/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ခုခံအားစနစ်ကောင်းအောင်

ခုခံအားစနစ်ကောင်းအောင်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

       လူ့ခန္ဓာကိုယ်ထဲမှာ ခုခံအားစနစ်ဟာ ကူးစက်ရောဂါပိုးတွေကြောင့် ဖြစ်ပွားတဲ့ရောဂါများကို ခုခံတိုက်ဖျက်ရာမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒါဟာ အမြဲမဟုတ်ပါ။ တစ်ခါတလေ ခုခံအားစနစ်ဟာ ကျဆင်းတတ်ပါတယ်။ ဆိုလိုတာက သင်ဟာသိပ်ပင်ပန်းပြီး အာဟာရဓာတ်ချို့တဲ့လာတဲ့အခါ ဒါမှမဟုတ် လုံလောက်တဲ့ ခုခံအင်အားမရှိတဲ့အခါမျိုးမှာ ရောဂါပိုးက သင့်ခန္ဓာကိုယ်ထဲအောင်မြင်စွာထိုး ဖောက်၀င်ရောက်လာကြပြီး ပွားများလာတဲ့အခါမှာ သင့်အားနေထိုင်မကောင်းဖြစ်စေပါတယ်။ အဲဒီအခါ ပိုးတွေကြောင့် ရောဂါကူးစက်ခံရချိန်မှာ ခံစားရတဲ့ ေ၀ဒနာဖြစ်စဉ်တွေကို ခုခံနှောင့်ယှက်တန်ပြန် ဖျက်ဆီးပစ်ရန် သင့်ရဲ့ခုခံအားစနစ်ဟာ သန်စွမ်းကြံ့ခိုင်မှုရှိပါသလား။ သင့်ခန္ဓာကိုယ်တွင်းက ခုခံအားစနစ်ကို လုံလောက်တဲ့အာဟာရဓာတ်စားပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း မှန်မှန်လုပ်ပေးခြင်းက ကြ့ံခိုင်သန်စွမ်းလာအောင်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အချို့ သောဗီတာမင်တွေ သို့မဟုတ် သတ္တုဓာတ်ဆားတွေ၊ အင်တီအောက်စီးဒင့်တွေနှင့် လိုက်ဖ်စတိုင်လ်ပြောင်းလဲနေထိုင် စားသောက်ခြင်းတို့က သင့်ရဲ့ခုခံအားစနစ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။

 

          ပထမဆုံး သင်ရွေးချယ်ရမယ့် အချက်ကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်သွားလာ လှုပ်ရှားမှုတွေကို နေ့စဉ် မှန်မှန်ပြုလုပ်ပေးရန်လိုပါတယ်။

 

          အောက်မှာဖော်ပြမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လမ်းညွှန်ချက်များကတော့ သင့်ခန္ဓာကိုယ်ခုခံအားစနစ် ကြံ့ခိုင်သန်စွမ်းကျန်းမာအောင် အကောင်းဆုံးပြုပြင်ပေးမယ့် လမ်းညွှန်ချက်တွေဖြစ်လို့ မဖြစ်မနေ လိုက်နာကျင့်သုံးပါက သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုမှာဖြစ်တယ်။

 

          ခန္ဓာကိုယ်ခုခံအားစနစ်အပါအ၀င် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာ ပတ်၀န်းကျင်ဆိုင်ရာ ထိုးနှက်ချက်များမှ ကာကွယ်ပေးပြီး ခန္ဓာကိုယ်တွင်းလုပ်ငန်းတွေ ပိုမိုကောင်းမွန်လာစေကာ သင့်အားကျန်းမာပျော်ရွှင်စေနိုင်ပါတယ်။

 

          သင့်အား ကျန်းမာသက်ရှည်ပျော်ရွှင်အောင် ထောက်ခံအားပေးနိုင်တဲ့ လမ်းညွှန်ချက်များက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

(1)     ဆေးလိပ်မသောက်ပါနှင့်

 

(2)     အရက် - တန်ဆေးလွန်ဘေးပါ။ အရက်နှင့်ဆေးလိပ်ကရှောင်လေကောင်းလေပါ။ မသောက်ရ မနေနိုင်ဖြစ်ပါက အသင့်အတင့်မျှသာသောက်ပါ။

 

(3)     သစ်သီးအမျိုးစုံစားပါ။ တစ်နေ့ 3-4 မျိုးရအောင် အနည်းငယ်စီ စုံအောင်စားပါလေ။ ဟင်းသီးဟင်းရွက်ကို အသားထက်ပို၍ များများစားပါ။

 

(4)     အစေ့အဆန်တွေ များများစားပါ။ (အဆီဓာတ်နည်းပါးစေတဲ့ အစေ့အဆန်များမှာ သစ်ကြားသီး၊ ဗာဒံသီး၊ နေကြာစေ့၊ ရွှေဖရုံစေ့) Whole Grains၊ ဂျုံနှင့် ဆန်လုံးညို

 

(5)     သင့်တင့်မျှတသော ကိုယ်အလေးချိန်ထိန်းထားပါ။

 

(6)     သွေးပေါင်ချိန် ပုံမှန်ရအောင် ထိန်းပါ။

 

(7)     သွေးချိုဆီးချိုရှိလျှင် သွေးတွင်းသကြားဓာတ်နှင့် ကိုလက်စထရောလ် (အဆီဓာတ်) ပုံမှန်ရအောင် ထိန်းပါလေ။

 

(8)     အိပ်ရေး၀အောင်၊ လုံလောက်တဲ့အိပ်ချိန်ရအောင် (တစ်နေ့ 7 နာရီ) အိပ်နိုင်သမျှ အိပ်ပါ။

 

(9)     အအေးမိအောင် သင့်အနေအထိုင်၊ အလေ့အထများအား ပြုပြင်ပြောင်းလဲလိုက်ပါ။ ဥပမာ- လက်မကြာခဏ ဆေးခြင်း၊ နံနက်စောစောနှင့် ညမိုးစုပ်စုပ်ချုပ်မှ ရေအေးဖြင့် ရေချိုးခြင်း၊ ရေ/ချေွးတအားစိုနေတဲ့ အ၀တ်များနှင့် အိပ်ခြင်း၊ ဦးခေါင်းဆံပင်များ ရေမသွေ့ခြောက်ခင် တရေးအိပ်ပျော်သွားခြင်းစတဲ့ အမူအကျင့်များအား လက်တွေ့ ကျကျပြုပြင် ပြောင်းလဲပစ်ပါ။ ကူးစက်ရောဂါများရှောင်ကြဉ်ရန် မည်သည့်အချက်များက အရေးကြီးသလဲဆိုတာ သတိထားရပါမယ်။ ဥပမာ-ဘတ်စ်ကားစီးပြီးရင် အိမ်ရောက်ပါက လက်များကို ရေ၊ ဆပ်ပြာနှင့်ဆေးတာမျိုး ပြုလုပ်သင့်ပါတယ်။

 

(10)  ပုံမှန် နေ့စဉ် နာရီ၀က် သို့မဟုတ် 1 နာရီခန့် ကိုယ်လက်လှုပ်ရှားပေးပါ။

 

(11)  မိမိအသက်အရွယ်အလိုက် ပုံမှန်ဆေးစစ်ခြင်းအား ပြုလုပ်သင့်ပါတယ်။ နာတာရှည်ရောဂါရှိသူများရော၊ ကျန်းမာနေတဲ့သူပါ လိုအပ်သလို ပုံမှန်ကျမ်းမာရေး ဆေးစစ်သင့်ပါတယ်။

 

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol; 13, No; 23, 2-3-2016