ခန္ဓာကိုယ်နာကျင်မှု ခန္ဓာဗေဒနှင့်ပင်ကု
စကားဦး
ခန္ဓာကိုယ်ဆိုသည်မှာ လူ၏ခန္ဓာကိုယ်ကို ဆိုလိုသည်။ ခြေဖျားမှ ခေါင်းထိပ်ဆံပင်အထိ၊ အရေပြားမှ အတွင်း အရိုး၊ ကလီစာ၊ သွေးသားများအထိပါ၀င်သည်။ အင်္ဂလိပ်လို Physique သို့မဟုတ် Body ဟုခေါ်သည်။ မြန်မာတို့က ကိုယ်ကာယ၊ ကာယ၊ ကိုယ်ဟု အလွယ်တကူပြောကြပါသည်။ “ခန္ဓာဗေဒ” ဟူသည်မှာ ယင်းခန္ဓာကိုယ်ကို လေ့လာဖော်ပြသော ပညာရပ်ဖြစ်သည်။ ခန္ဓာကိုယ်ကြီးထွားမှု၊ သနေ္ဓသားဘ၀ဖြစ်စဉ်၊ သနေ္ဓတည်ပုံ၊ မွေးဖွားပုံ၊ ခန္ဓာကိုယ် ချို့ယွင်းမှုများ၊ ယောကျာ်း၊ မိန်းမသဘာ၀၊ ခံစားမှု၊ လှုပ်ရှားမှု၊ အတွေးအခေါ်ဖြစ်ပေါ်ပုံ၊ ဦးနှောက်အာရုံကြော အားလုံးကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ အင်္ဂလိပ်လို Anatomy or Morphology ဟုခေါ်၏။ မြန်မာလို ရှေးက “ကာယာနုပ္ပသတိပညာ” ဟုခေါ်သည်။ ယခုခေတ် ခန္ဓာဗေဒဟုခေါ်၏။ ဗုဒ္ဓအဘိဓမ္မမှာ ခန္ဓာငါးပါးနှင့် မဆိုင်ပေ။
ခန္ဓာဗေဒသည် ဆေးပညာ၌ ပထမဆုံးအခြေခံဘာသာရပ်ကြီဖြစ်သည်။ ခန္ဓာဗေဒကိုတတ်မှ လူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို အမည်ခေါ်သည်မှအစ တည်ဆောက်ထားပုံ၊ အလုပ်လုပ်ပုံတို့ကို သိရသည်။ ထိုအခါ ပုံမှန်ပုံမှား တို့ကို မြင်နိုင်၏။ ပုံမှန်ပုံများကိုသိမှ ရောဂါဖြစ်ပုံ၊ ဖြစ်နေသောရောဂါကို မည်သို့ပြင်ဆင်ကုသရမည်ကို သိနိုင်သည်။ ဘယ်ဆေးပေးရမည်၊ ခန္ဓာကိုယ်ကို ဘယ်လိုထားရမည်ဆိုသည်ကို ထိုအခါမှ သိနိုင်လေသည်။ ခန္ဓာဗေဒတတ်မှ ဆရာ၀န်ဖြစ်၏။ ဆရာ၀န်ဆိုပြီး ခန္ဓာဗေဒမသိက ရမ်းကုသာဖြစ်ပေတော့မည်။
ဆေးကုရာတွင် ခန္ဓာဗေဒ၏အခန်းကဏ္႑
တစ်ခါက ကျန်းမာရေးမဂ္ဂဇင်းတစ်စောင်အတွက် ကျန်းမာရေးဆောင်းပါးရှင်တစ်ဦး (ကိုကျော်သက်ခိုင်)က စာရေးသူအား လူတွေ့လာမေးသည်။ သူက စာရေးသူ၏ ကိုယ်ရေးကိုယ်တာနှင့် ပညာရေးဆိုင်ရာ အချက်အလက် ရပြီးနောက် “ဆရာက ခန္ဓာဗေဒဘာသာမှာ အထူးပြုထားတော့ အဲဒီဘာသာရပ်နှင့် လူနာတွေကို ဘယ်လိုကုပါသလဲ” ဟု မေးပါသည်။ စာရေးသူက “ကိုကျော်သက်ခိုင်၊ ခင်ဗျားလည်း ဆရာ၀န်ဖြစ်တော့မည်။ ဆေးကျောင်းသားဖြစ်နေတာ ပဲ ခန္ဓာဗေဒဘာသာရပ်ဟာ ဆေးပညာအားလုံးရဲ့ အခြေခံပဲ။ သူ့ကိုမတတ်ဘဲ ဆေးကုလို့မရဘူးလေ။ အထူးကုတိုင်းဟာ သူ့ကိုတတ်ကြရတယ်။ ဥပမာ နှလုံးအထူးကုဆရာ၀န်က နှလုံးအကြောင်း၊ ဦးနှောက်အကြောင်း၊ အဆုတ် အထူး ကုဆရာ၀န်က အဆုတ်နှင့် လေပြွန်တွေအကြောင်း၊ အသည်းရောဂါအထူးကုက အသည်းနှင့် သည်းခြေအိတ်၊ သည်းခြေပြွန်အကြောင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ဆရာ၀န်က ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတို့ အကုန်တတ်ရသလိုပေါ့။ ရိုးရိုးဆရာ၀န်တွေကိုတော့ မပြောနှင့်တော့။ သူတို့က နေ့စဉ်သွေးခုန်နှုန်းစမ်းတော့ ခန္ဓာ ကိုယ်အပူချိန်စမ်းတာ၊ နှလုံး၊ အဆုတ်၊ ၀မ်းဗိုက်စမ်းတာအားလုံး ခန္ဓာဗေဒကို အသုံးပြုနေရတယ်လေ” ဟု ပြောပြရပါသည်။ သူက “အဲဒါတွေကို မေ့နေတယ်ဆရာ၊ ဆရာပြောမှ မြင်လာတယ်” ဟု ဖြေပါ၏။
ရောဂါရှိလျှင် သိသာသော ခန္ဓာဗေဒပြောင်းလဲမှုများ
(1) ထော့ကျိုးနေသူများ
ခြေထောက်တစ်ချောင်းချောင်းကျိုးနေလျှင် သို့မဟုတ် ဒဏ်ရာရလျှင် သို့မဟုတ် ဖြတ်ထားလျှင် ထိုသူမှာ ပုံမှန် မတ်တတ်မရပ်နိုင်၊ လမ်းမလျှောက်နိုင်၊ ထိုအခါ လမ်းလျှောက်လျှင် ထိုဘက်မှာ ခြေထောက်ဆာနေ၏။ ထော့ကျိုးနေ၏။ သို့မဟုတ် ချိုင်းထောက်ကို အသုံးပြုရသည်။ စုံထောက်ဦးစံရှား၀တၳု တစ်ပုဒ်တွင် ချိုင်းထောက်နှင့် သွားလာသော သူမှာ မြေပျော့၌ ခြေရာတစ်ဖက်နှင့် တုတ်ရာတစ်ခုကို တွေ့ရပုံ၊ ဤသည်ကို ဦးစံရှားက သတိထားမိ၍ ထိုသူ၌ ခြေတစ်ဖက်မရှိဟု မှတ်ချက်ပြုကာ လိုက်ရှာခဲ့သည်။ ဤသည်ကို မင်းသိင်္ခ၏ ဆားပုလင်းနှင်းမောင်၀တၳုတစ်ပုဒ်မှာ လည်း ဖတ်ရ၏။ အမှန်က မူရင်းရှားလော့ဟုမ်း၀တၳုတစ်ပုဒ်ကို မှီးထားကြခြင်းဖြစ်လေသည်။
(2) ခါးကုန်း၍ လျှောက်ခြင်း
ခါးရိုးကျိုးထားလျှင်ဖြစ်စေ၊ ခါးနာလျှင်ဖြစ်စေ၊ ခါးတီဘီရောဂါရှိလျှင်ဖြစ်စေ၊ အသက်အရွယ်အိုမင်းလျှင်ဖြစ်စေ ခါးကို မတ်မတ်ထား၍မရ။ ထိုအခါ ခါးကိုကုန်း၍ လျှောက်ကြသည်။ သို့မဟုတ် တောင်ေ၀ှးသုံးကြရသည်။ “အဖိုးကြီး အိုခါးကုန်းကုန်းမသေပါနှင့်ဦး။ နောက်နှစ်ခါ တန်ဆောင်မုန်း ပွဲကြည့်ပါဦး” ဆိုသော မြန်မာကဗျာမှာ ခါးကုန်းသော အဖိုးအဖွားများကို ရည်ညွန်းစပ်ဆိုခြင်းဖြစ်သည်။ အသက်ရှည်စေလို၍ “နောင်နှစ်ခါ တန်ဆောင်မုန်းပွဲကြည့်ပါဦး” ဟု စေတနာကို ဖော်ပြခြင်းဖြစ်သည်။ ကမ်ဘာကျော် “နော့တာဒမ်မှ ခါးကုန်းကြီး (Hunchback of Notre Dame) မှာ ကျောရိုး၌ တီဘီရောဂါရ၍ ခါးကုန်းကျောဖုထနေသော လူတစ်ယောက်၏ စိတ်အလှကို ဖွဲ့ဆိုထားသော ၀တၳုဖြစ်သည်။ တကယ့်အဖြစ်အပျက်။
(3) ခြေတုန်လက်တုန်သူများ
စိတ်လှုပ်ရှားလွန်းလျှင်ဖြစ်စေ၊ ဦးနှောက်နှင့် အာရုံကြောများမကောင်းလျှင်ဖြစ်စေ၊ အဆိပ်မိလျှင်ဖြစ်စေ လူတွေမှာ ခြေတုန်လက်တုန်ဖြစ်တတ်၏။ ကြောက်လွန်းသူများမှာလည်း ခြေတုန်လက်တုန်ဖြစ်ကြ၏။ ဦးနှောက်ရောဂါရသူများ ဥပမာ ပါကင်ဆန်ရောဂါ (Parkinson’s Disease) နှင့် ဦးနှောက်တွင်း မြင်းဖုရှိသူများ (Basal Ganglia) တွင် ခြေလက်တုန်ကြ၏။ ဦးနှောက်သေး (Cerebellum) ရောဂါရလျှင်လည်း လက်တုန်သည်။ သို့ဖြစ်၍ ခြေတုန်လက်တုန်ဖြစ်လျှင် ဆရာ၀န်နှင့် တိုင်ပင်အပ်ပေသည်။
(4) အရေပြားအရောင်ပြောင်းလဲမှုများ
လူ၏ အသားအရောင်မှာ လူမျိုးကိုလိုက်၍ ဖြူမည်းဝါညိုအကုန်ရှိ၏။ ဥရောပတိုက်သားတွေက လူဖြူ၊ အာဖရိ ကတိုက်သားနှင့် ကုလားတွေက လူမည်း (ကုလားဟူသည် ကုလပုတ္တ = ကမ်ဘာ့မြသား၊ နှိမ်ခေါ်ခြင်းမဟုတ်ပါ) ဗမာနှင့် မလေးစသည်တို့က လူညို၊ တရုတ်၊ ဂျပန်၊ ကိုရီးယားတွေက လူဝါ။ သို့သော် သူတို့အားလုံး၏ သွေးမှာ အနီဖြစ်၏။ သွေးအားနည်းလျှင် သွေးထဲမှာ သံဓာတ်နည်းလျှင် သွေးအရောင်ဖျော့၏။ ထိုအခါ မျက်နှာဖြူဖပ်ဖြူလျော်၊ အထူးသဖြင့် နှုတ်ခမ်း၊ မျက်ခမ်း၊ လျှာ၊ အာခေါင်စသည် အသည်းရောင်အသားဝါရောဂါရလျှင် ထိုနေရာများမှာဝါ၏။ ကြွက်သေးမှ ရောဂါပိုးကူး၊ အသည်းရောင်လျှင် ပိုဝါ၏။ အသည်းရောင်ငန်းဖျားဝါ (Yellow Fever) ၌လည်း အလွန်ဝါလေသည်။
(5) ဗိုက်ဖောင်းလျှင်သတိ
အသက်ငယ်ရွယ်စဉ်၌ ခန္ဓာကိုယ်မှာ ဗိုက်ချပ်နေက ကောင်း၏။ ဗိုက်စူနေလျှင် ယောကျ်ားဆိုက ၀၍လား၊ ဗိုက်ထဲရောဂါရှိ၍လား၊ ရေဖျဉ်းစွဲလို့လားဟု သံသယရှိကြသည်။ အရက်သောက်သူများမှာ ဗိုက်ဖောတတ်ရာ ဘီယာဗိုက် (Beer Belly) ဟု အချို့က ဘီယာကြောင့် ဗိုက်ဖောင်းရသည်ဟု နောက်တတ်ကြသည်။ မိန်းကလေးများ၌ ဗိုက်ဖောင်း လျှင် ပထမသံသယမှာ ကိုယ်၀န်ဖြစ်၏။ ဒုတိယမေးခွန်းမှာ သားအိမ်နှင့် ဥအိမ်တို့ ရောဂါရ၍လားဟုဖြစ်သည်။ ဆရာ၀န်အထူးသဖြင့် သားဖွားမီးယပ်ရောဂါဆရာ၀န်ကို တိုင်ပင်ရန်လိုပါသည်။
ခန္ဓာဗေဒမေ့နေ၍ ဒုက္ခရောက်ရသော ဆရာ၀န်များ
ဤသည်မှာ ဆရာ၀န်များကို နှိမ်ချလို၍ ယေဘုယျသဘောရေးသားတင်ပြခြင်း မဟုတ်ပါ။ “ပညာရှိသတိဖြစ်ခဲ” ဟူသော အဆိုအတိုင်း ခန္ဓာဗေဒဘာသာကို သင်ထားပါလျက် အရေးကျလျှင် မေ့တတ်၍ ဖြစ်တတ်ပုံကိုတင်ပြဖြစ်ပါ သည်။ ဆရာ၀န်ကောင်းများအတွက် ရယ်စရာ (Laughter in Medicine) ဟု သဘောထားကြပါကုန်။
(1) တစ်ခါက ရန်ကုန်မှာ ခွဲစိတ်ဆရာ၀န်ကြီးနှင့် ပါမောက္ခဒေါက်တာ ကျော်မောင်သည် ကျန်းမာရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ဖြစ်သောအခါ ဆေးရုံများကို နယ်လှည့်စစ်ဆေး၏။ မြို့ငယ်ကလေးတစ်ခုတွင် တပည့်ကျော် ဆရာ၀န်တစ်ဦးကို မြို့နယ်ဆရာ၀န်ကြီးအဖြစ် တွေ့ရရာ သူက “ဟေ့ကောင်ကြီး နေရထိုင်ရတာ အဆင်ပြေရဲ့လား၊ ဘာအခက်အခဲများရှိလဲပြော၊ ငါဖြေရှင်းပေးမယ်”ဟု ဆရာတစ်ယောက်၏ ဉာဉ်အတိုင်းမေး၏။ ထိုအခါ ထိုတပည့်ကျော်က “ဆရာကြီးနေရထိုင်ရတာ အဆင်ပြေပါတယ်။ အခု ကျွန်တော်မိန်းမကြီးတစ်ယောက်ကို သားဆက်ခြားဖို့ လုပ်တာ သားအိမ်ရှာမရဘူးဆရာ” ဟု ဆိုကာ လူနာကို ပြ၏။ လူနာမှာ ကလေး 3 ယောက်မိခင်၊ သူမ၏ သားအိမ်ပြွန်ကို ဖြတ်လိုခြင်းဖြစ်၏။ ဆရာကြီးက လူနာကို ဘယ်တုန်းကနောက်ဆုံး ကလေးမွေးလဲ”ဟု မေး၏။ လွန်ခဲ့တဲ့တစ်နှစ်ကဟု သူမကဖြေ၏။ “အေး …. အေး ကောင်းပြီ” ဟု ဆိုကာ ဆရာကြီးသည် လူနာထံမှ မြို့နယ်ဆရာ၀န်၏ ရုံးခန်းသို့မြို့နယ် ဆရာ၀န်ကိုခေါ်က နှစ်ဦးချင်းပြော၏။ “ဟေ့ကောင်၊ မင်းလူနာက ကလေးမွေးပြီးတာ 1 နှစ်ရှိပြီဆိုတော့ သားအိမ်က ကျုံ့သွားပြီကွာ၊ မင်းဘယ်မှာ ရှာတွေ့မလဲ။ အဲဒီတော့ ဆေးရုံကြီးတစ်ခုခုကိုပဲ လွှဲပေးလိုက်တော့” ဟု ပြောရ၏။
(2) နှလုံးလည်းမရှိ အသက်ကလည်း ရှင်လို့
တစ်ခါက ဆေးပညာပါမောက္ခအဘဦးလှမြင့်သည် နယ်သို့လှည့်ကြည့်ရာ ဆေးရုံတစ်ရုံတွင် သူ့တပည့်ဟောင်းကို ဆရာ၀န်အဖြစ်တွေ့ရ၏။ ဦးလှမြင့်က “ဒေါက်တာကြီး၊ ဘာများပြစရာရှိလဲ” ဟု မေး၏။ ထိုဆရာ၀န်က “အဘ၊ ဒီလူနာမှာ ကျွန်တော်စမ်းတာ နှလုံးမတွေ့ရဘူး၊ ဘယ်ဘက်ရင်အုံကို အသေအချာစမ်းတာ၊ ထိပ်ချွန်ခုန် (Apex Beat) တောင်မရှိဘူး” ဟု ပြော၏။ ထိုအခါ ဆရာဦးလှမြင့်က ရယ်လျက် “နှလုံးဆိုတာ မရှိဘဲ ဘယ်အသက်ရှင်လို့ရမလဲ၊ ဘယ်ဘက်မှာ မရှိရင် ညာဘက်မှာ ရှိရမှာပေါ့” ဟု ဆိုကာ စမ်းပြ၏။ “မင်းခန္ဓာဗေဒပြန်ဖြေရင် ကိုမောင်မောင်ညိုက ချမှာသေချာတယ်၊ ဒါ ညာဘက်ရွေ့နှလုံးလေ (Dextrocardia)” ဟု ဆရာဦးလှမြင့်က ပြောပြလေ၏။ ဤသည်မှာ သနေ္ဓသားဘ၀ နှလုံးဖြစ်စဉ်တွင် နေရာလွဲတည်ရှိမှုကြောင့် ဖြစ်ပေသည်။
(3) ဒေါက်တာရမ်းကုလက်သရမ်းမှု
တစ်ခါက စာရေးသူထံသို့ အလွန်ခင်မင်သောသူတစ်ဦးက လူတစ်ဦးကို လွှတ်လိုက်ပါသည်။ ထိုသူမှာ အသက် 40 ခန့်ရှိ၍ သူ၏ဇနီးမှာလည်း 35 နှစ်ရှိပါပြီ။ ကလေးသုံးယောက်မှာ အငယ်ဆုံးက 2 နှစ်၊ 3 နှစ်အရွယ်၊ ဉာဏ်ရည်ထိုင်း ကလေး(Down’s Syndrome) ဖြစ်၍ သူတို့မှာ နောက်ထပ်ကလေး ထပ်မလိုချင်တော့၍ အကူအညီတောင်းခြင်းဖြစ်ပါသည်။
“ကျွန်တော်ရွာက ကျန်းမာရေးမှူးနှင့် ခွဲဖူးပါတယ် (အကြောဖြတ် ဖူးပါတယ်)” ဟု သူကပြော၏။ “ဒါဖြင့် စမ်းကြည့်မယ်” ဟုဆိုကာ သူအားသုတ်ထွက်စေပြီး မှန်ဘီလူးအောက်ကြည့်ရာ သုတ်ကောင်များကို တွေ့ရပါသည်။ “ခင်ဗျား သုတ်ကြောဖြတ်တာ မအောင်မြင်ဘူး၊ ထက်ဖြတ်ချင်ရင် သားဆက်ခြားဖို့ တင်ရမယ်” ဟု ဆိုကာ ထိုစဉ်က ဆရာ၀န်ကြီး ဦးရွှေဘင်ကိုပြသ၍ သားဖြတ်ဘုတ်အဖွဲ့သို့ ဗီဇရောဂါအခြေခံကို အကြောင်းပြတင်ရပါသည်။ ကလေးလည်း သုံးယောက်ရပြီးဖြစ်၊ မိခင်မှာလည်း 35 နှစ်အသက်ကျော်နေပြီဖြစ်၍ ဘုတ်အဖွဲ့က အကြောဖြတ်ရန် ခွင့်ပြု လိုက်ပါသည်။ ဆရာ၀န်တစ်ဦးနှင့် စာရေးသူတို့ သူ၏အကြောကို ခွဲကြည့်ရာ သုတ်ကြောမှာ လုံး၀ဖြတ်မထား။ ထိုရမ်း ကုသည် ေ၀ှးစေ့အရေပြားကိုသာ ဓားဖြင့်လှီးထားကာ ပိုက်ဆံယူလိုက်ခြင်းဖြစ်ပါသည်။ ကံကောင်း၍ ကိုယ်၀န်ထပ်မရ။ နို့မဟုတ်က သူတို့မှာနောက်ထပ် ဉာဏ်ထိုင်းသောကလေးတစ်ဦးကိုထပ်ရနိုင်ပေသည်။
ယခုစာရေးသူခံစားနေရသော ခန္ဓာကိုယ်နာကျင်မှုများ
စာရေးသူမှာ 2014 ခုနှစ်၊ ဇွန်လမှစ၍ ရန်ကုန်မြို့သို့ ပြန်လာနေထိုင်ရာ ဗဟန်းမြို့နယ်ရှိ နှင်းဆီကုန်းဘိုးဘွား ရိပ်သာကြီးတွင် အခပေး၍ နေပါသည်။ ခိုကိုးရာမဲ့ ဘိုးဘွားများလိုစုမနေရဘဲ နှင်းဆီမြိုင် အမည်ရှိ လေးထပ်တိုက်သစ်တွင် မိမိဘာသာနေရပါသည်။ ရေမီးအစုံအလင်နှင့် ထမင်းစားပွဲလက်ရှေ့ရောက် အဆင်သင့်စားရုံ၊ နေရုံသာ။ သို့ဖြစ် ၍ စာရေးချင်သလိုရေး၊ စာဖတ်ချင်သလိုဖတ်၊ မိမိ၏ဆုံးဖြတ်ချက်သာဖြစ်ပါသည်။
သို့သော်ခက်သည်မှာ စာရေးသူသည် ရန်ကုန်မြို့ရောက်ကတည်းက ဟိုကနာ၊ ဒီကနာ၊ စာရေးလျှင်လည်း ညောင်း၊ ထိုင်လျှင်လည်းခါးနာ၊ တစ်နေရာမှာကြာလျှင် ခေါင်းကိုက်၊ ငယ်ငယ်ကလို ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက်မနေနိုင်၊ မလှုပ်နိုင်ပါ။ ရန်ကုန်မှာ မိုးကကောင်းသဖြင့်လည်း လမ်းမှန်မှန်မလျှောက်နိုင်၊ စက်ဘီးလည်း မစီးရဲ၊ ကားလည်း မမောင်းရဲ။ သို့ဖြင့် ဗီတာမင်တွေစား၊ အနာအကျင်ပျောက်ဆေးတွေလိမ်း၊ မနာကျင်ဆေးသောက်၊ ပျောက်တော့ မပျောက်။
သို့ဖြင့် ဘာလုပ်ရမလဲဟု စဉ်းစားကာ ခန္ဓာဗေဒဘာသာရပ် ပါရဂူဖြစ်သည့်အားလျော်စွာ ခန္ဓာဗေဒကိုပင် အားကိုး၍ မိမိဘာသာကုသရပါတော့သည်။
(1) ခါးနာခြင်း
ခါးနာခြင်းမှာ ခါးရိုးများကို ဆက်သည့်ကြွက်သားများ ပုံမှန်မလုပ်၊ အားမသန်၍ဖြစ်ရာ ခါးကိုလှုပ်ရှားလေ့ကျင့်ရပါသည်။ ခါးကို ရှေ့ကွေး၊ နောက်ကော့၊ ဘေးကွေး၊ နေ့စဉ်မှန်မှန်လုပ်ရန်၊ တစ်ခါလုပ် အကြိမ်သုံးဆယ်။
(2) ပေါင်တံနောက်ကြွက်သား နာကျင်ခြင်း
ပေါင်တံနောက် ကြွက်သားများ (Hamstrings Muscles) များ မသန်မာသဖြင့် ယင်းတို့၏ အရွတ်ရှိရာ ဒူးဆစ် ဘေးအတွင်းအပြင်မှာ အမြဲနာကျင်နေသည်။ ဤသည်ကို သက်သာရန်ပေါင်တံနောက် ကြွက်သားများကို လှုပ်ရှားရ ၏။ နေ့စဉ် ပေါင်ကို ရှေ့ကန်၊ နောက်လှန် တစ်နေ့ အကြိမ်သုံးဆယ်လုပ်ရသည်။ ထိုအခါလင်နမင်း (Linament) လိမ်းရန် မလိုတော့ချေ။ နာကျင်မှုပျောက်သွား၏။
(3) စာရေးလျှင် ညောင်းသည်ကို ပျောက်ရန်
လက်ကို အပေါ်ထောင် လက်ဝါးချင်ရိုက်၊ လက်များကို ရှေ့သို့ယက်ပေး၊ တစ်နေ့အကြိမ် သုံးဆယ်မှန်မှန်လုပ်။ ဆေးလိမ်းမို့၊ စားဖို့ မလိုတော့ပြီ။
(4) ထိုင်ရာမှ မထနိုင်သည်ကိုထရန်
စာရေးသူ၏ ပေါင်ရှေ့ကြွက်သားများ (Quadriceps Femoris) များမှာ မသန်တော့သဖြင့် ထိုင်ရာမှ အလွယ် တကူထမရ။ အခြားသူက ကူမှရ၏။ မတ်တပ်လည်းကြာကြာမရပ်နိုင်။ သို့ဖြစ်၍ ယင်းဆန့်ကြွက်သားများ (Extensor) သန်ရန် နေ့စဉ်ခန္ဓာကိုယ်ကို ထိုင်ထ အကြိမ်သုံးဆယ်လုပ်ရသည်။ လုပ်ပြီးတစ်ပတ်အကြာမှာ မိမိဘာသာထိုင်ရာမှ ထ၍ရသည်။ နောက်တစ်ပတ်ထပ်အကြာမှာ ထ၍ အကြာကြီးရပ်နေနိုင်သည်။ ဤတွင် ခါးနာခြင်း၊ ဒူးနာခြင်း၊ ခြေသလုံးနာခြင်းတို့ ပျောက်ကုန်ပါသည်။ မည်သည့်ဆေးမှ စားရန်မလိုပါ။
(5) ရဟန်းတော်များအား ဇီ၀က၏ အကြံပေးချက်
မြတ်စွာဘုရားလက်ထက်က သမားတော်ကြီး ဇီ၀ကသည် ရာဇဂြိုဟ်ပြည့်ရှင် ဗိမ္မိသာရမင်းကြီး၏ သမားတော် ကြီးဖြစ်ရုံသာမက မြတ်စွာဘုရားနှင့် ရဟန်းတော်များ၏ သမားတော်များလည်းဖြစ်သည်။ ရဟန်းတော်များမှာ တရား ထိုင်လွန်း၍ လေးလံထိုင်းမှိုင်း၊ အညောင်းမိကြရာ ဆရာဇီ၀က က “ရဟန်းများကို ကိုယ်လက်လှုပ်ရှားပါစေ၊ ဆွမ်းမခံ ဘဲကျောင်းသင်္ခန်းမှာနေလျှင် အမှိုက်လှဲ၊ ရေခပ်၊ သန့်ရှင်းရေးလုပ်၊ သူတို့ဘာသာ သင်္ကန်းလျှော်၊ လှုပ်ရှားပါစေ”ဟု မြတ်စွာဘုရားအား အကြံပေးလျှောက်ထားရာ မြတ်စွာဘုရားက ထိုအတိုင်းပြုစေသည်။ ထိုအခါ ရဟန်းများမှာ အညောင်းအညာပျောက်ပြီး သွက်လက်လန်းဆန်း၍ ပြန်လည်ကျန်းမာလာကြသည်။
သက်ကြီးရွယ်အို ကျန်းမာရေး ကိုယ်လက်လှုပ်ရှားပေး
တစ်ခါတွင် စာရေးသူ၏ဇနီး ဒေါက်တာနန်းဥမ္မာက “ဆရာကြီး အလျင်ကလို ကိုယ်လက်မလှုပ်ရှားဘူး၊ ငြိမ်နေ လို့အားနည်းနေတာ၊ အရင်က တစ်နေ့ကြိုး 400 ခုန်တယ်” ဟု ပြောပါသည်။ စာရေးသူက “ဟုတ်တယ်၊ အဲဒီတုန်းက အသက် သုံးဆယ်ကျော်လေးဆယ်တွင်း၊ အခု ခုနစ်ဆယ့်ခုနစ်နှစ် (77 နှစ်) ရှိပြီ။ အဲဒီလို လုပ်မရတော့ဘူး” ဟုပြောရပါသည်။
မှန်ပေသည်။ ထိုစဉ်က စာရေးသူသည် မနက်အစောကြီးထ ကြိုးခုန်၊ ရေချိုး၊ ကော်ဖီသောက်၊ တစ်နေ့လုံး အလုပ်လုပ်၊ ညနေမှာ တင်းနစ်ရိုက် သို့မဟုတ် ဘတ်စကက်ဘောကစား၊ လူက လန်းဆန်းသွက်လက်။ ယခုကား မရတော့ပြီ။ ကြွက်သားတွေက သေးကုန်ပြီ။ ကြွက်သားထု က လျော့သွားပြီ။ ဆေးပညာအရ ကြွက်သားအားဖြည့်ဓာတ် (Myoglobin) နည်းသွားပြီ။ အသက် 65 နှစ်မှ 80 နှစ်အတွင်းသုံးဆယ်ရာခိုင်နှုန်းလျော့သွားပေပြီ။ ဒါတောင် စာရေးသူမှာ ဘာရောဂါမျှမရှိ။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ မူးယစ်ဆေး မစွဲ။ သဘာ၀အရ ဇရာ၏ဒဏ်ပင်။
Credit; ဒေါက်တာမောင်မောင်ညို
Health Digest Journal
Vol; 13, No; 22, 24-2-2016






























