ဆံပင်ဖြူတွေပြန်နက်ချင်ပါသလား၊ ဒီနည်းသုံးကြည့်ပါလား
အရွယ်ကြီးလာလို့ ဇရာပိုင်းရောက်လာပြီဆိုရင် သူသူကိုယ်ကိုယ် ဆံပင်တွေဖြူ၊ ဦးရေတွေပါး၊ ဆံပင်တွေ ကျွတ်ကုန်လာကြတာ ဓမ္မတာတစ်ခုပါ။ စာရေးသူဆိုရင် ဆေးကျောင်းစတက်ကတည်းက ဆံပင်အရင်းတွေ တစ်ပင်စ နှစ်ပင်စ စတင်ဖြူလာပါတယ်။ ကံကောင်းသေးတာက အခုထက်ထိ တစ်ခေါင်းလုံး ဖြူဖွေးနေအောင် ဆံပင်မဖြူ သေးပါဘူး။ ဆံပင်ကလည်း ကျဲပါး ထိပ်ပြောင်နေရင်၊ ခေါင်းကလည် ခေါင်းဖြူစွယ်ကျိုး ဖြစ်နေရင်၊ ရှိရင်းအသက်ထက် ပိုမိုကြီးတယ်ထင်ရပါတယ်။ အိုမင်းရုပ်သွင်ဖြစ်နေစေပါတယ်။ အဲဒါကြောင့် ရှိရင်းအသက်နဲ့ ကိုက်ညီပြီး သင့်တင့် လျောက်ပတ်တဲ့တင့်တယ်မှု ရရှိစေဖို့ ဆံပင်တွေဖြူရာက ပြန်နက်စေအောင်၊ ဆံပင်အကျွတ်လည်း သက်သာအောင်၊ နည်းလမ်းကောင်းတစ်ခုဖော်ပြပေးပါ့မယ်။ အခုခေတ်မှာ ဆံပင် ဆိုးဆေးအမျိုးမျိုးပေါ်နေတာ အလွယ်သုံးနိုင်ပေမယ့် ဓာတုပစ္စည်းတွေဖြစ်လို့ အဲဒါတွေသုံးစွဲရင် ဆံပင်ကျိုးပြတ်တာ၊ ဆံပင် အကျွတ်များတာ၊ ဓာတ်မတည့်လို့ ယားယံတာ၊ နောက်ပိုင်းမှာ အဲဒီဆိုးဆေးတွေကြောင့် ကင်ဆာဖြစ်နိုင်တာ စတဲ့ဆိုးကျိုးတွေခံစားရတာမို့ ဆံပင်ဆိုးဆေးတွေကိုတော့ အသုံးမပြုတာကောင်းပါတယ်။
အခုဖော်ပြတဲ့ နည်းလမ်းက၊ ပြုလုပ်ရတာလည်းလွယ်ကူ၊ သုံးရတာငွေကုန်ကြေးကျလည်းမများ ဘေးထွက် ဆိုးကျိုးလည်းမရှိဆိုတော့ လူကြီး လူရွယ်ကျား/မ မရွေးအသုံးပြုနိုင်ပါတယ်။ ဆံပင်ကို သန်စွမ်းနက်မှောင်စေသလို ဆံပင်အကျွတ်သက်သာ၊ ဆံပင်ပြန်ပေါက်တာ အားပေးလို့ဆံပင် ထုထည်တိုးတက်လာစေပါတယ်။ အဲဒီစိတ်၀င်စား စရာကောင်းတဲ့ ဆံပင်သန်စွမ်းနက်မှောင်စေတဲ့နည်းလမ်းမှာ ပါ၀င်တာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
(1) ကြက်သွန်နီဥကြီး 1 လုံး
(2) ကြက်သွန်နီဥသေး 5 လုံး
(3) ကြက်သွန်ဖြူ ဥမြွှာ 10 မြှောင်း
(4) ပျဉ်းတော်သိမ် 10 ခက်မှာပါတဲ့ အရွက်များ
(5) အုန်းဆီ 300 မှ 400 စီစီ
အထက်ပါပစ္စည်းတွေက လက်တစ်ကမ်းမှာပဲ အလွယ်တကူရှာဖွေရရှိနိုင်ပါတယ်။ အထက်ပါ အားလုံးအနက် ကြက်သွန်ဖြူ/နီ တွေကို အခွံနွှာပြီး ပါးပါးလှီကာ၊ နုတ်နုတ်စင်း၍ ကြိတ်ခြေထားပါ။ ပျဉ်းတော်သိမ်ရွက်တွေကိုလည်း သေးသေးလေးတွေဖြစ်အောင် လှီးထားပေးပြီး၊ အုန်းဆီလောင်းကာ သမအောင်မွှေပေးပါ။ အသားကျသွားရင် အဲဒီဟာတွေကို အိုးသန့်သန့်တစ်လုံးထဲထည့်ပြီး 10 မိနစ် 15 မိနစ်ခန့် မီးအေးအေးနဲ့ အပူပေးရင်း၊ သမအောင်မွှေပေးရပါတယ်။ ပါ၀င်ပစ္စည်းတွေ မဲနက်လာပြီး၊ ကျွတ်ရွလာတော့မှ မီးဖိုပေါ်မှချ အအေးခံကာ အေးလာတဲ့အခါ၊ အဖတ်တွေ စစ်၍ဖယ်ရှားပစ်ပါ။ အဲဒီအခါရလာတဲ့ အမဲရောင်အရည်ကို ဖန်ပုလင်းထဲထည့်ကာ၊ ခေါင်းမလျှော်ခင် ဦးခေါင်းအနှံ့ လိမ်းကျံကာ နာရီ၀က်ခန့်ထားပြီးမှ သဘာ၀ခေါင်းလျှော်ရည်အသုံးပြုပြီး ခေါင်းလျှော်ပစ်ပါ။ ခေါင်းမလျှော်ခင် ကြက် သွန်ဖြူ၊ ကြက်သွန်နီရဲ့ အနံ့စူးရှတာတော့ သည်းခံရမှာပါ။ ဓာတုဆံပင်ဆိုးဆေးတွေရဲ့ ပြင်းထန်စူးရှတဲ့ အနံ့လောက်တော့ မဆိုးဘူး ရှူလို့ရပါတယ်။
ဒီနည်းကို အချိန်မှန်သုံးစွဲသွားရင်၊ ဆံပင်တွေသန်စွမ်းထူကဲလာရုံမကဘဲ၊ သဘာ၀ မူလ ဆံပင်အရောင် အတိုင်း တောက်ပြောင် နက်မှောင်လာစေတယ်။ လိုချင်တဲ့ အနက်ရောင်မရမချင်း ဒီနည်းအတိုင်း နေ့စဉ် (သို့) တစ်ရက်ခြား၊ 2 လမှ 4 လအထိ ပြုလုပ်ပေးဖို့လိုပါတယ်။ အုန်းဆီကိုယ်တိုင်က ဆံပင်သန်စွမ်းစေတယ်၊ ဆံပင် အရောင်ကောင်းစေတယ်။ ဆံပင်အရှည်လည်းမြန်တယ်။ တခြားဆီတွေထက် အုန်းဆီက ဆံပင်အပေါ်မှာ ပိုပြီး ကောင်းတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်၊ အဆီဓာတ်နဲ့ အာဟာရဓာတ်တွေ ကြွယ်၀စွာပါ၀င်တဲ့အတွက် ဦးရေပြားကို ကျန်းမာစေပြီး၊ ဆံပင်အရင်း ဆံမြစ်ကထွက်တဲ့ sebum တွေကို အလွယ်တကူ စွန့်ထုတ် ဖယ်ရှားပေးတယ်။ အချိန်မှန်အုန်းဆီချည်သက်သက် လိမ်းပေးရင်တောင် ဆံပင်အကျွတ်သက်သာစေသလို ဆံပင်အရောင်တွေ ဖျော့မသွားအောင်ပါ ကာကွယ်ပေးပါတယ်။ ဆံပင်အကျွတ်သက်သာချင်တယ်၊ ဆံပင်ပါးတာ ထပ်ပြောင်တာ ဆံပင်ပြန်ပေါက်စေချင်တယ်ဆိုရင် ပျဉ်းတော်သိမ်ရွက်မထည့်ဘဲ ကျန်ပစ္စည်း 4 မျိုးကို အထက်ပါအတိုင်းပြုလုပ် အသုံးပြု နိုင်ပါတယ်။ ထိပ်ပြောင်သူတွေနောက်စေ့ ဆံပင်ပါးသူတွေအတွက် နောက်နည်းလမ်းကောင်း တစ်ခုက ရေမချိုးခင် နာရီ၀က် 45 မိနစ်လောက်ကြိုတင်ပြီး ပြောင်နေတဲ့ ခေါင်းပေါ်ကို ကြက်သွန်နီ အခြမ်းနဲ့ နေရာအနှံ့လိုက်ပွတ်ပေးတဲ့ နည်းပါပဲ။ ဒါမှမဟုတ်ရင် ထုထောင်းလို့ရတဲ့ ကြက်သွန်နီအရည်ကို သုတ်လိမ်းနှိပ်နယ်ပြီး နာရီ၀က်-45 မိနစ်ကြာမှ ခေါင်းလျှော်ပစ်လိုက်ရတယ်။ အဲဒီနည်းကို နေ့စဉ် (သို့) တစ်ရက်ခြားပြုလုပ်ပေးရင် ရက်သတ္တပတ် အနည်းငယ်အတွင်း ဆံပင်တွေပြန်ပေါက်လာတာတွေ့ရပါတယ်။ စိတ်ရှည်လက်ရှည်သာ စွဲမြဲစွာ ပြုလုပ်သွားရင်၊ ရှေ့ထိပ်ပြောင် နောက်ပြောင်ခြင်းမှ ကင်းေ၀းလာပါလိမ့်မယ်။ ဆံပင်ဆိုတာကလည်း ပရိုတင်းတစ်မျိုးမို့ ကျန်းမာရေးနဲ့ညီညွတ်အောင် အသားဓာတ်မချို့တဲ့အောင်၊ နေ့စဉ် အစားအသောက်ထဲမှာ အသား၊ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုးနဲ့ အသီးအနှံတွေ စုံလင်စွာပါအောင် ဂရုစိုက်စားသင့်ပါတယ်။ ဒါမှသာ ဆံပင်တွေအတွက် လိုအပ်တဲ့အာဟာရတွေရရှိပြီး ပိုမိုနက်မှောင် သန်စွမ်းလာမှာဖြစ်ပါတယ်။ အထက်ပါနည်းကိုသာ ယုံကြည်စွဲမြဲစွာနဲ့ ဆံပင်တွေ စတင်ဖြူကာစကတည်း ကသာ သုံးစွဲလိုက်မယ်ဆိုရင် တစ်ခေါင်းလုံးဖြူဖွေးတဲ့ ကြာဇံမွေးဆံကေသာ ပိုရှင်များဖြစ်မှ ကင်းေ၀းကြမှာဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ပါတယ်။
Credit; ဒေါက်တာအေးမြချယ်
Health Digest Journal
Vol: 13, No: 24, 9-3-2016





























