ညောင်းညာကိုက်ခဲတာ ဘာကြောင့်လဲ
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲတာဟာ ဘာကြောင့်မှန်းမသိဘဲ ခန္ဓာကိုယ်ကြီးတစ်ခုလုံး နေလို့ထိုင်လို့ မကောင်းအောင် ခံစားရတတ်တယ်။ တစ်နေကုန်အကောင်းဖြစ်ပါလျက် ရုတ်တရက် တစ်ကိုယ်လုံးရှိ ကြွက်သားတွေ၊ အဆစ်အမျက်တွေ၊ ခါးရိုးတွေအပြင် ခြေထောက်တွေ၊ လက်တွေအရိုးထဲအထိ နာကျင်ကိုက်ခဲတတ်တာမျိုး သင့်ဘ၀တွင် တစ်ချိန်ချိန်မှာ ကြုံခဲ့ဖူးကြမှာဖြစ်တယ်။ ကလေးတွေလည်း ညောင်းတယ်၊ ကိုက်တယ်ဆိုတာ ပြောလေ့ရှိတာပဲ။
ဥပမာပြရရင် အိပ်မပျော်တဲ့ရောဂါခံစားနေရသူတွေ၊ အဆစ်အမျက်ရောင်ရောဂါ ခံစားနေရသူတွေ၊ သိုင်းရွိုက်ရောဂါ (လည်ပင်းကြီးရောဂါ) ရှိသူတွေမှာ ဒီေ၀ဒနာတွေ ခံစားရလေ့ရှိတယ်။ ကံမကောင်းစွာဘဲ တချို့သောနာကျင်ကိုက်ခဲမှုတွေကို စစ်ဆေးစမ်းသပ်ပြီး ရောဂါရှာဖွေမရနိုင်တာမျိုးတွေလည်း တွေ့ရပြန်တယ်။
တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲနေလေ့ရှိတဲ့ လူတွေဟာ ကမ်ဘာပေါ်မှာ အများစုတွေ့ရတတ်တယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်နိုင်သူတွေက အရေအတွက်နည်းပြီး ခန္ဓာကိုယ်ကြီး ကြံ့ခိုင်ပေမယ့် စိတ်ဖိစီးမှုတွေများပြီး တစ်ကိုယ်လုံး ကော်တီစောလို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အထွက်များကာ နေလို့ ထိုင်လို့မကောင်းတဲ့အခြေအနေမျိုးမှာ ရှိနေတတ်တာတွေက ပိုပြီးများတယ်။ အဲဒီလိုလူမျိုးတွေကို ပုံမှန်ကျန်းမာရေးအောက်အဆင့်မှာသာရှိတဲ့သူတွေအဖြစ် သတ်မှတ်ရမှာဖြစ်တယ်။
ဒ့ါအပြင် ကိုက်ခဲနာကျင်မှုဟာ တစ်ခဏဖြစ်ပွားခံစားရတာမဟုတ်ဘဲ မကြာခဏ ခံစားဖြစ်ပွားခြင်းဟာ ရက်မှလ၊ လမှ နှစ်အထိ နာတာရှည်လာတတ်တာမျိုးလည်း ကြုံရတတ်တယ်။ ဆရာ၀န်တွေကတော့ လူနာတွေ ညည်းလေ့ရှိတဲ့ ခန္ဓာကိုယ်နေရာအနှံ့က နာကျင်မှုတွေရယ်၊ ဖိရင်နာကျင်နေတဲ့နေရာတွေရယ်၊ အခြားသိသာ ထင်ရှားတဲ့ေ၀ဒနာလက္ခဏာတွေရယ်၊ အကြောင်းရင်းမသိ၊ ရှင်းပြစရာလည်း မရှိတဲ့ ေ၀ဒနာတွေအတွက် အကိုက်အခဲပျောက်ဆေးလေးတွေထည့်ပေးရတာ ရိုးနေပြီလို့ပြောရလိမ့်မယ်။ ဆရာ၀န်တွေတင်မကဘဲ အရပ်ထဲမှာလည်း ညောင်းညာကိုက်ခဲတာလေးလောက်တော့ အကိုက်အခဲပျောက်ဆေးသောက်ရင် လန်းလာတာပဲလို့ အလွယ်တွေးပြီး မိမိသဘောနဲ့ မိမိသောက်ပစ်လိုက်တာတွေလည်းအများကြီးပါပဲ။ အကိုက်အခဲပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးဘာမှန်မသိဘဲ တစွတ်စွတ်သောက်လိုက်တဲ့ သူတွေလည်းရှိသေးတယ်။ ပြောမယုံ ကြုံဖူးမှသိ၊ အကိုက်အခဲ ပျောက်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး တန်ခိုးကြောင့် ရောဂါဆိုးဆိုးတွေ ခံစားကြရတဲ့သူတွေလည်း သာဓကအများကြီးရှိခဲ့တယ်။ ဒါကြောင့် -
(1) တော်ရုံကိုက်ခဲညောင်းညာတာလေးလောက်တော့ ဆေးသောက်စရာမလိုဘဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့် ခန်းများပြုလုပ်ပေးလိုက်ခြင်း၊
(2) ကိုယ်ကာယကုထုံးတွေဖြစ်တဲ့ နှိပ်နယ်ပေးတာ၊ သွေးလည်ပတ်မှုကောင်းအောင် လှုပ်လှုပ်ရှားရှားလေး နေထိုင်ပေးခြင်း၊
(3) အအေးမိမခံရအောင် နေထိုင်ခြင်း၊
(4) ရာသီအပြောင်းအလဲမှာ ခန္ဓာကိုယ်ကြီးအား အလိုက်သင့်ပြုပြင်နေထိုင်ပေးခြင်း (ဥပမာ- နေပူထဲက ပြန်လာပြီး လေအေးပေးစက်ဖွင့်ထားတဲ့အခန်းထဲ ချက်ချင်း၀င်လိုက်ခြင်းမျိုးရှောင်ပါ။)
(5) ကြွက်သားနှင့် အာရုံကြောများ သန်စွမ်းကြံ့ခိုင်စေရန် ပိုတက်စီယမ်ဓာတ်ကြွယ်၀သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များပို၍ စားပေးခြင်းများပြုလုပ်ပေးနိုင်ပါတယ်။
(6) တကယ်လိုအပ်လို့ သောက်ရမယ်ဆိုလျှင်လည်း ဘေးထွက်ဆိုးကျိုးအနည်းဆုံး အကိုက်အခဲပျောက်ဆေး ကို ရွေးချယ်သုံးစွဲရပါမယ်။
Credit; ဒေါက်တာရည်ညွန့်မေ
Health Digest Journal




























