/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဆေးဝါးအသစ်သုတေသနများမှာ-ပါ၀င်အစမ်းသပ်ခံသင့်သလား

ဆေးဝါးအသစ်သုတေသနများမှာ ပါ၀င်အစမ်းသပ်ခံသင့်သလား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ကျွန်မအမည် မသော်သော်ပါ။ ကျွန်မရဲ့မိခင်ဟာ ကျောက်ကပ်ကင်ဆာရောဂါကုသမှုခံယူဖို့ စင်ကာပူနိုင်ငံကို လွန်ခဲ့တဲ့နှစ်လလောက်က စတင်သွားရောက်ခဲ့ပါတယ်။ သောက်ဆေးတစ်မျိုးနဲ့ကုသခဲ့ပါ တယ် ဆရာ။ ပြီးခဲ့တဲ့အပတ်က ဆေးစစ်ဖို့၊ ကင်ဆာဆရာ၀န်ကြီးနဲ့ပြန်လည်ပြသဖို့ ပုံမှန်ရက်ချိန်းအတိုင်း သွားတဲ့အခါမှာတော့ အမေ့ရဲ့ ကျောက်ကပ်ကင်ဆာဟာ မူလကထက်ပိုမိုဆိုးရွားနေတယ်လို့ သိရပါတယ်။ စင်ကာပူက ဆရာ၀န်ကြီးကတော့ အမေ့ကို Clinical trials တွေထဲထည့်ပြီး ကုချင်တယ်လို့ပြောလာ ပါတယ်ဆရာ။ ရောဂါက ကျွမ်းနေပြီမို့ စမ်းသပ်ဆဲ ကင်ဆာဆေးသစ်တစ်မျိုးနဲ့ ကုသပေးမယ်လို့ပြော လာတာပါ။ ဆေးဝါးစရတ်ကလည်း အခမဲ့လို့ပြောပါတယ်ဆရာရှင့်။ သူတို့ကတော့ ကင်ဆာဆေးသစ်နှစ်မျိုး၊ သုံးမျိုးလောက်အကြောင်းကိုလေ့လာဖို့ စာရွက်စာတမ်းတွေပေးလိုက်ပါ တယ်။ လူနာနဲ့လူနာရှင်များ သဘောတူရင်တော့ အဲဒီအထဲက ဆေးတစ်မျိုးနဲ့စမ်းသပ်ခံနိုင်ပါတယ်ဆရာ။ Clinical Trials များနဲ့ပတ်သက်ပြီး လုံး၀ကြားဖူးနား၀မရှိတာကြောင့် ဆရာ့အနေနဲ့ ရှင်းပြအကြံပေးစေချင်ပါတယ်ရှင့်။

        အနောက်တိုင်းဆေးဝါးများရဲ့ သဘောသဘာ၀ကိုက ဒီလို Clinical Trials တွေပြုလုပ်ပြီး လက်တွေ့စမ်း သပ်အတည်ပြုလေ့ရှိပါတယ်။ ကင်ဆာဆေးများကတော့ ပိုသေချာဖို့လိုတာပေါ့။ ဆဲလ်ကလာပ်စည်းတွေကို သေစေမယ့်ပြင်းအားမြင့် ဓာတုဗေဒဒြပ်ပေါင်းတွေဖြစ်နေတာကိုး။ ကင်ဆာဆေးပညာရဲ့သမိုင်းတစ်လျှောက်မှာ ဒီလို Clinical Trials တွေနဲ့ပဲ ရှင်သန်ရပ်တည်ခဲ့ကြရတာဖြစ်ပါတယ်။

           Clinical Trial လို့ဆိုလိုက်ရင် အဆင့် 4 ဆင့်နဲ့ ခွဲခြားပြီးပြောလေ့ရှိပါတယ်။ Phase I ကနေ phase IV အထိလို့ သုံးနှုန်းရေးသားကြပါတယ်။ Phase I ဆိုတာကတော့ ဒီဆေးဟာ ဘယ်လိုအန္တရာယ်တွေရှိသလဲဆိုတာကို စမ်းသပ်ပြီးပြီ။ လူမှာ ဘယ်လိုဖြစ်မလဲဆိုတာ လုံး၀မစမ်းသပ်ရသေးတဲ့အဆင့်ပါ။ ဒီမှာပါ၀င်တဲ့ လူနာက နည်းလေ့ရှိတယ်။ စွန့်လွှတ်စွန့်စားသူရဲကောင်းတွေလို့ပဲ ဆိုရမယ်။ များသောအားဖြင့် ကုစရာကင်ဆာဆေးပေါင်းစုံပြီး မျှော်လင့်ချက်ပျောက်သုဉ်းနေကြတဲ့ သနားစရာလူနာတွေက ကောက်ရိုး တစ်မျှင်အဖြစ်၀င်ရောက်စမ်းသပ်ခံ ကြတာမျိုးဖြစ်ပါတယ်။

           Phase I က တကယ်တော့ ဒီဆေးရဲ့အစွမ်းကို လုံး၀မသိနိုင်ကြသေးဘူး။ ဘေးထွက်ဆိုးကျိုးကို ပဲစောင့် ကြည့်ခဲ့ကြရတာဖြစတယ်။ Phase II မှာောတ့ ဒီဆေးအသစ်ရဲ့ ကင်ဆာအပေါ်အာနိသင်ကို စပြီးလေ့လာနိုင်လာပြီ။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေကိုလည်း စောင့်ကြည့်နေရတုန်းပဲ။ Phase III ကတော့ အဆင့်မြင့်လာပြီ။ လက်ရှိအကောင်းဆုံးတဲ့ကင်ဆာကုထုံးနဲ့ အသစ်စမ်းသပ်နေတဲ့ကင်ဆာဆေးရဲ့ ရလဒ်ကို နှိုင်းယှဉ်တာမျိုးတွေပါလာပြီ။ ဆေးအသစ်ကပိုကောင်းလား။ ဆေးအဟောင်းကိုသာရဲ့လားဆိုတာကို စမ်းတာပေါ့။ ဒီလိုအနေအထားမျိုးရောက်မှ ဆေးဝါးသစ်ဟာ မူလဆေးဝါးအဟောင်းထက်မသာပါဘူးလို့ အဖြေထွက်တာတွေလည်းရှိတာပေါ့။ ဒီလို Phase III မှာပဲ ဒီကင်ဆာဆေးကို တရား၀င်ရောင်းချ သုံးစွဲခွင့် ပြုလိုက်ကြပြီ။ Phase IV ကတော့ ဈေးကွက်ထဲရောက်ပြီးသား ကင်ဆာဆေးတွေရဲ့ အသေးစိတ်ဘေးထွက် ဆိုးကျိုးလေးတွေ၊ ပြီးခဲ့တဲ့ Phase တွေမှာ မဖြေရှင်းနိုင်ခဲ့တဲ့ အသေးစိတ် အချက်အလက်လေးတွေကို ထပ်ပြီးတော့ သုတေသနပြုတာပါပဲ။ မသော်သော်ရဲ့ မိခင်ကို ပါ၀င်ဖို့ကမ်းလှမ်းတဲ့သုတေသနက Phase II နဲ့ III ဖြစ်ဖို့များပါလိမ့်မယ်။

           Clinical Trials များမှာ ၀င်ရောက်စမ်းသပ်ကုခံခြင်းဖြင့် ကိုယ်ဟာကင်ဆာဆရာ၀န်များစိတ်၀င်တစား အာရုံစိုက်ခံရတဲ့ လူနာစာရင်းထဲ အလိုလိုပါပြီးသားဖြစ်သွားတယ်။ သုတေသနထဲမှာပါ၀င်နေတဲ့လူနာကို ဘယ်သူမှ တစ်စုံတစ်ရာအမှားခံမှာမဟုတ်ဘူး။ ကင်ဆာတစ်မျိုးကိုကုသဖို့စမ်းသပ်ပြီဆိုကတည်းက ဒီဆေးသစ်ဟာ ကောင်းမှာသေချာသလောက်ရှိတယ်။ ဒီတော့ ဆေးသစ်ဝါးသစ်၊ ဆေးကောင်းဝါးကောင်းနဲ့ အစောဆုံးကုသခံ လိုက်ရတဲ့ လူနာစာရင်းထဲကိုယ်ပါ၀င်သွားနိုင်တယ်။ နောင်လာနောင်သား ကင်ဆာလူနာများအတွက် ကိုယ့်ခန္ဓာနဲ့ရင်းပြီး သုတေသနပြုလုပ်ခံတာမို့လို့ ကုသိုလ်အလွန်ရပါတယ်။

           အဲ .. ဒီလိုသုတေသနများမှာပါ၀င်ခြင်းဖြင့် အားနည်းချက်တွေလည်းရှိနိုင်တယ်။ စမ်းသပ်ဆေးဆို ကတည်းက ဆေးအကြောင်းကို ကောင်းကောင်းမသိသေးလို့ပေါ့။ ဒီတော့ ဆေးဝါးစမ်းသပ်နေတဲ့ အဆင့်တိုင်းမှာကိုပဲ ကြိုတင်ခန့်မှန်းမရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံရနိုင်တယ်။ နောက်တစ်ချက်က ကိုယ်ရဲ့ကံတရားပေါ့။ ဒီဆေးအသစ်က တခြားလူနာများမှာအလွန်ကောင်းပါလျက်နဲ့ ကိုယ့်တစ်ယောက်တည်း ကျမှ ဆေးအာနိသင်မပြတာမျိုးလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုရင် လူနာအဖို့ စိတ်ဓာတ်အလွန်အမင်း ကျဆင်းသွားနိုင်တာပေါ့။

           Clinical Trial ထဲ ၀င်၊ မ၀င်ဆိုတာကို စင်ကာပူက ဆရာ၀န်ကြီးတွေက မသော်သော်တို့မိသားစုကို အသေးစိတ်မေးမြန်းဦးမှာပါ။ ၀င်မယ်ဆိုရင်တော့ လက်မှတ်ထိုးရမယ်။ လက်မှတ်ထိုးရတယ်ဆိုပေမယ့် ကိုယ် ကြိုက်တဲ့အချိန်မှာ အဲဒီသုတေသနက ထွက်ခွာခွင့်ရှိတယ်။ သုတေသနပြီးဆုံးတဲ့အထိ ပါ၀င်နေစရာမလိုဘူး။ ဒီလိုထွက်ခွာလာလို့လည်း ဆရာ၀န်တွေက ဆေးဆက်ပြီးမကုပေးတော့ဘူး၊ ဂရုမစိုက်တော့ဘူးဆိုတာမျိုးလည်း လုံး၀မရှိပါဘူး။

           သုတေသနမှာပါ၀င်မယ့် လူနာများဘက်က ဆရာ၀န်ကိုမေးသင့်တဲ့မေးခွန်းတွေရှိပါတယ်။ ဒီဆေးဝါး အသစ်က လူနာရဲ့ရောဂါမှာ ဘယ်လိုအသုံးတည့်မယ်လို့ မျှော်မှန်းထားလဲဆိုတာမေးရမယ်။ ကောင်းမယ်ဆိုတာ ကြိုမျှော်မှန်းထားပြီးဖြစ်လို့ ဆေးအသစ်ကို စမ်းကြတာမဟုတ်လား။ နောက်ကိုယ့်လူနာပါ၀င်မယ့် သုတေသနအဆင့် (Phase) ကိုမေးရမယ်။ Phase III ဆိုရင် ဘေးထွက်ဆိုးကျိုးနည်းသွားလောက်ပြီပေါ့။ Phase I နဲ့ Phase II ကို ကျော်ဖြတ်ပြီးခဲ့ပြီကိုး။ နောက်တစ်ချက်က ဆေးဝါးအသစ်နဲ့ကုသမှုကို ဘယ်လိုပုံစံနဲ့ ခံယူရမှာလဲဆိုတာမေးရမယ်။ ထိုးဆေးလား၊ စားဆေးလား၊ အရေပြားအောက်ထဲ ထိုးမှာလားစသဖြင့် မေးရပါမယ်။ ကုသမှုအသေးစိတ် ကိုသိထားဖို့လိုတယ်။ ကိုယ်က သူများတိုင်းပြည်ကို သွားပြီးစမ်းသပ်ခံရမှာကိုး။

           လူနာဘက်က မေးစရာမေးခွန်းတွေက အများကြီးပါ။ ဒီခေတ်က သတင်းဆက်သွယ်ရေး ဖွံ့ဖြိုးတဲ့ခေတ်မို့ သူတို့ဆီက စမ်းသပ်မယ့်ဆေးအမည်ကိုရတာနဲ့ အင်တာနက်မှာ download ချပြီး ရှိသမျှမေးခွန်းတွေကို များများမေးသင့်တယ်လို့ အကြံပြုလိုက်ပါရစေ။

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol; 12, No; 22, 25-2-2015