/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဆင်ခြင်ဉာဏ်-အသိပညာနှင့်-ကိုယ်လက်လှုပ်ရှားမှုရလဒ်

ဆင်ခြင်ဉာဏ် အသိပညာနှင့် ကိုယ်လက်လှုပ်ရှားမှုရလဒ်

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        “လူတစ်ယောက် သူတက်ခဲ့ရတဲ့ လှေကားထစ်တွေ မြင့်လာလေလေ သို့မဟုတ် ဘွဲ့တွေ၊ ဒီဂရီတွေ အမျိုးမျိုး ရရှိအောင် ကျောင်းသက်ကြာရှည်တက်ခဲ့ရလေလေ၊ ထိုသူ၏ ဦးနှောက်ဟာ ရုပ်လက္ခဏာအားဖြင့် ပို၍ နူးညံ့နုပျိုလာ လေလေဖြစ်တယ်” လို့ လေ့လာသုတေသီများက ပြောလာကြပြီဖြစ်ပါတယ်။

           လူတစ်ဦးဟာ ကျောင်းတက်ရင်း ပညာရှာဖွေ လေ့လာမှုဟာ 1 နှစ်ပညာရှာလျှင် ထိုသူ၏ဦးနှောက် ကလာပ်စည်များ အိုမင်းလာမှုဟာ 0.95 ခန့် လျော့ကျနည်းပါးလာကြောင်း အံ့သြဖွယ်ရာ ရှာဖွေတွေ့ရှိ ခဲ့ရလို့ပါပဲ။ ထို့အတူပဲ ကိုယ်ကာယလေ့ကျင့်ခန်းတစ်မျိုးလို့ တင်စားပြောဆိုနေကြတဲ့ တိုက်ခန်းအမြင့် မှာ နေထိုင်ကြရသူတွေအဖို့ မိမိအထပ်သို့ ဓာတ်လှေကား အသုံးမပြုဘဲ လှေကားထစ်တွေမှ နေ့စဉ် အတက်အဆင်းလုပ်နေပါက တစ်နှစ်ခန့် လှေကားထစ်နဲ့ တက်ရတဲ့ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကြောင့် ထိုသူရဲ့ဦးနှောက် အိုမင်းလာမှုကလည်း 0.58 နှစ် ခန့် လျော့ကျနည်းပါးလာစေတယ်လို့ ကျန်းမာရေး သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ဒါကြောင့် သင်ဟာ တိုက်ခန်း 7 ထပ်၊ 8 ထပ်မှာနေရလို့ စိတ်မပျက်ပါနဲ့။ သင့်ကျန်းမာရေးအတွက် နုပျိုလှပကျန်းမာနေဆဲဖြစ်နေမှာလို့ အားပေးလိုပါတယ်။

           ကွန်ကော့ဒီးယား ယူနီဗာစီတီရဲ့ မွန်ထရီရယ်အခြေစိုက် Perform စင်တာမှ သုတေသန အဖွဲ့ခေါင်းဆောင်၏ ပြောပြချက်အရ အသက် 17 နှစ်မှ 79 နှစ်အတွင်းရှိ ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်သူ လူပေါင်း 331 ဦး၏ ဦးနှောက်တွေကို MRI ရိုက်စစ်ဆေးပြီး စစ်တမ်းမှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ တိုက်ခန်းအမြင့်တွေမှာနေရတဲ့ သူတွေအတွက် နေ့စဉ်လှုပ်ရှားမှုဖြစ်စေခြင်းကြောင့် အကျိုးကျေးဇူးခံစားရတာဖြစ်တယ်။

           အမှန်တော့ လူတွေသက်ရှည်ကျန်းမာစေရန် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတစ်မျိုးတည်းသာမက အစား အသောက်၊ အနေအထိုင်၊ အတွေးအခေါ် စသည်တို့ကို ဆင်ခြင်တွေးတော ကြံဆမှုတည်းဟူသော ပညာဉာဏ် အမြော်အမြင်နှင့် Education ပညာရေး အဆင့်မြင့်မှသာပို၍ ဆင်ဆင်ခြင်ခြင် ကန့်သတ်စားသောက်နေထိုင် သွားမှာ ဖြစ်ပါတယ်။

           လူတွေဟာ ပညာတတ်လာတဲ့အခါ အသိပညာ ကြွယ်၀လာသလို စာအုပ်တွေထဲက ဖတ်စရာ မှတ်စရာတွေကို လက်တွေ့ဘ၀နှင့် ကိုက်ညီအောင် တွေးတောကြံဆ ဖန်တီးရယူနိုင်မှသာလျှင် ဘ၀ရဲ့ အနှစ်သာရကိုကောင်းစွာ ခံစားပျော်ရွှင် ချမ်းမြေ့စွာနေထိုင်နိုင်မှဖြစ်သလို မည်သည့်အရာကိုမျှ အလွန်အကျူး မဖြစ်စေပါ။ ဥပမာ ကိုယ်လက် လှုပ်ရှားမှုမှာတောင် မိမိရဲ့ အသက်ရွယ်ပေါ်မူတည်ပြီး လှုပ်ရှားပေးရမှာပါ။ အသက် 50 ကျော်လာသူတွေဟာ 16 နှစ်သား ဆယ်ကျော်သက် အရွယ်က လှုပ်ရှားခဲ့ပုံတွေဟာ ပုံရိပ်ပမာမှတ်ဉာဏ်ထဲမှာပဲ ကျန်ခဲ့ပါပြီ။ လက်တွေ့မှာ အဲဒီ အရွယ်ကလို ပြေးပြေးလွှားလွှား ခုန်ပေါက်ဆော့ကစားလို့ မရနိုင်တော့ပါ။ အထိုင်အထမှာတောင် သွက်သွက်လက် လက်မထနိုင်၊ မထူနိုင်တော့လို့ ဆင်ခြင်စားသောက်ရမှာဖြစ်ပါတယ်။ သတိလေးဖြင့် ခပ်မှန်မှန်သာ လှုပ်ရှားဖို့လိုသလို၊ အစားအသောက် စားသောက်ရာမှာလည်း ဆယ်ကျော်သက်အရွယ်က ၀မ်းမီးတောက်လောင်မှု စွမ်းရည်မျိုးမရှိနိုင်တော့လို့ ဆင်ခြင်စားသောက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် စားသမျှကြေညက်ရန် အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့မှ အစားခြေအင်ဇိုင်းများနှင့် သည်းခြေအိတ်မှ သည်းခြေရည်ကဲ့သို့ အစာခြေဖျက်ပေးမယ့် အရည်တွေ၊ အစာခြေဖျက်ပြီး အူထဲက သွေးကြောမျှင်လေးတွေက သယ်ဆောင်ယူပို့ပေးမယ့် သွေးအာဟာရ ဓာတ်များနှင့် သကြားဓာတ်၊ ကဆီဓာတ်၊ အဆီဓာတ်တို့ကိုလည်း ပုံမှန်ဖြစ်နေအောင် ထိန်းညှိးပေးနိုင် တဲ့ ဟော်မုန်းတွေရဲ့ မူလထုတ်လုပ်မှုတို့ကလည်း အသက်အရွယ်နှင့် မိမိရဲ့ အလေ့အထ၊ ကိုယ့်ကိုယ်ကို စောင့်ရှောက်နိုင်မှုအား နည်းပါးလျှင် နည်းပါးတဲ့ အလျောက်၊ ဒါမှမဟုတ် ဉာဏ်ပညာ၊ အတွေ့အကြုံနှင့် စဉ်းစားသတိထားနိုင်အားကောင်းလျှင် ကောင်းတဲ့အလျောက် အတက်အကျ အနည်းအများ ရှိလာမှာဖြစ်ပါတယ်။ ထိုသို့ ဇီ၀ရုပ်ဖြစ်ပျက်မှုကို စောင့်ရှောက်ထိန်းသိမ်းပေမယ့် မိမိကိုယ်တွင်းက ဟော်မုန်းတွေ ကမောက်ကမ မဖြစ်ရလေအောင် သင်ကိုယ်တိုင် ဆင်ခြင်တုံတရားနှင့် သတိထား စားသောက်မှ ရမှာဖြစ်ပါတယ်။

           ဗုဒ္ဓဘာသာ၀င်တွေ ဖြစ်လို့ သံဃာဆရာတော်ကြီးတွေအား ဆွမ်းဟင်းချက်ပြီး လောင်းလှူကြရာမှာလည်း ဆီတွေ ရေချိုးရလောက်အောင် ထည့်ချင်ပေမယ့်၊ ဆွမ်းလောင်းတဲ့အခါ သက်ကြီးရွယ်အို ဆရာတော်ကြီးတွေအား အသားတုံးပဲခပ်လောင်းပြီး ဆီတွေကို ချန်ထားရစ်နိုင်ရင် ပိုသင့်ပေလိမ့်မည်။ ယခုအခါ ဆရာတော်ကြီး အချို့နှင့် အသက် 40 ကျော် သံဃာတော်တွေမှာ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံးနှင့် သွေးကြောကျဉ်းရောဂါတွေ ဖြစ်နှုန်းမြင့်တက်လာကြောင်း ကျန်းမာရေး၀န်ကြီးဌာနကလည်း သတိပေးနေပြီဖြစ်ပါတယ်။ ကျောက်ကပ်ပြဿနာတွေကလည်း အစားကြောင့်အဖြစ်များရတာဖြစ်ပါတယ်။

           ဒါတောင် အရွယ်ကြီး စီနီယာကြီးတွေဟာ အလှူမင်္ဂလာ၊ အခမ်းအနားတွေက ကျေွးမွေးဧည့်ခံ ပြုစုတဲ့ အစားအသောက်ကောင်းကောင်း အဆီအနှစ်တွေရှေ့မှာ လက်မြှောက်အရှုံးပေးအေ၀းပြေးကြတာ ရှိနေပါတယ်။ ယခုလို အယ်နီညိုရာသီဥတု ဖောက်ပြန်တော့မယ့် အလားအလာကြီးရှိနေချိန်မှာ အလှူတွေလည်း ခြိမ့်ခြိမ့်သဲသဲပေးတော့မယ် မြန်မာ့ယဉ်ကျေးမှုဓလေ့ နှစ်သစ်ကူးတော့မယ့် အချိန်အခါသမယမှာ အိမ်နီးချင်းတွေက အဘိုးအဘွား တွေ စားသောက်ဖို့ စေတနာဗလပွနဲ့ လာကျေွးမွေးတော့မယ့် ဆီးဦးထောပတ် အစားအစာတွေကို သတိထားဆင်ခြင် စားသောက်ကြပါကုန်လို့ ငယ်ရွယ်သူဆယ်ကျော်သက်တွေရော၊ လူလတ်လူကြီး အရွယ်စုံအပေါင်းအား အသိပေးနှိုးဆော်လိုက်ရပါတယ်။

 

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol- 13, No- 26, 23 - 3 - 2016