စိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်လိုက်ချင်
သမီးလေး ဆောင်းနှင်းမြူ,
“ဒီမှာအမေ ကျွန်တော့်ကို ကြည့်စမ်းပါ”
ဦးဦးရဲ့ တင်းတင်းကျပ်ကျပ် ခိုင်ခိုင်မာမာ ကိုင်စွဲထားတဲ့ လက်တွေရယ်၊ ပြီးတော့ စူးစူးစိုက်စိုက်တည့်တည့် မတ်မတ်ကြီးကြည့်နေတဲ့ မျက်လုံးတွေရယ်ကနေ ေ၀းရာကို ပြေးခွာချင်နေပြီဖြစ်တဲ့ အမေအိုဟာ ဦးဦးရဲ့ ခပ်ကျယ်ကျယ် ခပ်မာမာအသံကိုကြားလိုက်ရတဲ့အခါ ဦးဦးကို ကျောခိုင်းပြီး ဟိုဘက်လှည့်အိပ်နေရာက ဖြည်းဖြည်းချင်း ဦးဦးဘက်ကို ပြန်လှည့်လာခဲ့တယ်။ ဒါပေမယ့် ဦးဦးရဲ့ မျက်လုံးတွေကိုတော့ သူကပြန်မကြည့်ဘဲ သူ့မျက်လုံးတွေကိုမှိတ်ထားလေရဲ့။
“ဒီမှာအမေ - မျက်လုံးဖွင့်ပြီး ကျွန်တော့်ကို သေချာပြန်ကြည့်ပါဦး” လို့ ခပ်ဆတ်ဆတ်လေး ပြောလိုက်တော့မှ မှေးမှိတ်နေတဲ့ သူ့မျက်လုံးလေးတွေ ပြန်ပွင့်လာပြီး ဦးဦးကို မဝံ့မရဲ ပြန်ကြည့်လာတယ်။
“ကိုင်း - အမေ ဘယ်လိုဖြစ်တာလဲ၊ မနေ့ကပဲ အမေနဲ့ ကျွန်တော်သေသေချာချာကြီး သဘောတူညီချက်ယူပြီး သားလေ။ အခုမနက်မှာ ခွဲစိတ်ခန်းထဲ၀င်ပြီး အမေ့ဗိုက်ထဲက အလုံးကြီးတွေကို ဖယ်ရှားခွဲစိတ်ပစ်လိုက်မယ်၊ ဒီအလုံး ကြီး အမေ့ဗိုက်ထဲက ပျောက်သွားပြီဆိုမှ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနဲ့ အမေ့ရွာကို ပြန်မယ်လို့လေ။ အခု ဘယ်လိုစိတ်ပြောင်းသွားပြီး မခွဲစိတ်တော့ဘဲရွာပြန်တော့မယ်လို့ ပြောရတာလဲ၊ အဲဒါ ကျွန်တော့်ကို ပြောပြပါဦး။”
အမေအိုဟာ မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တအီးအီးတအဲအဲနဲ့ ဘာပြန်ပြောလို့ ပြောရမှန်းမသိ။ ယောင်ချာချာ ဖြစ်နေရှာတယ်။ ဟုတ်တော့လည်း ဟုတ်တယ်။ အဲဒီတုန်းက သူ့သဘောတူခဲ့တာကလည်း ရှင်းရှင်း လေး၊ ဦးဦးဆရာ၀န်က ခွဲခန်းထဲ၀င်ပြီး သူ့ဗိုက်ထဲက အလုံးကြီးကို ခွဲထုတ်ပစ်မယ်။ ရောဂါပျောက်သွားတာနဲ့ အိမ်ပြန်မယ်၊ ဒါပဲလေ။ အခုမနက်ကျတော့ အဲသလို ခွဲခန်းထဲ၀င်၊ အလုံးထုတ်၊ အိမ်ပြန်ဆိုတာမျိုး ရိုးရိုးရှင်းရှင်း မဟုတ်တော့ဘဲ သူ့ရဲ့အခြေအနေက ခွဲစိတ်ခန်းထဲ၀င်ရင် ပထမဆင့် မေ့ဆေးပေးရင်း သေနိုင်တယ်။ မေ့ဆေးပေးတာ အောင်မြင်သွားရင်တောင် ခွဲရင်းစိတ်ရင်း သေသွားနိုင်ခြေက သိပ်များတယ်ဆိုတာမျိုးသူသိလိုက်ရတာကိုး။
သူအရင်က မျှော်လင့်ယုံကြည့်ထားတာနဲ့ အခုကြုံရမှာကြီးနဲ့က တခြားစီမှ တခြားစီ ဖြစ်သွားပြီ။ ခွဲခန်းခုတင်ထက်မှာဘဲ ခွဲစိတ်ရင်း သေဆုံးနိုင်ခြေက သိပ်များနေပြီလို့ သူကြားသိလိုက်တဲ့အခါ အမေအိုဟာ သေရမယ့်အတူတူတော့ ဒီလောက်ေ၀းလံတဲ့ သူစိတ်တစ်ရံဆံ နယ်မြေကြီးမှာတော့ မသေပါရစေနဲ့။ သူ့ရဲ့ဇာနိချက်ကြွေ မွေးရပ်မြေ ရခိုင်ပြည်မှာပဲ ပြန်ပြီး အေးအေးဆေးဆေးသေပါရစေဆိုတဲ့ ခံစားချက်မျိုး၀င်ရောက်လာတာဖြစ်တယ်။
ဦးဦးက သူ့လက်ကို ခပ်တင်းတင်း ဖျစ်ညှစ်ပြီး အတင်းမေးတော့မှ သူက မပြောချင် ပြောချင်နဲ့
“သေရမှာချင်းအတူတူဆိုရင်တော့ ရွာကသချႋုင်းကုန်းမှာပဲ သေရတာပိုကောင်းမယ်။ ဒီရန်ကုန်မြို့က သချႋုင်းကုန်းက ဘယ်နားရှိမှန်းလဲ မသိဘူးလို့ဖြေရှာတယ်။
ကိုင်း …. ဘယ်နှစ်ရှိစ သမီးရေ။ ဦးဦးမှာလည်း သူ့စကားကြားရတော့ ရုတ်တရက်ဘာပြန်ပြော လို့ ပြောရမှန်းတောင် မသိတော့ဘူး။ ရယ်ရမလို ငိုရမလိုနဲ့ အူတိအူကြောင်တောင် ဖြစ်သွားတယ်။ ဦးဦးဘာဆက်လုပ်ရမှာလဲ။ သူ့ကို ရန်ကုန်မြို့က သချႋုင်းဘယ်နားမှာရှိသလဲဆိုတာ အရင်လိုက်ပြရရင် ကောင်းမှာလား။
“ဟာ … အမေကလည်းဗျာ၊ နိမိတ်မရှိ၊ နမာမရှိ၊ အမေဘာလို့ သေရမှာလဲ။ ဒီအလုံးကို မရှိတော့ဘဲ ရောဂါ ပျောက်ချင်လို့ ဟိုး …. ရခိုင်ပြည်ကတောင် တောတွေတောင်တွေဖြတ်ပြီး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲလာခဲ့တာ မဟုတ်လား။ အခု ခွဲခန်းထဲ၀င်၊ ခွဲစိတ်ရင်း သေနိုင်တယ်လို့ ကြားလိုက်ရပြီး ဒီလိုစိတ်ပြောင်းသွားတာမဟုတ်လား။ ဒီမှာ အမေရ ကျွန်တော်ပြောပြမယ်။ ခွဲစိတ်တဲ့အခါ အန္တရာယ်ရှိနိုင်တယ်။ သေနိုင်တယ်ဆိုတာ ဘာအထူးအဆန်းမို့ လို့လဲ။ အမေရခိုင်ပြည်က ဒီဘက်ကို ကားစီးပြီးလာတယ်။ တောင်ပေါ်လမ်း အကွေ့အကောက်တွေဖြတ်ရင်း မတော်တဆ ကားမှောက်ပြီး သေနိုင်တဲ့အန္တရာယ်မရှိဘူးလား။
အဲဒီလို မေးလိုက်တော့ …..
အမေအိုက မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ့ ခေါင်းကလေးကို ညိတ်ရှာတယ်။
“ဟုတ်ပြီ၊ အမေ ကားမှောက်ပြီးသေနိုင်တဲ့ အန္တရာယ်ရှိတယ်ဆိုတာသိသိကြီးနဲ့တောင် ကားစီးပြီး ဒီကိုရောက် အောင်လာနိုင်သေးတာပဲ။ သေမယ့်အန္တရာယ်ရှိတိုင်းသာကြောက်ပြီး မလုပ်တော့ဘူးဆိုရင် ကိုင်း …. အမေစဉ်းစား ကြည့် ….. ရန်ကုန်မြို့မှာ လမ်းဟိုဘက် ဒီဘက်ဖြတ်ကူးရတာ မလွယ်ဘူး သိပ်အန္တရာယ်များတယ်။ ကားတွေက ဒရကြမ်းမောင်းနေတဲ့ကြားက ဖြတ်ရတာဆိုတော့ သေနိုင်တဲ့ အန္တရာယ်ကသိပ်များတယ်။ အဲဒီလို လမ်းဖြတ်ကူးရင်းသေတဲ့ မသာတွေလည်း မနည်းဘူး။ ဒါပေမယ့် သေမှာကြောက်လို့ လမ်းကိုမဖြတ်ကူးဘူးဆိုရင် လမ်းဟိုဘက်ကို ဘယ်ရောက်တော့မှာလဲ။ အဲဒီလိုပဲ အခုလည်း အမေ့ဗိုက်ထဲက အလုံးကြီးကို ခွဲစိတ်တဲ့အခါ လမ်းဖြတ်ကူးရင်၊ ကားစီးရင် အန္တရာယ်ရှိသလိုပဲ။ အန္တရာယ်ဆိုတာကတော့ ရှိတာပေါ့။ ဒါပေမယ့် အဲဒီလိုမှ မခွဲရင် ဒီရောဂါဘယ်ပျောက် ပါတော့မလဲ။ ရောဂါပျောက်ချင်ရင် ခွဲစိတ်ဖို့ကလွဲလို့ တခြားနည်းလမ်းမရှိဘူး။ ဒီတော့ သတိ္တရှိရှိနဲ့ ရင်ဆိုင်ကျော်လွှားရမှာပဲ မဟုတ်လား …”
အဲဒီလိုပြောတော့လည်း အမေအိုဟာ အင်းမလှုပ်၊ အဲမလှုပ်နဲ့ ဘာဆိုဘာမှ စကားလည်းမပြန်၊ ခေါင်းလည်း မညိတ်၊ ခေါင်းကလေးကိုပဲ မသိမသာလေး ခါယမ်းလို့နေတယ်။ ဦးဦးလည်း အမေအိုကိုကြည့်ရင်း ကြည့်ရင်း စိတ်မရှည်တော့ဘူး။ သစ်ငုတ်တိုတောင် နှဲ့ပါများရင်နဲ့လာသေးတယ်။ ဒီအမေကြီးက ဘာလဲ။ ဦးဦးဖြင့် သူ့ကိုစိတ်ရှိလက်ရှိ ကိုင်ဆောင့်ပစ်ချင်လာပြီ။ အဲဒီအချိန်မှာပဲ ဦးဦးဟာ စိတ်မထိန်းနိုင်တော့ဘဲ အမေအိုကြီးရဲ့ ပခုံးနှစ်ဖက်ကို လက်နှစ် ဖက်နဲ့ အားရပါးရကိုင်လှုပ်ပြီး …. “ဒီမှာ အမေ၊ ကျွန်တော့်ကိုကြည့်စမ်းပါ” လို့ခပ်မာမာပဲပြောလိုက်တယ်။ သစ်ငုတ်ကြီးနဲ့လာပြီနဲ့တူပါရဲ့။ အမေအိုဟာ မျက်လုံပြူးနဲ့ ဦးဦးကိုအလန့်တကြားပြန်ကြည့်နေပြီ။
Credit; ဒေါက်တာစိုးလွင်
Health Digest Journal
Vol. (13), No. (5), 28-10-2015






























