ဆရာ၀န့် လက်ထောက်
ယနေ့ခေတ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာမှာ ဆရာ၀န်၊ သူနာပြုများသာမက အသစ် အသစ်သော ကျန်းမာရေး၀န်ထမ်းအမျိုးအစားအသစ်များဖြင့် အားဖြည့်လာကြတာရှိပါသည်။ Intergrated Healthcare ဟုခေါ်ကြသည်။ ထိုကျန်းမာရေးလုပ်သားအမျိုးအစားသစ်တွေထဲမှာ ထူးခြားသည့် ၀န်ထမ်းအမျိုးအစား တစ်ခုက Physician Associates ဟုခေါ်သည့် ဆရာ၀န်လည်း မကျ၊ သူနာပြုလည်းမကသော ဆေးပညာရှင် အမျိုးအစားသစ်တစ်မျိုးပါ၀င်လာပါသည်။ “ဆရာ၀န့်လက်ထောက်” ဟုအမည်နာမသတ်မှတ်နိုင်ကောင်းပါသည်။ ယနေ့ အင်္ဂလန်ကျွန်းနှင့် စကော့တလန်မှာဆရာ၀န့် လက်ထောက် 230 ဦးလောက်က ဆေးကုဆောင်နှင့် ခွဲစိတ်ဆောင်များ မှာ အလုပ်၀င်နေကြသည်။ 2015 ခုနှစ်၊ ဇူလိုင်လမှာ ဆရာ၀န့်လက်ထောက်ဌာန (Faculty of Physician Associates) FPA ကိုတည်ထောင်လိုက်သည်။ FPA ၏ ဦးဆောင်မှုဖြင့် ဆရာ၀န် လက်ထောက်အသင်းကြီးကိုဖွဲ့စည်းဖို့ စိုင်းပြင်းနေကြသည်။
ဆရာ၀န့်လက်ထောက်၏ သဘောသဘာ၀က ဆရာ၀န်တွေလို လွတ်လပ်စွာဆုံးဖြတ် ပြီး ဆေးကုသနိုင်ခွင့်တော့မရှိ။ Independent မဖြစ်ဟုဆိုရမည်။ အထွေထွေရောဂါကုဆရာ၀န်၊ ဒါမှမဟုတ် ခွဲစိတ်ကုဆရာ၀န်တစ်ဦးဦး၏ လက်အောက်မှာ ထိုဆရာ၀န်၏ကြီးကြပ်ကွဲကပ်မှုဖြင့် လူနာကို ဆေးကုသခွင့်ရှိသော ကျန်းမာရေး၀န်ထမ်းဖြစ်ပါသည်။ ထိုလူတန်းစားအသစ် ပေါ်ပေါက်လာရေးအတွက် လုံးပန်းနေရသည်မှာ ဆယ်နှစ်ကျော်ခန့်ရှိနေပြီဖြစ်သည်။
ဆရာ၀န့်လက်ထောက်များကို ဆေးကုသဆောင်၊ စိတ်ကျန်းမာရေးကုသဆောင်၊ ခွဲစိတ်ဆောင်၊ သားဖွား မီးယပ်ဆောင်နှင့် ကလေးကုသဆောင်များတွင် ဖြန့်ခွဲထားရှိကြသည်။ သူတို့၏ လုပ်ပိုင်ခွင့်များက လူနာ၏ ရောဂါရာဇ၀င်ကို မေးမြန်းနိုင်သည်။ လူနာကို ဆရာ၀န်တစ်ဦးကဲ့သို့ စမ်းသပ်နိုင်သည်။ ရောဂါရှာဖွေစမ်းသပ်ဖို့ သွေးစစ်၊ ဆီးစစ် စသဖြင့် ညွှန်ကြားနိုင်သည်။ ထိုဆေးစစ်ချက်အဖြေများကိုကြည့်ပြီး ရောဂါအမည်သတ်မှတ်ပေးနိုင်သည်။ ဒါတင်မက လူနာများကိုပါ ကျန်းမာရေးဆိုင်ရာအကြံဉာဏ်တွေ ပေးနိုင်သည်။
ဆရာ၀န့်လက်ထောက်များ၏တာ၀န်က ဆေးကုသမှုပညာရပ်အတော်များများမှာ ဆရာ၀န်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ အင်အားဖြည့်ပေးကြဖို့ ဖြစ်ပါသည်။ အထူးကုဘာသာရပ်များမှာ ထက် အထွေထွေဆေးကုဘာသာရပ်များမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်ပါသည်။ ဗြိတိန်နိုင်ငံကျန်းမာရေး၀န်ကြီး ကတော့ 2020 ပြည့်နှစ်အမီ ဆရာ၀န့်လက်ထောက်နှစ်ထောင်ကို မွေးထုတ်ပေးပြီး ဂျီပီဆေးခန်းများမှာ အားဖြည့်နိုင်ဖို့ ရည်ရွယ်ထားသည်။
ဆေးရုံ ဆေးခန်းများမှာ “ဆရာ၀န့်လက်ထောက်” ခေါ်သည့် ကျန်းမာရေး၀န်ထမ်း အမျိုးအစားသစ်တစ်ရပ်ကို အရေးတကြီးဖော်ထုတ်ရခြင်းက အကြောင်းရှိပါသည်။ သင်ကြားရေးဆေးရုံကြီးများမှာက ဆရာ၀န်အင်အားကျဆင်းနေသည်။ ဆရာ၀န်ဦးရေကျဆင်းနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းမှာ လိုအပ်ချက်တွေဖြစ်နေသည်။ ဆရာ၀န်ဦးရေသာမက သူနာပြုဦးရေကလည်း လျာထားချက်ကိုမမီပြန်ပါ။ ယနေ့ဆေးလောကမှာထားရှိသည့် စံနှုန်း တွေကပြောင်းလာသည်။ လူနာစောင့်ရှောက်ကုသမှုလုပ်ငန်းမှာ ဆရာ၀န်များဘက်မှ ကျွမ်းကျင်မှု (Skill)၊ ပညာဉာဏ် (Knowledge)၊ အရည်အသွေးပြည့်၀မှု (Competencies) ဆိုတာမျိုးတွေ ရှိဖို့လိုအပ်လာသည်။ ဆရာ၀န်-လူနာ နှစ်ဖက်အကြားမှာ ထားရှိသင့်သည့် သဘောထား (Attitude) တွေကိုပါ စံနှုန်းအဖြစ်ထားရှိလာကြသည်။ ထိုသို့သော စွမ်းဆောင်ရည်တွေ လိုအပ်နေသည့် နေရာများမှာ ဆရာ၀န့်လက်ထောက်များဖြင့် အင်အားဖြည့်ဆောင်ရွက်ကြဖို့ ဖြစ်ပါသည်။
ဗြိတိန်နိုင်ငံအမျိုးသားကျန်းမာရေး စောင့်ရှောက်မှုစနစ် (NHS) မှာ တစ်နေ့တခြားပိုမိုကြီးထွားလာနေသည်။ George Eliot ဆေးရုံမှ နှလုံးကြပ်မတ်ဌာနဆိုရင် ဆရာ၀န့်လက်ထောက်တွေကို လွန်ခဲ့သည့် လေးနှစ်ကျော်ကတည်းက အလုပ်ခန့်ပြီး အသုံးပြုနေကြရပြီ။ သင်ကြားရေးဆေးရုံများမှာ သင်တန်းသားဆရာ၀န်အင်အားမလုံလောက်သဖြင့်၊ တစ်နည်းအားဖြင့် အလုပ်လုပ်မည့်သူမရှိသဖြင့် ဆရာ၀န့်လက်ထောက် (Physician Associates) များကို ခန့်အပ်သုံးစွဲလာကြရခြင်းဖြစ်ပါသည်။
ဒေါင်းစင်း (Dowsing) အမည်ရ ဆရာ၀န်လက်ထောက်တစ်ဦး၏ အတွေ့အကြုံကိုတင်ပြချင်ပါသည်။ တက္ကသိုလ်မှ ဇီ၀ဓာတုဘာသာရပ်နှင့် ဘွဲ့ရပြီးနောက် ဒေါင်းစင်းကဆေးတက္ကသိုလ်တစ်ခု၏ အုပ်ချုပ်ရေးဌာနမှာ ၀င်ရောက် တာ၀န်ထမ်းဆောင်သည်။ နောက်ပိုင်းမှာလုပ်ဖော်ကိုင်ဖက်ဆရာ၀န်များကို အားကျပြီး လူနာများကို ပြုစုစောင့်ရှောက်ပေးသည့် နေရာတစ်နေရာမှာ ၀င်ရောက် လုပ်ကိုင်ချင်စိတ်ဖြစ်လာသည်။ ဆရာ၀န့် လက်ထောက်သင်တန်းများဆင့်ခေါ်နေသည့် သတင်းကြားတော့ ဘာမင်ဟန်တက္ကသိုလ်မှဖွင့်လှစ်သည့် ဆရာ၀န့်လက်ထောက်သင်တန်းကို နှစ်နှစ် ကြာတက်ရောက်ပြီး 2011 ခုနှစ်မှာ သင်တန်းဆင်းလာခဲ့သည်။
အခုတော့ ဒေါင်းစင်းတစ်ယောက် သက်ကြီးရွယ်အိုလူနာဆောင်၊ အရေးပေါ်ဌာနနှင့် ပြင်ပလူနာဌာနများမှာ လှည့်လည်ပြီး တာ၀န်ထမ်းဆောင်နေပြီဖြစ်ပါသည်။ ဆရာ၀န့်လက်ထောက်တစ်ဦးအဖို့ အထူးကုဆရာ၀န်ကြီးတစ်ယောက် ဖြစ်လာနိုင်မှာမဟုတ်ပေမယ့် ကိုယ်တာ၀န်ကျရာနေရာမှာ လူနာများအကျိုးဆောင်ရွက်နေရသည်ကိုပဲ ဒေါင်းစင်းကကျေနပ်နေပါပြီ။ ကျန်နေသေးသည့်သက်တမ်းတစ်လျှောက် ဒီအလုပ်ဖြင့်ပဲ အသက်မွေးလိုသည်ဟုဆို သည်။ နှလုံးဆောင်မှာ နေခဲ့စဉ်ကလည်း ဒေါင်းစင်း တစ်ယောက်အတော်အဆင်ပြေသည်။ လူနာများ၏ ဆေးစစ်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာ သုံးသပ်တင်ပြခွင့်ရသည်။ အဆုတ်အမြှေးပါးတွေကို အပ်ဖြင့် စုပ်ထုတ်ခြင်းလို လက်တွေ့ဆောင်ရွက်ခွင့်ရှိသည်။ တစ်ခုတော့ရှိသည်။ စီနီယာဆရာ၀န်တစ်ယောက်၏ ကွက်ကဲမှုအောက်မှာတော့ ရှိနေဖို့လိုသည်။
ဆရာ၀န့်လက်ထောက်တွေပေါ်ပေါက်လာခြင်း၏ အကျိုးကျေးဇူးတွေ အများကြီးရှိပါသည်။ ယနေ့ခေတ်ဆေးပညာက အထူးပြုဘာသာရပ်တွေ အလုံးအရင်းနှင့် ပေါ်ပေါက်နေကြသည့်ကာလဖြစ်သည်။ အထူးကုတွေ ပေါ်ပေါက် နေကြချိန်မှာ လူနာဆောင်ထဲက အထူးကုနှင့် ပြစရာမလိုသေးသည့် အထွေထွေရောဂါကုလူနာများကို ပြုစုကုသဖို့ အထွေထွေဆရာ၀န်တွေ အင်အားနည်းသွားသည်။ ထိုနေရာများကို ဆရာ၀န့်လက်ထောက်များက အင်အားဖြည့်ပေး လိုက်ကြသည်။ တစ်နည်းအားဖြင့် အထွေထွေရောဂါကု ဆရာ၀န်လုပ်လိုသူတွေ နည်းနေသည့် အချိန်မှာဆရာ၀န့် လက်ထောက်များကို ခန့်အပ်လိုက်သည့်သဘောဖြစ်သည်။
ဥပမာခွဲစိတ်ဆောင်ကို ကြည့်ပါ။ ခွဲစိတ်အကူးကုဆရာ၀န်များက လူနာကိုခွဲစိတ်ဖို့ လုံးပန်နေကြစဉ်မှာ လူနာ ကိုခွဲစိတ်မှုအကြောင်းရှင်းပြပြီး သဘောတူခွင့်ပြုချက်ရယူဖို့ တာ၀န်ကို ဆရာ့၀န်လက်ထောက်များက ယူလိုက်ကြ သည်။ သူနာပြုဆရာမနှင့် တခြားကျန်းမာရေး ၀န်ထမ်းအမျိုးအစားများ ၀င်လုပ်လို့မရသည့်တာ၀န်ကို ဆရာ၀န့်လက်ထောက်များဖြင့် အစားထိုးလိုက်ခြင်းဖြစ်သည်။ အရိုးကုသဆောင် ခွဲစိတ်ခန်းထဲမှာ အရိုးဆရာ၀န်တွေက ကျိုးနေသည့် အရိုးတွေကို ဆက်နေချိန်မှာ ဆရာ၀န့်လက်ထောက်များက သွေးပေါင်ချိန်တက်နေသော လူနာ၊ ဆီးချို ထိန်းမရဖြစ်နေသည့် လူနာများကို အောက်ခြေသိမ်းကုသပေးထားကြပါလိမ့်မည်။ အရိုးကုသဆောင်၊ ခွဲစိတ်ကုသဆောင် များမှာ ခွဲစိတ်ခန်းမ၀င်ဘဲ အပြင်လူနာဆောင်ထဲမှာပဲ ေ၀ယျာ၀စ္စလုပ်ပြီး ကျန်ရစ်ခဲ့ချင်သည့် ဆရာ၀န်မရှိဘူးမဟုတ်လား။ ထို့အတွက်ကြောင့် လက်ထောက်ဆရာ၀န်များနေရာမှာ ဆရာ၀န့်လက်ထောက်များဖြင့် အစားထိုးလာကြခြင်း ဖြစ်ပါသည်။ စိတ်ကျန်းမာရေးကုသဆောင်များမှာလည်း ဆရာ၀န့်လက်ထောက်တွေ ရောက်နေကြသည်။
ဆရာ၀န်လက်ထောက်တွေကို ခန့်အပ်အသုံးပြုလာရခြင်း၏ နောက်ထက်အကြောင်းရင်း တစ်ခုက ဆေးကုသရေးမှာ စဉ်ဆက်မပြတ်ပြုစုကုသမှုရရှိစေချင်သည့် ရည်ရွယ်ချက်ဖြစ်သည်။ သင်ကြားရေးဆေးရုံကြီးတွေမှာ လက်ထောက်ဆရာ၀န်တွေ၊ ဘွဲ့လွန်ကျောင်းသားတွေ၊ အလုပ်သင်ဆရာ၀န်တွေက သင်ကြားရေးအချိန်ဇယားအတိုင်း ရွှေ့ပြောင်းနေကြတာဖြစ်သည်။ သည်နေရာမှာ ဆရာ၀န်လက်ထောက်တွေက လူနာဆောင်ထဲမှာပဲ အမြဲတမ်းပုံမှန်ရှိနေသူတွေဖြစ်နေသည်။ လူနာဆောင်ထဲကလူနာအပြောင်းအလဲ၊ ကျန်းမာရေးအခြေအနေတွေကို တောက်လျှောက်သိနေနိုင်သူများက ဆရာ၀န်လက်ထောက်တွေပါ။ လက်ထောက်ဆရာ၀န်တွေညဂျူတီကျလို့ မနက်ဘက်လူနာရောင်းလှည့်ချိန် အနားပေးထားစဉ်မှာ ဆရာ၀န်လက်ထောက်တွေက သူတို့ကိုယ်စားတာ၀န်ယူပေးကြပါမည်။
ဆရာ၀န်လက်ထောက် (Physician Associate) ဟုခေါ်ကြသည့် ကျန်းမာရေး၀န်ထမ်းအမျိုးအစားသစ်မှာ လွန်ခဲ့သည့်နှစ်အနည်းငယ်မှ အမည်ထွက်ထင်ရှားလာခဲ့ပေမယ့် ဗြိတိန်နိုင်ငံ၊ အမျိုးသားကျန်းမာရေး၀န်ဆောင်မှု ဌာနမှာ သူတို့ကိုခန့်အပ်အသုံးပြုနေကြသည်မှာ ဆယ်စုနှစ်တစ်ခုပင် ကျော်ခဲ့ပါပြီ။ အမေရိကန်ကျန်းမာရေး ဌာနများမှာတော့ ဆရာ၀န်လက်ထောက်များကို Physician Associate ဟုခေါ်ကြသည်။ အမှန်တော့ ဆရာ၀န်လက်ထောက် မျိုးဆက်များသနေ္ဓတည်ရာ ဘူမိနတ်သန်ဌာနက အမေရိကန်ပြည်ထောင်စု ဖြစ်ပါသည်။
အမေရိကန်မှာ ဆရာ၀န်လက်ထောက်တွေ လုပ်ငန်းခွင်၀င်နေကြတာနှစ်ငါးဆယ်ကျော်လာခဲ့ပြီ။ လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလများမှာ အမေရိကန်မှ ဆရာ၀န်လက်ထောက်အဖွဲ့တစ်ဖွဲ့သည် အင်္ဂလန်ကျွန်းပေါ်သို့ရောက်လာပြီး သူတို့၏ မျိုးဆက်သစ်များမွေးထုတ်ပေးရန် ရှေးဦးသုတေသနများ လာရောက်ပြုလုပ်ခဲ့ကြသည်။
သည်လိုနှင့် ဆရာ၀န်လက်ထောက်သင်တန်းများအတွက် သင်ရိုးညွှန်းတမ်းကို ကျန်းမာရေးဌာနက စတင် ရေးဆွဲသည်။ 2006-2007 စာသင်နှစ်များမှစတင်လျက် ဆရာ၀န်လက်ထောက်သင်တန်းတွေ ဗြိတိန်နိုင်ငံမှာ စတင်ဖွင့်လှစ်လာခဲ့ကြသည်။ တချို့သင်တန်းတွေမှာရန်ပုံငွေမရှိသဖြင့် ပြန်ပိတ်သွားကြရတာလည်းရှိသည်။ 2011 ခုနှစ် ရောက်သည့်အခါ ဗြိတိန်နိုင်ငံအတွင်း ဆရာ၀န်လက်ထောက်သင်တန်းနှစ်ခုသာရှိတော့သည်။ တစ်နှစ်ကို ထိုသင်တန်းတစ်ခုစီမှာ ဆရာ၀န်လက်ထောက် 30 မွေးထုတ်ပေးသည်။
ထိုအချိန်မှာ ဗြိတိန်နိုင်ငံအမျိုးသား ကျန်းမာရေးဌာနက ရပ်ဆိုင်းလုနီးနီးဖြစ်နေသည့် ဆရာ၀န်လက်ထောက် သင်တန်းတွေကို ၀င်ရောက်ကျားကန်ပေးသည်။ ဆေးရုံ၊ ဆေးခန်းများမှာက ဆရာ၀န်ဦးရေမလုံလောက်။ သည်တော့ ဆရာ၀န်လက်ထောက်တွေကို များများမွေးထုတ်ပေးမှဖြစ်သည်။ အခုဆိုရင် အင်္ဂလန်နှင့်စကော့တလန်နယ်များမှာ ဆရာ၀န့်လက်ထောက် အချိန်ပြည့်နှစ်နှစ်သင်တန်းဖွင့်လှစ်ထားသည့် တက္ကသိုလ်ကြီးခြောက်ခုအထိရှိနေပြီ။ သင်ရိုးညွှန်းတမ်းကို အမျိုးသားကျန်းမာရေးဗဟိုဌာနက ချုပ်ကိုင်ထားပြီးနောက်ဆုံးနှစ်စာမေးပွဲကိုဗဟိုမှ ဦးစီးစစ်ဆေးသည်။ ဒါတင်မကခြောက်နှစ်တစ်ကြိမ်ဆိုသလို အရည်အချင်းစစ်စာမေးပွဲတွေပြန်ဖြေရသေးသည်။ ကိုယ့်ကျောင်းနှင့်ကိုယ် စစ်ဆေးသည့် စာမေးပွဲတွေမဟုတ်ပါ။ ကျောင်းအားလုံးစုပေါင်းပြီးစစ်ဆေးသည့် နည်းလမ်းကိုကျင့်သုံးသည်။ ယနေ့အချိန်မှာတော့ ဗြိတိန်နိုင်ငံမှ ဆရာ၀န့်လက်ထောက် သတင်းများကိုအပြည်ပြည်ဆိုင်ရာမှ မှတ်ကျောက်တင်ခံနိုင်ရေး (Accreditation) အတွက်စိုင်းပြင်းနေကြပါသည်။
ဗြိတိန်နိုင်ငံတစ်၀န်း ဆရာ၀န်လက်ထောက်တွေ လုပ်ငန်းခွင်၀င်နေကြတာ ဆယ်စုနှစ်တစ်ခုကျော်လာပြီ ဆိုပေမယ့် အခုမှအစဟုသာဆိုရပါမည်။ လုပ်ဖော်ကိုင်ဖက် ဆရာ၀န်၊ သူနာပြု၊ ကျန်းမာရေး၀န်ထမ်းတွေကိုယ်တိုင် ဆရာ၀န့်လက်ထောက်များ၏ လုပ်ပိုင်ခွင့်နှင့် နေရာကိုအပြည့်အ၀ နားမလည်နိုင်ကြသေးပါ။ ကျန်းမာရေး၀န်ထမ်းများကိုသာမက အများပြည်သူကိုလည်း ဆရာ၀န့်လက်ထောက်များအကြောင်းကို မိတ်ဆက်ပေးဖို့လိုနေပါသေးသည်။
ဗြိတိန်နိုင်ငံမှာက ဆရာ၀န်များအသင်းကဲ့သို့ လူနာအစည်းအရုံး (Patients Association) ဆိုတာလည်းရှိ သည်။ ထိုအဖွဲ့အစည်းကြီးကထွက်ပေါ်လာသည့် မေးခွန်းတစ်ခုကတော့ ဆရာ၀န့်လက်ထောက်များသည် ဆရာ၀န်များ၏ နေရာကို အစားထိုး၀င်ရောက်သွားနိုင်မလားဟူသည့် မေးခွန်းဖြစ်ပါသည်။ လက်ရှိကာလအထိတော့ ဆရာ၀န် များအစား ဆရာ၀န်လက်ထောက်များက လူနာ၀င်ကြည့်နေသည့်အတွက် လူနာများထံမှ မကျေမနပ်၊ ေ၀ဖန်မှုတွေ ထွက်ပေါ်လာခြင်းမရှိပါ။ လူနာဆိုသည်က ကျန်းမာရေး၀န်ထမ်းများ၏ အကူအညီကိုလိုအပ်နေကြသူတွေ ဖြစ်သည်။ ဆရာ၀န်၊ သူနာပြု မည်သူ့ဆီက မဆိုလူနာအပေါ် ထားရှိလာမည့် မေတ္တာ၊ ကရုဏာကိုမလိုချင်သူမရှိပါ။ ဆရာ၀န်လက်ထောက်များ၏ လုပ်ငန်းသဘောသဘာ၀ကိုက လူနာဆောင်ထဲမှာအချိန်များများပိုနေပြီး လူနာနှင့်ထိတွေ့နေဖို့ ဖြစ်ရာလက်ရှိကာလအထိတော့ လူနာနှင့် ဆရာ၀န်လက်ထောက်အကြား ပြဿနာတစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
လူနာများ၏ တစ်စုံတစ်ရာပြဿနာမရှိသေးပေမယ့် ဆရာ၀န်ငယ်များ၏ သင်ကြားရေးအခွင့်အလမ်းများအပေါ် မှာပိတ်ဆို့သွားလေမလားဟူသည့် စိုးရိမ်မှုတွေတော့ ရှိလာကြသည်။ ထိုပြဿနာကို ဖြေရှင်းနိုင်ဖို့ကတော့ ဆရာ၀န် လက်ထောက်များ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်ကို စနစ်တကျသတ်မှတ်ပေးဖို့ လိုအပ်ပါသည်။ ဆေးရုံ၊ ဆေးခန်း လုပ်ငန်းခွင်များမှာတော့ လက်ရှိကာလအထိ ဆရာ၀န်ငယ်များနှင့် ဆရာ၀န်လက်ထောက်များ အကြား ပြဿနာတစ်စုံတစ်ရာ မရှိဟုဆိုပါသည်။ မောင်မယ်သစ်လွင်ဆရာ၀န်များအဖို့ လုပ်သက်ရင့်ဆရာ၀န့်လက်ထောက်များထံမှ ပညာရပ်ဆိုင်ရာ အကူအညီတွေအများကြီးရနိုင်သည်။ အထူးကုဆရာ၀န်ကြီးတွေ မအားလပ်သည့် အချိန်မျာလူနာဆောင်ထဲမှာ အချိန်အတော်ကြာနေခဲ့ပြီးဖြစ်သည့် ဆရာ၀န့်လက်ထောက်များကဆေးပညာသင်ကြားရေးအတွက် လိုအပ်ချက်များကို ၀င်ရောက်ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။
ဆရာ၀န်ငယ်လေးတွေသာမကပါ။ လူနာဆောင်ထဲမှာ တာ၀န်ထမ်းဆောင်နေကြရသည့် သူနာပြု၊ ကိုယ်ကာယ ကုသကျွမ်းကျင်နည်းပညာရှင်များ၊ အာဟာရပညာရှင်များ၊ ဓာတ်မှန်၊ ဓာတ်ခွဲနည်းပညာရှင်များ အားလုံးလိုလိုမှာလည်း ဆရာ၀န့်လက်ထောက်များနှင့် ပေါင်းစပ်ညှိနှိုင်းပြီးလူနာကုသရေးလုပ်ငန်းများ ကို ချောမွေ့အောင်ဆောင်ရွက် သွားလို့ရနိုင်သည်။
ယနေ့ဗြိတိန်နိုင်ငံမှ ဆရာ၀န့်လက်ထောက်များအဖို့ ဆေးဝါးများကိုတော့ အညွှန်းရေးပေးခွင့်မရှိပါ။ သူတို့ သင်တန်းမှာ ဆေးဝါးများအကြောင်း ပြည့်စုံစွာသင်ကြားပေးပြီးဖြစ်သော်လည်း ဆေးဝါးညွှန်းပေးနိုင်သည့် Prescribing အခွင့်အာဏာတော့မရှိပါ။ ထို့အတူဓာတ်မှန်ရိုက်ဖို့ ညွှန်ကြားခွင့်၊ ကွန်ပျူတာဓာတ်မှန်ရိုက်ဖို့ ညွှန်ကြားပိုင်ခွင့်လည်း မရှိပါ။ အကြောင်းရင်းက ထိုပုံရိပ်ဖော်နည်းပညာရပ်များမှာဓာတ်ရောင်ခြည်သင့်စေမည့် အန္တရာယ်တွေရှိနေသောကြောင့် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်ပြည်ထောင်စု၏ တချို့ပြည်နယ်များမှာတော့ ဆရာ၀န်လက်ထောက် များအတွက် ဆေးဝါးညွှန်းဆိုခွင့် အခွင့်အာဏာပေးထားသည်ကိုတွေ့ရသည်။ တစ်ချိန်မှာတော့ ဆရာ၀န်လက်ထောက်များကို ဆေးဝါးညွှန်းဆိုခွင့် အာဏာ ပေးအပ်လာကြလိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ဗြိတိန်နိုင်ငံ၊ ဆေးတက္ကသိုလ်များမှာ ဆရာ၀န်မဟုတ်သည့်ဆေးပညာဘာသာရပ်ဌာနကြီး တစ်ခုပေါ်ပေါက်လာခဲ့ပါပြီ။ ဆရာ၀န့်လက်ထောက်ပညာဌာန (Faculty of Physician Associates) ဖြစ်ပါသည်။ ထိုကျန်းမာရေး၀န်ထမ်း အမျိုးအစားသစ်အတွက် တာ၀န်နှင့်၀တ္တရားများ၊ ဆေးဝါးညွှန်းဆိုခွင့် အခွင့်အာဏာရှိလာ၊ မလာစသည့် ကိစ္စရပ်များကတော့ စောင့်ကြည့်လေ့လာဖွယ်ရာကိစ္စရပ်များ ဖြစ်ပါတော့သည်။
Ref: A New Future: the Faculty of Physician Associates from RCP, August 2015
Credit; ဒေါက်တာလွှမ်းမိုးဟန်
Vol. 13, No. 5 + 6, 28-10-2015






























