရွက် အစိမ်းလိုက်ကြော်တော့ ကန်စွန်းရွက် အစိမ်းကြော်၊ ခနော်အချည်ခဲနဲ့ ထည့်ချက်လိုက်တော့ ကန်စွန်းရွက်ချဉ်ရည်။ ဟင်းပြောင်းဟင်းလွဲနဲ့ နေ့စဉ်ချီတက် နေကြရတာပါပဲ။

 

          ကန်စွန်းရွက်ဟာ အဆိပ်အတောက်နိုင်တယ်လို့ ကြားဖူးထားပေမယ့် သူ့အထဲမှာ အဆိပ်အတောက် ဘယ်လောက်ရောက်နေသလဲဆိုတာ သုတေသနမရှိပါဘူး။ သေချာတာကတော့ ရေဆိုးတွေ (မစင်ရည်တွေ၊ သုံးရေ၊ ချိုးရေ) ကြားထဲမှာ ကန်စွန်းရွက်တွေ ရှင်သန်နေတာမို့ ရေတွေဆိုးသလောက် ကန်စွန်းရွက်တွေလည်း ဆိုးပါလိမ့်မယ်။ ဒါကြောင့်လည်း မြန်မာများ ကန်စွန်းရွက်အစိမ်းမစားကြပါ။ စီးပွားဖြစ် စိုက်ရောင်းနေကြတဲ့သူတွေ ဘယ်လိုဓာတ်ပစ္စည်းတွေ၊ ပိုးသတ်ဆေးတွေသုံးတတ်သလဲဆိုတဲ့ သုတေသနမျိုးလည်း မြန်မာပြည်မှာ မဖတ်ဖူးဘူး။ အရပ်ထဲမှာ နာမည်ကြီးတဲ့ မြေသြဇာဆိုတာတွေကလည်း သုံးသူတွေအတွက် စံချိန်စံညွှန်းတွေမရှိ၊ ရှိရင်လည်း နားလည်ဖို့ခက်။ ဒါနဲ့ပဲ ကန်စွန်းရွက်တွေကို စားရမှာကြောက်လို့ မစားတဲ့သူ၊ အကြောင်းရင်းသိပြီးသားမို့ ရွံလွန်းလို့ မစားတဲ့သူ၊ ဒီလိုလူတွေ ရှိလာပါတယ်။

 

          တစ်ခါတော့ ဟောပြောပွဲတစ်ခုမှာ ပရိသတ်ထဲက မေးခွန်းထွက်လာပါတယ်။ “ဟင်းသီးဟင်းရွက်တွေကို စားရင် ကျန်းမာမယ်လို့ ဆရာအာမခံပါသလား” တဲ့။ ကျွန်တော်က လွယ်မြန်အစာ (Junk Food)တွေရဲ့ မကောင်းကျိုးကို ဟောပြောလိုက်တာကိုး။ ဟင်းသီးဟင်းရွက် သစ်သီး၀လံကို ပိုပြီးစားကြဖို့ တိုက်တွန်းခဲ့တာကိုး။ ထမင်းကိုလျော့၊ ဟင်းသီးဟင်းရွက်ပိုစား။ ထမင်းလျှော့စားဖို့လိုတာကတော့အမှန်ပါပဲ။ (တစ်နပ်လုံးလျှော့လို့တော့ မရပါ။) မြန်မာတွေဟာ ထမင်းစားအများဆုံးဖြစ်ကြောင်း သုတေသနတွေက ဆိုကြပါတယ်။ ဒီလောက်ထမင်းတွေ စားနေကြလျက်နဲ့ ဘာကြောင့် သန်မာထွားကြိုင်းမလာသလဲ။ ခွန်အားတွေကြီးမားမလာကြပါလဲ။

 

          စားပုံစားနည်း ပညာမပါကြလို့ပါပဲ။ သာလွန်မင်းကြီးလက်ထက်တုန်းက ကြိမ်လုံးနဲ့ အရိုက်ခံရတာကို မမှတ်မိကြသေးလို့ပါပဲ။ ထမင်းရည်တွေကို ငှဲ့သွန်ပစ်လိုက်တဲ့ ဆင်းရဲသူမတစ်ယောက်ကို သာလွန်မင်းကြီးက စံနမူနာပြ ဆုံးမခဲ့တာကို ကျောင်းသုံးဖတ်စာထဲမှ ဖတ်ရဖူးပါတယ်။ ထမင်းရော၊ ဟင်းရောကို ကြိုးကြိုးစားစား အာဟာရမဖြစ်အောင်လုပ်ထားတော့ စားသုံးကြတဲ့အတွက် ကြာလေ ကျန်းမာရေးချို့တဲ့လေဖြစ်လာတာလည်း အမှန် ပါပဲ။ စားစရာမရှိတဲ့လူထက် မစားတတ်တဲ့လူတွေက ပိုများနေပါတယ်။ (စားတတ်တဲ့လူတွေလည်း ၀၀ဖီးဖီးရှိနေကြပါတယ်။) အစားလွန်သွားလို့ အ၀လွန်ရောဂါနဲ့ အသက်တိုသွားကြသူတွေလည်း ရှိကြပါသေးတယ်။ ရှားတော့ ရှားတယ်။

 

          ပုစွန်တွေကို ကြာကြာခံအောင် တစ်စုံတစ်ရာနဲ့ ပက်ဖျန်းနေတာကိုလည်း ကိုယ်တိုင်မြင်ဖူးတယ်၊ ဆားနဲ့ တူတဲ့အမှုန့်ဖြူဖြူဖြစ်ပြီး ဆားမဟုတ်တာလည်း သေချာပါတယ်။ ဘာပစ္စည်းလဲဆိုတာ သုတေသနပြုထားသူမရှိတဲ့အတွက် အပ်ချမတ်ချပြောဖို့ ခက်နေပါတယ်။ မဲနယ်ဆိုးထားတဲ့စံပယ်ပန်းတွေလိုပဲ ခပ်ပြာပြာဖြစ်နေတဲ့ ပုစွန်တွေပါ တွေ့ဖူးပါတယ်။ ရေမှာ ရွှင်တဲ့ကန်စွန်းပင်တွေကို ဘာတွေနဲ့များ ဖျန်းထားသေးလဲ၊ ဟင်းသီးဟင်းရွက်တွေကို ပိုးမစားအောင် ဘာတွေများပညာပေးထားသလဲ။ ကျန်းမာရေးပညာမတတ်ပေမယ့် ကျန်းမာရေးထိခိုက်စေမယ့် အတတ်မျိုးတွေ ကျူ းနေပြီလား။

 

          “ဆရာတို့ရဲ့ ဟောပြောပွဲမှာ လူကြဲကြဲပဲရှိတာကို အားနာပါတယ်။ ဆရာတို့က ဟိုကုမ္ပဏီလို လက်ဆောင်မှပါမလာဘဲ။ သူတို့ဓာတ်မြေသြဇာသုံးစွဲဖို့ ဟောပြောပွဲတွေမှာ လက်ဆောင်ရတဲ့အတွက် ရွာသားတွေ ပြည့်နှက်နေတာတွေ့နေရတယ်” လို့ ရွာလူကြီးက စိတ်မကောင်းစွာ ဖြေရှင်းပါတယ်။

 

          ဟုတ်ပါတယ်။ မောင်ဘဦးတို့အဖွဲ့လာရင် ဘာလက်ဆောင်မှယူမလာနိုင်ပါဘူး။ “ပါးစပ်နဲ့ နားကြပ်ပဲ ပါတယ်” လို့ ရွာသားတွေမှတ်ချက်ပြု ကြတဲ့ ဆရာ၀န်လေးတွေထက်တောင် တိုးလို့ပါစပ်ပဲ ပါကြတာမျိုးကို။ ကိုယ့်ကိုယ်ကို ဇာတ်သမားလိုသဘောထားပြီး မှတ်သားစရာတွေပါလာတယ်ဟေ့” လို့မကြွေးကြော်ရုံတမယ် ရှိခဲ့ ကြပါတယ်။

 

          ဘ၀တစ်ပါးပြောင်းသွားရှာတဲ့ ဆရာစောမြင့်ကတော့ တွေ့တိုင်းပြောလေ့ရှိတယ်။ မြစ်ထဲမှာ သပွတ်အူ ထွေးကြီးမျောလာတော့ လူတွေက ရှုပ်လှပွေလှတယ်လို့ပြောပြီး ရှောင်ကြသတဲ့။ ဇာတ်လှေကြီး မျောလာတာတွေ့တော့ ခပ်ေ၀းေ၀းက ရှောင်ကြရှားကြသတဲ့။ ကျန်းမာရေးပညာဌာနက လူတွေမြင်ရင်တော့ အေ၀းဆုံး အေ၀းဆုံးကို ရှောင်ပြေးကြတယ်လို့ သူပြောလေ့ရှိတာကို မှတ်မိပါသေးတယ်။

 

          တကယ်တော့ မောင်ဘဦးတို့ကို ရွာသားတွေက ချစ်ကြပါတယ်။ ရှောင်ကြရှားကြတဲ့သူတွေက မွဲပြာကျ အောင်လုပ်နေကြတဲ့သူတွေပါပဲ။ ပဏာမကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care)ကို အကြောင်းပြပြီး ဆေးကုတာသက်သက်လုပ်နေသူတွေအတွက်ကတော့ ပညာပေးတဲ့အလုပ်ဟာ အာလူးပေးတဲ့အလုပ်၊ အချိန်ကုန် လူပန်းပြီး အကျိုးရလဒ် ဘာမှမရှိတဲ့အလုပ်ပါပဲ။

 

          ဒါပေမယ့် ဒီလိုလူတွေကပဲ “ကျန်းမာရေးအသိမရှိဘူး”တို့၊ “ နားကောက်တယ်” တို့၊ “အသိခေါက်ခက် အ၀င်နက်တယ်”တို့နဲ့ ချိုးချိုးဖဲ့ဖဲ့ အပြစ်တင်ရင်း ပိုက်ဆံရှာနေကြတာ တရုန်းရုန်းပါပဲ။ သြဇာတွေရှိကြတဲ့အခါကျတော့ ထစ်ခနဲရှိ ကျန်းမာရေးပညာပေးသူတွကို လက်ညှိုး၀ိုင်းထိုးကြတာလည်း ခံရတာပါပဲ။ ဓာတ်မြေသြဇာရောင်း တဲ့ပွဲစားလောက်မှ မသုံးနိုင်ဘဲ ထိရောက်တဲ့ပ့ညာပေးလုပ်ငန်းတွေကို လုပ်ဖို့အတင်းတွန်းနေကြတဲ့ လက်ညှိုးတွေထဲမှာ ကိုယ်ကိုယ်တိုင် ပြန်ထိုးနေတဲ့လက်ချောင်းကလေးတွေကို သတိထားမိကြစေချင်တာပါပဲ။

 

          “လူတွေကို ကျန်းမာပြီးအသက်ရှည်ဖို့ အသိပညာပေးတာလောက် မြင့်မြတ်တဲ့အလုပ်မရှိဘူး”လို့ ဆရာကြီး ဦးသုခရဲ့ အားပေးစကားလေးတစ်ခွန်းတည်းနဲ့ ဘ၀ကို ရပ်တည်ခဲ့ရတာ  သက်ပြည့်၊ သက်ကုန် မောင်ဘဦးတို့ထဲမှာ တစ်ပုံကြီး၊ လူတွေဟာ ယိုင်ယိုင်နဲ့နဲ့ပဲ လမ်းကြောင်းတည့်အောင်လျှောက်ရင်း အချိန်တွေ ကုန်ဆုံးခဲ့ကြရတာပါပဲ။

 

          အခုလည်း “က-ကန်စွန်းပင် ရေမှာရွှင်”ဆိုတဲ့ ဓာတ်ပုံလေးတစ်ပုံကို ထည့်ပေးလိုက်ပါတယ်။ ဒီကန်စွန်းပင် လေးတွေဟာ ဘယ်မှာရှင်သန်ထွားကြိုင်းနေကြသလဲ။ ရေဆိုးသန့်စင်ရာက ထွက်လာတဲ့ မစင်ခြောက် (Sludge Cake) ကိတ်မုန့်တွေပေါ်မှာ မြူ းရွှင်နေကြတာလေ။

 

          မြို့ကြီးတွေမှာ ယင်လုံအိမ်သာအတုတွေပဲရှိတယ်။ Septic Tank လို့ခေါ်တဲ့ ရေသိုးကန်ဆိုတာတွေ ကလည်း ဟန်ပြဆောက်ထားကြတာ များပါတယ်။ ရေကမသိုးခင် ရေပြည့်ရေလျှံဖြစ်သွားကြတယ်။ (ဒါကို ရွှေပြည့် ငွေလျှံအောင် လုပ်နေကြသူတွေလည်းရှိနေတယ်။)

 

          မိလ္လာစုပ်ကားတွေနဲ့ စုပ်ထုတ်ပစ်လိုက်တဲ့အခါမှာ ရေမသိုးဘဲ ဘေးများတဲ့ရောဂါပိုးတွေ ပြည့်လျှံနေတဲ့ မစင်ရည်တွေ အိမ်သာကျင်းထဲက ပါသွားကြတယ်။ ကျင်းတစ်ကျင်းကို စုပ်ခ သုံးသောင်း၊ လေးသောင်း၊ ငါးသောင်း စသည်ဖြင့် အရွယ်အစားအလိုက်ပေါ့။

 

          အဲဒီ မစင်ရည်တွေကို ဘယ်မှာစွန့်ပစ်သလဲ။

          စနစ်ကျအောင် စီမံခန့်ခွဲထားတဲ့ (Waste Water Treatment Plant)ဆိုတဲ့နေရာမျိုးက ရှားပါးတဲ့နေရာမျိုးပဲ။

          ဒါဖြင့်ရင် ဘယ်ကိုပို့သလဲ။

          ချောင်းထဲ၊ မြစ်ထဲသွန်ပစ်ရင် ရှုံးတယ်၊ ခြံရှင်တွေရဲ့မြေကွက်ထဲကို သွားပြီးစွန့်ပစ်လိုက်ရင် ပိုက်ဆံရ တယ်လေ။ သောင်းနဲ့ချီလို့ပေါ့။

 

          ခေတ်စကားနဲ့ဆိုရင်  (Turn Shit into Gold)ပေါ့။ မစင်ကို ရွှေဖြစ် ငွေဖြစ်လုပ်ကြမယ်တဲ့။ ကမ်ဘာကြီးက ပုဂံခေတ်မှာ ထင်ရှားခဲ့တဲ့ ရှင်အဇ္ဇဂေါဏလမ်းကို လိုက်နေကြပြီ။       

 

        အခုလည်း မစင်မှာ ရွှင်တဲ့ကန်စွန်းပင်တွေကို ကျွန်တော်တို့ မြိန်ရည်ယှက်ရည် စားနေကြပြီးမဟုတ်ပါလား။

       မစင်ထဲမှာ ကန်စွန်းပင်လည်းရွှင်တယ်။ မောင်ဘဦးတို့အဖွဲ့လည်း ရွှင်တယ်။

 

 

 

 

Credit; ဒေါက်တာခင်မောင်လွင်

Health Digest  Journal

အတွဲ (၁၁)၊ အမှတ် (၃၈)

www.drmyanmar.com