/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဆားအစားနည်းအောင်-ဘာလုပ်ရမလဲ

ဆားအစားနည်းအောင် ဘာလုပ်ရမလဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ဆား (ဆိုဒီယမ်ကလိုရိုက်) ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်ပါ။ ဆားထဲက ဆိုဒီယမ်က ခန္ဓာကိုယ်ရှိ နာဗ်ကြောတွေမှာ အာရုံခံစားမှုတွေကို သယ်ဆောင်ပေးကြပါတယ်။ ကြွက်သားအမျှင်တွေကိုလည်း ကျုံ့နိုင်ဆန့်နိုင် အောင် လုပ်ပေးနိုင်ပါသေးတယ်။ ကလာပ်စည်းတွေထဲမှာ အရည်ပမာဏ မျှခြေရရှိနေစေဖို့ ပိုတက်ဆီယမ် သတ္တု ဓာတ်ဆားနဲ့တွဲပြီး လုပ်ပေးပြန်တယ်။ တစ်နေ့တာအတွက်ဆားပမာဏ 1300 mg ထက်နည်းစွာ လိုအပ်ပါတယ်။ သင့့်အနေနဲ့တစ်နေ့တာလိုအပ်တဲ့ ဆားပမာဏရဲ့ အဆမည်မျှလောက် ကို နေ့စဉ်ဟင်းချက်ရာမှာလည်းကောင်း၊ ဖျော်ရည် သောက်ရာမှာလည်းကောင်း ပါ၀င်နေပြီလဲ သို့မဟုတ် မည်မျှစားမိပြီလဲဆိုတာ ခန့်မှန်းသိနိုင်ပြီလို့ ထင်ပါတယ်။ သုတေသန စစ်တမ်းကောက်လေ့လာတဲ့ အလေ့အကျင့်ရှိတဲ့အမေရိကန်လို နိုင်ငံမျိုးမှာတောင် လူတစ်ယောက် တစ်နေ့တာ စားသင့်တဲ့ ဆားပမာဏရဲ့ အဆ 20 ထက်မက စားနေကြတယ်လို့ ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်။ အမှန်တော့ ဒါဟာ နှစ်ကြာရှည်လာတာနဲ့အတူ နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေ လှိမ့်တက်လာရခြင်းရဲ့ အဓိကအချက်တစ်ခုဖြစ်တယ်။ ရေရှည်မှာ နှလုံးရောဂါ၊ လေဖြတ်ရောဂါနှင့် နှလုံးစွမ်းရည်ကျခြင်းတို့အပြင် အခြားကိုယ်တွင်း စနစ်တွေပါတွဲဖက် ထိခိုက်လာတော့မှာဖြစ်ပါတယ်။

 

          ခန္ဓာကိုယ်ကြီးကိုယ်တိုင် ဆားဓာတ် လွန်ကဲလာရင် ပြဿနာဖြစ်လာစေပါတယ်။ ဆားဓာတ်လွန်ကဲတော့ ရေဓာတ်ကိုပါ ဆွဲယူရပါတယ်။ ဒါကြောင့် ဆားဓာတ်မြင့်လျှင် ခန္ဓာကိုယ်တွင်း အရည်ဓာတ်စုေ၀းကာ သွေးကြောများတစ်လျှောက် အရည်ပမာဏများများ စီးဆင်းစေတဲ့အတွက် သွေးပေါင်ချိန် အလိုလိုတက်လာစေတယ်။ သွေးတိုးတယ်လို့ အရပ်ထဲပြောကြတာပေါ့။

 

          လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆားဓာတ်တွေ ဘာကြောင့်မြင့်တက်နေရသလဲဆိုရင် ဟင်းချက်တာနဲ့ သွားရည်စာ တွေကြောင့် အများဆုံးဖြစ်တယ်။ ခုခေတ်မှာတော့ အချိန်လုအလုပ်လုပ်နေရတဲ့သူ များလာတာနဲ့အတူ ကြာရှည်ခံ အစားအစာတွေ အစားများလာလို့ပါပဲ။ ဥပမာ ၀က်အူချောင်း၊ ငါးပိထောင်း/ကြော်၊ ငါးခြောက်ထောင်းကြော်၊ ငံပြာရည်ချက်၊ မုန့်ဟင်းခါး၊ အသင့်ချက်အထုပ်များ၊ အာလူးကြော်၊ အချဉ်ထုပ်ဆားစိမ်များ၊ ယိုများ စသည် မဆုံးနိုင်အောင် တွေ့ရပါလိမ့်မယ်။ ချဉ်ပေါင်ရွက်ကြော်လိုအစာမျိုးမှာငါးပိ၊ ပုဇွန်ခြောက်၊ ဟင်းခတ်မှုန့် သို့မဟုတ် အချိုမုန့်၊ ဆားတွေထပ်ထည့်ရပြီး ဒါတွေဟာ ဆိုဒီယမ်ကလိုရိုက် အပါအ၀င် MSG (ခေါ်) မိုနိုဆိုဒီယမ်ဂလူတာမိတ်တွေချည်းဖြစ်ပါတယ်။ စားလိုက်လျှင် ဆားတွေချည်းများနေမှန်း သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်။ ဘာပဲပြောပြော လက်သည် တရားခံကတော့ ဆိုဒီယမ်ပါပဲ။ အကင်တွေ၊ ကြပ်တင်တွေ၊ ဆင်းဒွစ်၊ ဘာဂါ၊ ဖျော်ရည်၊ အချိုရည်၊ စည်သွတ်နဲ့ စွပ်ပြုတ်၊ မာလာဟင်း၊ ဘယ်ဟာမှ ဆားမပါဘဲ ဆားမလေးဘဲ မရောင်းချကြပါဘူး။ အဲ့ဒီ အစာတွေ နေ့စဉ်များများ စားနေမိပါက သင်အသက် 30 ကျော်လာချိန်မှာ သင့်မှာ နှလုံးသွေးကြော ဆိုင်ရာ ပြဿနာတွေတက်လာမှာ မလွဲဧကန်ပါပဲ။

          ကဲ …… ဆား အစားနည်းအောင် ဘယ်လိုလုပ်ကြရမလဲ။

 

(1)  အနံအရသာကောင်းတဲ့ အစားအစာလေးတွေပြုလုပ်စားနိုင်ပါတယ်။

         အသားကို ဆီပြန်ချက်မယ့်အစား၊ အဆီမပါ အသားချည်း၀ယ်ပြီး (အရေခွံဆုတ်ပစ်ပါ)၊ ဂျင်း၊ ကြက်သွန်ဖြူ နှင့် ဆားအနည်းငယ်ထည့်ပြုတ်ပါ။ ပြီးရင် နံနံပင်၊ ကြက်သွန်မြိတ်၊ ခရမ်းချဉ်သီးပါးပါးလှီး၍ ဆီစိမ်း (နှမ်းဆီ သို့မဟုတ် မြေပဲဆီ သို့မဟုတ် သံလွင်ဆီ) တစ်ဇွန်းစာထည့်ပြီး စားလိုပါက ငြုပ်သီးစိမ်းပါးပါး 2 တောင့်ခန့် လှီးပြီး ထည့်သုပ်ပါလေ။ ဒါမှမဟုတ် စွပ်ပြုတ်လုပ်သောက်လိုပါက ဂျင်းနှင့် ကြက်သွန်ဖြူခတ်ပါ။ ငြုပ်ကောင်းမှုန့်ခတ်ပါ။

 

(2)  အစေ့အဆန် ထည့်စားပါ။

         ကျန်းမာရေးနဲ့ ညီညွတ်အောင်အစေ့အဆန် စားရမယ််ဆိုတော့ မြန်မာနိုင်ငံမှာ နေရသူတွေအဖို့ အလွန် ကံကောင်းပါတယ်။ မြေပဲဆန်၊ သီဟိုစေ့အဆန်၊ ဗာဒံစေ့၊ ဖရုံစေ့၊ နေကြာစေ့၊ သစ်ကြားစေ့ စသည်တို့ အစုံ၀ယ်ယူစား နိုင်လို့ပါပဲ။ ဒေသထွက်အစားအစာတွေမို့ ဈေးလည်းမကြီးလှပါ။ ဒီပြင် ပဲအမျိုးမျိုးလည်း လွယ်လင့်တကူ စားနိုင်ပါသေးတယ်။ ထိုအစားအစာတွေ ပြုတ်စားမလား၊ လှော်စားမလား ဆားမပါအောင်စားပေးနိုင်ပါတယ်။

 

(3)  ရေနွေးဖျော၊ ကင်၊ လှော်၊ ဖုတ် တစ်မျိုးမျိုးစားနိုင်တယ်။

         ပြောင်းဖူးကို ဆီများများနဲ့ ကြော်မယ့်အစား ပြောင်းဖူးပြုတ်သို့မဟုတ် ပြောင်းဖူးဖုတ်စားလိုက်ခြင်းဖြင့် ဆားထည့်စရာမလိုဘဲ လျှော့ချနိုင်ပါပြီ။ ဟိုးယခင် အဖိုး အဖွားတို့ လက်ထက်ကတည်းက ဒီလိုစားလာကြတာပါ။ အရသာက သဘာ၀အတိုင်း စားကောင်းနေတာပါပဲ။ အသားနှင့် ငါးလည်း လတ်လတ် ဆတ်ဆတ် မီးကင်စားနိုင်ပါတယ်။ ဒါပေမယ့် ဆားနိုင်းချင်း၊ အချိုမှုန့်တွေနဲ့ နယ်မထားဘဲ၊ ဗီနီကာ/ရှာလကာရည် သို့မဟုတ် သံပုရာသီးညှစ်၊ ပင်စိမ်းနိုင်းချင်းထည့်ကာ ဆားနည်းနည်းနဲ့ ကင်စားစား၊ ပေါင်း (Steam) ပြီးစားတာ အရသာရှိပါတယ်။

 

(4)  ဆန်လုံးညို၊ ဂျုံကြမ်းစားပါ။

         ဆန်တွေ၊ ဂျုံနဲ့ပဲ လုပ်တဲ့ပေါင်မုန့်၊ ခေါက်ဆွဲတွေ အများကြီးစားမယ့်အစား လျှော့စားသင့်ပါ တယ်။ ဖြစ်နိုင်ရင် ထမင်းနည်းနည်း ဟင်းရွက်များများ ထည့်စားပါလေ။

 

(5)  ဟင်းခတ်အမွှေးအကြိုင်ပြောင်းလဲသုံးပါ။

         အသုတ်တွေ၊ စွပ်ပြုတ်ရည်တွေမှာ မြန်မာနံနံပင်၊ တရုတ်နံနံပင်၊ ပင်စိမ်း သို့မဟုတ် စပါးလင် သို့မဟုတ် ရှောက်ရွက် သို့မဟုတ် ပူဒီနာ စသည်တို့ အမြဲခတ်ပေးပါ။ ဆား အငန်းနေရာမှာ အစားထိုးပေးခြင်းဖြင့် ဆားလည်း များများခတ်စရာ မလိုတော့ပါ။

 

 

 

Credit; ဒေါက်တာ ရည်ညွန့်မေ

Health Digest Journal

Vol- 13, No- 21, 17-2-2016