/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ခြေထောက်-အကြောကျဉ်းပိတ်ရောဂါများ

ခြေထောက် အကြောကျဉ်းပိတ်ရောဂါများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ခြေထောက်အကြောပိတ်ရောဂါများဆိုရာမှာ ဆေးပညာအရတော့ အတော်လေး ကျယ်ပြန့်တဲ့ ဘာသာရပ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတော့ သွေးလွှတ်ကြောများ ပိတ်ဆို့တဲ့ရောဂါအကြောင်း တစေ့တစောင်း တင်ပြခဲ့ပါတယ်။ ရုတ်ခြည်းသွေးလွှတ်ကြောပိတ်ဆို့ခြင်း (Embolism) ကိုတော့ သွေးကြောကျဉ်း ပိတ်တဲ့ရောဂါတွေဆိုတာ ဘာတွေလဲဆိုတာတွေကိုလည်း သိထားဖို့ လိုလာပြန်ပါတယ်။ ခြေထောက်မှာ လည်း သွေးလွှတ်ကြော (Arteries)၊ သွေးပြန်ကြော (Vein)၊ အဆီရည်ကြော (Lymphatic) နဲ့ အာရုံကြော (Nerves) တွေမှာ ဖြစ်တဲ့ရောဂါတွေကနေ အမျိုးသားတွေမှာ အဖြစ်များတဲ့ရောဂါတွေကို အလေးပေးဆွေးနွေးမှာဖြစ်ပါတယ်။

           သွေးပြန်ကြောတွေမှာကတော့ သွေးပြန်ကြောတွေအတွင်းမှာ သွေးခဲပြီး ပိတ်ဆို့ရာကနေ (Deep Vein Thrombosis) ကြီးများ ဖောင်းကာရှည်လျားတွန့်လိမ်သွားတဲ့ Varicesed Vein တွေအကြောင်း အဆီရည်ကြောတွေနဲ့ အဆီရည်ကျိတ်တွေရောဂါကြောင့် ပိတ်ဆို့ပြီးခြေထောက်တွေ ဆင်ခြေထောက်လို ကြီးမားလာတဲ့ Elephantiasis ရောဂါတွေအကြောင်းနဲ့ အာရုံကြောသွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့လို့ ထုံကျဉ်ကိုက်ခဲရာကနေ အနာတွေဖြစ်လာတဲ့ Trophic ulcer များအကြောင်း အများသိကောင်းစရာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

           ရုတ်ခြည်းသွေးကြောကျဉ်းပိတ်တာကိုတော့ ထိခိုက်ဒဏ်ရာရတဲ့အခါ ခြေထောက်မှာ ခွဲစိတ်ရာတွင် သွေးထွက်မှုနည်းစေရန် Tourniquet (Elastic ကြိုး) ဖြင့် ချည်နှောင်ထားတဲ့ အခါနဲ့ သွေးလွှတ်ကြောအတွင်း အခြားနေရာက သွေးခဲတွေလာရောက်ပိတ်ဆို့တဲ့ (Embolism) ရောဂါမှာ ကြုံတွေ့ရတတ်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခါမှာ သွေးကြောပြတ်တောက်ခြင်း (Arteries Disruption)၊ ကြွက်သားအရွတ်တွေကြားက သွေးခဲတုံးများ (Haematoma) များက ဖိထားခြင်း၊ အရိုးနဲ့ အရွတ်ပြင်ကြားက ကြွက်သားများ ရောင်ရမ်းမှုကြောင့် ကျဉ်းမြောင်းခြင်း (Osteo-fascial Compression) များကြောင့် သွေးသွားလာမှုမရှိတော့ဘဲ ခြေထောက်ပုပ်ဆွေးသွားသည်အထိ ဖြစ်တတ်လို့ ဒီလိုအခြေအနေကို ကုသပေးတဲ့ သမားတော်တွေအနေနဲ့ အထူးဂရုစိုက်ဖို့ လိုအပ်လှပါတယ်။ Tourniquet ချည်ရာမှာလည်း ဘယ်လိုဖိအား (Pressure) ထည့်ပြီး ဘယ်လောက်ကြာကြာထားရမလဲဆိုတာ မှတ်သားပြီး သူ့ကန့်သတ်ထားတဲ့ ဖိအားအချိန်တွေအတွင်းမှာသာ ခွဲစိတ်ပြီး ပြန်ဖြုတ်ဖို့ အထူးလိုအပ်လှပါတယ်။ တချို့ပြန်မဖြုတ်မိလို့ ခြေထောက်ကို ဖြတ်ပစ်ရတဲ့အဖြစ်ဆိုးမျိုး၊ တရားစွဲဆိုခံရတာမျိုးဖြစ်တဲ့အခါ လူနာရော၊ သမားတော်အတွက်ပါ နှစ်ဦး နှစ်ဖက်စလုံး အကျိုးယုတ်ဖြစ်တတ်လို့ အထူးစပါယ်ရှယ် ဂရုစိုက်သတိထားရမှာဖြစ်ပါတယ်။ ယခုတင်ပြလိုတာကတော့ Embolism ရောဂါအကြောင်းပဲဖြစ်ပါတယ်။ များသောအားဖြင့် ဒီသွေးခဲတွေဟာ နှလုံးအဆို့ရှင်ရောဂါကြောင့် နှလုံး၏ ဘယ်ဘက်အပေါ်အခန်း (Left Atrium) ဟာ ကျယ်၀န်းပြီး နှလုံးခုန်နှုန်းမမှန်ကန်တဲ့အခါမှာ သွေးတွေခဲစုပြီး ဒီသွေးခဲရဲ့ အပိုင်းအစတွေဟာ နှလုံးဘယ်အောက် အခန်း (Left Ventricle) ကနေ သွေးလွှတ်ကြောတွေတစ်လျှောက် ပျံ့နှံ့ပြီး သွေးလွှတ်ကြောတွေကို ပိတ်ဆို့စေတတ်ပါတယ်။ ဦးခါင်းဘက် ဦးနှောက်သွေးကြောတွေ ပိတ်ပင်တဲ့အခါမှာတော့ ရုတ်တရက်လေဖြတ်သလိုဖြစ်ကာ အူသွေးကြောတွေပိတ်တဲ့အခါမှာ ၀မ်းဗိုက်နာပြီး တချို့မှာတော့ အူတွေပုပ်ဆွေးသွားတတ်ပါတယ်။ ခြေထောက်ပိုင်း သွေးပို့လွှတ်ကြောတွေမှာ ဒီသွေးခဲတွေ ပိတ်ဆို့ပါက ရုတ်ခြည်းခြေထောက်တွေ မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲပြီး အေးကာ သွေးခုန်မှုကိုလည်း စမ်းလို့မရဘဲ  ဖြစ်တတ်ပါတယ်။ ခြေထောက်အရောင်လည်း ဖြူဖပ်ဖြူရော်ဖြစ်ပြီး ကြွက်သားတွေက သွေးမရ လို့ အောက်ဆီဂျင်မရဘဲ ဖြစ်နေသလို Anaerobic Metabolism ကြောင့် Lactic Acid အစရှိတဲ့ Metabolites တွေ စုနေပြီး နာကျင်မှုကို ဖြစ်စေပါတယ်။ ဒီလိုလူနာမျိုးမှာ နှလုံးရဲ့အဆို့ရှင် အထူးသဖြင့် Mitral Valve ကျဉ်းမြောင်းပြီး နှလုံးဘယ်အပေါ်ခန်းကြီးနေတာကို ရောဂါလက္ခဏာအဖြစ် စမ်းသပ်တွေ့ရှိနိုင်သလို ECG tracing, Chest X’Ray တွေကနေလည်း ခန့်မှန်းနိုင်ပါတယ်။

           ယခုခေတ် ECHO Cardiogram ရိုက်တာကြည့်ပါက အဆို့ရှင်တွေရဲ့ လှုပ်ရှားမှု၊ ကျဉ်းနေမှု၊ ယိုစိမ့်မှုတွေအပြင် ကျယ်၀န်းလာတဲ့နှလုံးအခန်းနဲ့ သွေးခဲတွေရဲ့ လှုပ်ရှားနေမှုကိုပါ တွေ့ရှိနိုင်ပါတယ်။ Doppler Examination လုပ်ကြည့်ပါက သွေးလွှတ်ကြော၊ သွေးပြန်ကြောအတွင်း သွေးသွားလာလှုပ်ရှားမှုကို တိုင်းတာသိရှိနိုင်ပြီး Femoral Angiogram ကတော့ ဘယ်နေရာမှာ ဘယ်လောက်အထိ ပိတ်ဆို့နေတယ်၊ Collateral Circulation Bypass Flow အတွက် သွေးလွှတ်ကြောတွေ ဘယ်လိုဆက်သွယ်ပေါင်းစည်းနေတယ် ဆိုတာတွေကိုပါ သိရှိနိုင်ပါတယ်။ ဒီလိုအခြေအနေကို စောစီးစွာသိရှိပါက သွေးခဲပျော်ဆေးတွေပေးခြင်းဖြင့် သွေးလွှတ်ကြော ပိတ်ဆို့မှုကို ဖယ်ရှားကုသပေးနိုင် သလို၊ သွေးခဲမှုထပ်မဖြစ်စေဖို့ သွေးမွှားဥ လျော့နည်းစေတဲ့ ဆေးတွေလည်း ပေးနိုင် ပါတယ်။ Aspilet နဲ့ Clopidrogel ဆေးတွေက အထောက်အကူပေးသလို သွေးခဲကြေစေတဲ့ Streptokinase ဆေးတွေက သွေးခဲတွေကို ပျော်ကျစေပြီး ရောဂါကို သက်သာစေပါတယ်။ ဒီလိုနည်းလမ်းတွေနဲ့မှ သွေးကြောတွေပြန်မဖွင့်ဘဲ နာကျင်မှုသက်သာပါက ဒီသွေးခဲတွေကို Fogarly’s Catheter အသုံးပြုပြီး Ballon လေးတွေနဲ့ ဆွဲထုတ်ခြင်းဖြင့် သွေးလွှတ်ကြောလမ်းကြောင်းကို ပွင့်စေနိုင်ပါတယ်။ ဒီလိုဆောင်ရွက်ပေးလို့မှ အကြောင်းမထူးပါက သွေးပြန်ကြောအစားထိုးပြီး ပိတ်ဆို့နေတဲ့ သွေးလွှတ်ကြောနေရာကို Bypass လုပ်ပေးခြင်းဖြင့် သွေးသွားလာလည်ပတ်မှုကို ပြန်ရရှိ စေနိုင်ပါတယ်။ သွေးမခဲတဲ့ဆေးတွေ ပေးရသလို၊ နှလုံး ခုန်နှုန်း ပြန်မှန်စေဖို့ ဆေးတွေလည်းပေးရလို့ ဒီလိုလူနာမျိုးကို ခွဲစိတ်ကုသမားတော်နဲ့အတူ နှလုံးသွေးကြော အထူးကုသမားတော်တွေပါ စုပေါင်းကုသပေးကြရပါတယ်။ ဒီလိုကုသပေးပေမဲ့ သွေးကြောတွေကပိတ်ဆို့ ပြီး ခြေထောက်တွေ ပုပ်ဆွေးကာ နာကျင်မှုပြင်းထန်လွန်းပါက ခြေထောက်ကို ဖြတ်ပစ်ရသည် အထိ ဆောင်ရွက်ပေးရတတ်ပါတယ်။

           သွေးလွှတ်ကြော အကြီး၊ အလတ်၊ အသေးတွေကို ယခုတင်ပြခဲ့တဲ့ရောဂါအကြောင်း ကျဉ်းမြောင်းပိတ်ဆို့မှု ဖြစ်စေတတ်သလို၊ အခြားအကြောင်းများကြောင့် Arteritis သွေးကြောရောင်ရမ်းမှုရောဂါတွေကြောင့်လည်း သွေးကြောတွေ ကျဉ်းမြောင်းပိတ်ဆို့နေတယ်လို့ ဘာကြောင့်ဖြစ်တယ်ဆိုတာ အလွယ်တကူသိနိုင်တဲ့အခါမှာ သွေးကြောအပိုင်းအစကို ထုတ်ယူပြီး ဓာတ်ခွဲစမ်းသပ်ဖို့ စစ်ဆေးကြရပါတယ်။ ဒီလို Biopsy လုပ်လို့ ဘာကြောင့်မှန်းမသိရတဲ့ သွေးကြောရောင်ရမ်းမှုရောဂါတွေမှာတော့ Steroid တွေပေးပြီး စမ်းသပ်ကုသပေးရပါတယ်။ ဒီရောဂါတွေဟာ အမျိုးသားတွေမှာ နေ့စဉ်လုပ်ကိုင်ဆောင်ရွက် ရတဲ့ နေထိုင်စားသောက်မှု၊ လုပ်ငန်းသဘာ၀တွေကြောင့် အဖြစ်များကြပေမဲ့ သွေးပြန်ကြောရောဂါတွေကတော့ သားဖွားပြီး မီးယပ်ရောဂါအဖြစ်များတဲ့ အမျိုးသမီးတွေမှာ ပိုများတာလည်း တွေ့ကြုံဖူးပါတယ်။ ဒီသွေးပြန်ကြောရောဂါတွေကတော့ သွေးကြောတွေ ကြီးမားဖောင်းကားပြီး ရှည်လျားကွေ့ကောက်တတ်တဲ့ Varisced Veins တွေနဲ့ သွေးပြန်ကြောအတွင်း သွေးခဲပြီးလူကိုဒုက္ခပေးတတ်တဲ့ Deep Vein Thrombosis နဲ့ Varisced Vein များ သွေးကြောရောင်ပြီး သွေးခဲမှု Phlebothrombosis နဲ့ သွေးခဲပြီး သွေးကြောရောင်ရမ်းမှု Thrombophlebitis တို့ဖြစ်ပါတယ်။ ရောင်းရမ်းမှုပိုကဲတဲ့ Thrombophlebitis မှာတော့ သွေးခဲက သွေးကြောမှာ ကပ်ငြိနေတတ်လို့ သွေးခဲတွေပျံ့လွင့်တဲ့ Venous Embolism အဖြစ်နည်းပေမဲ့ အဓိကသွေးခဲတဲ့ Phlebothrombosis က အတွင်းပိုင်းသွေးပြန်ကြောတွေမှာဖြစ်ပါက သွေးခဲတွေ ပြန်လွင့်ပြီး အဆုတ်သွေးကြောတွေ ကို ပိတ်ဆို့ပါက ရုတ်တရက် အသက်ဆုံးရှုံးသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ဒါကိုတော့ Pulmonary Embolism လို့ ခေါ်ပြီး သက်ကြီးရွယ်အိုတွေ ခွဲစိတ်ပြီးစမှာ ပိုတွေ့ကြုံရတတ်ပါတယ်။

           ဒီလိုဖြစ်လာပါက လူနာဟာ ခွဲစိတ်ပြီး (1-2) ပတ်အတွင်းမှာ အဖျားငွေ့ငွေ့ ရှိတတ်ပြီး ခြေသလုံးတွေ ရောင်ရမ်းကာ ခြေဖဝါးကိုအပေါ်လှန်ကြည့်တဲ့အခါ၊ ခြေသလုံးကို ဖျစ်ညှစ်ကြည့်တဲ့အခါမှာ အနည်းငယ်နာပြီး အိပ်ရာကထတဲ့အခါ၊ လမ်းစလျှောက်တဲ့အခါတွေမှာ ရုတ်တရက် အဆုတ်သွေးကြောပိတ်လို့ သတိမေ့ပြီး နှလုံးခုန်ပါ ရပ်သွားတတ်ပါတယ်။ ဖြစ်စမှာ သတိထားမိပါက သွေးခဲပျော်တဲ့ဆေးတွေပေး ပြီး သွေးခဲကြီးတွေ နှလုံးကတစ်ဆင့် အဆုတ်သွေးကြောတွေကို မပိတ်ဆို့စေဖို့ ခွဲစိတ်ကုသမှုပေးခြင်း၊ အရေးပေါ်နှလုံးနဲ့ သွေးကြော၌ ခွဲစိတ်ပေးခြင်းဖြင့် တချို့မှာ အသက်ကယ်နိုင်ပါတယ်။ များသောအားဖြင့် ပဋိသနေ္ဓတားဆေးအသုံးပြုတဲ့ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတာကို မခွဲစိတ်မီ သူတို့ကိုခြေထောက်သွေးလည်ပတ်မှု ကောင်းစေတဲ့ လေ့ကျင့်ခန်းများလုပ်စေပြီး Elastic Stocking များ ၀တ်ထားစေခြင်းဖြင့် တားဆီးကာကွယ်နိုင်ပါကြောင်းဖြင့် ယခုအပတ်အတွက် နိဂုံးချိုပ်အပ်ပါတယ်။ Varisced Veins အကြောင်းကို နောက်အပတ်မှာ ဆက်လက်ဆွေးနွေးပါမည်။

 

 

 

Credit; ပါမောက္ခဦးမြသိန်းဟန် (အထွေထွေခွဲစိတ်အထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 241, February 2015