/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/တစ်ချောင်းချင်းသာ-သုံးစွဲပါ

တစ်ချောင်းချင်းသာ သုံးစွဲပါ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        တလောဆီက ရုပ်မြင်သံကြားအစီအစဉ်တစ်ခုမှာ ကျန်းမာရေးဆိုင်ရာကဏ္႑တစ်ရပ်၌ သွားတိုက်ခြင်းမှ အသည်းရောင် အသားဝါ B ပိုး ကူးစက်နိုင်ကြောင်း ဟောပြောပို့ချလိုက်သည်ကို ကြားသိလိုက်ရလေသည်။ အမှန်တွင် သွားတိုက်ခြင်းသည် သွားနှင့်ခံတွင်းရောဂါများတွင် အဖြစ်အများဆုံး သွားပိုးစား (ဆွေးမြည့်ပျက်စီး) ခြင်းနှင့် သွားဖုံးရောင်ရောဂါနှစ်မျိ်ုးစလုံးကို ကာကွယ်နိုင်ကြောင်း သွားဘက်ဆိုင်ရာ ဆရာ၀န်အားလုံးက စဉ်ဆက်မပြတ် ပညာပေးခဲ့ပြီး ဖြစ်သကဲ့သို့ ယခုလည်း ဆက်လက် အသိပေးလျက်ရှိနေကြပါသည်။ သွားတိုက်ရာတွင် သွားတိုက်တံနှင့် သွားတိုက်ဆေးတို့ ပါ၀င်ကြောင်းကိုလည်း ထပ်မံရှင်းလင်း ရန်လိုမည်မထင်ပါချေ။

           သွားတိုက်တံရှိ သွားတိုက်မျှင်ပေါ်တွင် သွားတိုက်ဆေးကိုညှစ်၍ တင်ဆောင်ကာ စနစ်မှန်သွားတိုက်ခြင်းဖြင့် သွားမျက်နှာပြင်ပေါ်တွင် ကပ်ငြိနေသော ဗက်တီးရီးယားပိုးမွှားများကို စင်ကြယ်စေပါသည်။ ယင်းသို့သော ဗက်တီးရီးယားများ တွင် သွားပိုးစားရောဂါ၊ သွားဖုံးရောင်ရောဂါတို့ကို ဖြစ်ပွားစေနိုင်သော ပိုးမွှားများပါ၀င်လေသည်။ ထို့အပြင် ယင်းဗက်တီးရီးယား များသည် 12 နာရီအကြာတွင် သွားမျက်နှာပြင်ရှိ ဇီ၀အလွှာ (Biofilm) တွင် ပြန်လည်တွယ်ကပ်နိုင်သောကြောင့် တစ်ရက်လျှင် သွားနှစ်ကြိမ်တိုက်ရန် သွားဆရာ၀န်များက ညွှန်ကြားခြင်းဖြစ်ပေသည်။

           ထိုသို့သော ညွှန်ကြားချက်များတွင် နူးညံ့ပျော့ပျောင်းသော သွားတိုက်မျှင်များပါ၀င်သော သွားတိုက်တံဖြင့် အထက်အောက် (ဒေါင်လိုက်) သွားတိုက်ရန်ဟူသောအချက်လည်း ပါ၀င်လေသည်။ အကယ်၍ သွားကိုတိုက်ရာတွင် အမျှင် များကို ကန့်လန့်ဖြတ်တိုက်ပါက သွားဖုံးသားများကို ထိခိုက်ပျက်စီးစေပါလိမ့်မည်။ ထို့အပြင် သွားတိုက်မျှင်များက ကြမ်းတမ်းနေပြီး သွားများကို ဖြူစင်စေလိုစိတ်ဆန္ဒစောပြီး ခပ်ကြမ်းကြမ်းတိုက်ပါက သွားဖုံးသားများ ထိခိုက်ရုံမျှမက ယင်းနှင့်ဆက်စပ်နေသော သွားကြွေလွှာတွင် သစ်ပင်၏ပင်စည်ကို ပုဆိန်ဖြင့် ထစ်ထားသကဲ့သို့ အင်္ဂလိပ်စာလုံး (V) ပုံသဏ္ဌာန်ချိုင့်များကို ဖြစ်ပေါ်စေပါသည်။

           ဤဆောင်းပါး၏အစတွင် ဖော်ပြထားသကဲ့သို့ သွားတိုက်ခြင်းမှ အသည်းရောင်အသားဝါ B ပိုး ကူးစက်စေနိုင်ကြောင်း ဟောပြောပို့ချချက်သည် သွားတိုက်နည်းလမ်းမှားသဖြင့် သွားဖုံးသားထိခိုက်ပျက်စီးခြင်းကို ဆိုလိုဖွယ်ရာရှိပါသည်။ သစ်ပင် တစ်ပင်ပေါက်လာရန် မျိုးစေ့နှင့် မြေလွှာတို့ လိုအပ်သကဲ့သို့ ရောဂါတစ်ခု ကူးစက်ရာတွင်လည်း မျိုးစေ့နှင့်တူသော ရောဂါပိုးနှင့် မြေလွှာနှင့်တူသော လက်ခံသည့် ခန္ဓာကိုယ်တို့ရှိနေပါမည်။ အသည်းရောင်အသားဝါ B ပိုးသည် ဗိုင်းရပ်စ်ပိုးမှကူးစက်ပြီး အသည်းကို ထိခိုက်စေခြင်းဖြစ်သည်။

           ယင်း B ဗိုင်းရပ်စ်ပိုးသည် ရောဂါရှိသူထံမှ နောက်တစ်ဦးသို့ကူးစက်ရာတွင် ကြားခံအသုံးအဆောင်ပစ္စည်းတစ်ခုခုမှ ပျံ့နှံ့ခြင်းဖြစ်ပေသည်။ ထိုအသုံးအဆောင်သည် ရောဂါရှိသူမှ သုံးစွဲထားပြီးဖြစ်ရပါမည်။ အကယ်၍ ယင်းကြားခံပစ္စည်းသည် သွားတိုက်တံဖြစ်နေပါလျှင်လည်း အဆိုပါသွားတိုက်တံကိုပင် နောက်တစ်ဦးက သုံးစွဲမှသာ ကူးစက်ခြင်းပြီးမြောက်ပါလိမ့်မည်။

           ဤကြားခံပစ္စည်းများတွင် ပါ၀င်သော အသုံးအဆောင်များအနက် သွေးကြော၊ ဆေးထိုးအပ်ဖြစ်နိုင်သကဲ့သို့ သင်တုန်း ဓားလည်းဖြစ်နိုင်ပါသည်။ အထူးသဖြင့် မူးယစ်ဆေးသုံးစွဲသူများသည် ဆေးထိုး အပ်ဖြင့် သွေးကြောအတွင်းသို့ မူးယစ်ဆေးကို ထိုးသွင်းကြသည်ကို အများသိရှိပြီး ဖြစ်ပေသည်။ အဆိုပါ ဆေးထိုးအပ်ကိုပင် ပိုးသတ်ခြင်းမပြုဘဲ နောက်တစ်ဦးမှ ထိုးနှံသုံးစွဲပါက ထိုသူတို့ လွယ်လင့်တကူ ကူးစက်ပါလိမ့်မည်။ ထိုနည်းတူစွာပင် သင်တုန်းဓား၊ မုတ်ဆိတ်ရိတ်ဓားတို့မှလည်း တစ်ဦးထံမှ နောက်တစ်ဦးထံသို့ ကူးစက်နိုင်ပါသည်။

           အမှန်တွင် သွားတိုက်တံဟူသည် လူတစ်ဦးလျှင် တစ်ချောင်းစီသာ သုံးစွဲရမည့် အသုံးအဆောင်ဖြစ်လေ၏။ တစ်နည်းဆိုရသော် သွားတိုက်တံတစ်ချောင်းသည် လူတစ်ဦးထက်ပို၍ မျှေ၀သုံးစွဲရမည့် အသုံးအဆောင် မဟုတ်ပါချေ။ ကြားခံအသုံး အဆောင်ပစ္စည်းဖြစ်သော ဆေးထိုးအပ်ကဲ့သို့ အရာ၀တၳုများကို ကောင်းစွာပိုးသတ်ပြီးမှ သို့မဟုတ် တစ်ခါသုံး ဆေးထိုးအပ်ကိုသာ သုံးစွဲရပါမည်။

           သွားတိုက်တံကိုမူ ပိုးသတ်ရန် အလို့ငှာ ရေနွေးစိမ်၍မရပါ။ သွားတိုက်ပြီးလျှင်မူကား သွားတိုက်တံကို ကောင်းစွာ ဆေးကြောရပါမည်။ သို့ရာတွင် သွားတိုက်တံကို ဓာတုပစ္စည်းများဖြင့် ဆေးကြောရမည်ဟူ၍ မဆိုလိုပါ။ ထို့အတူ သွားတိုက်တံကို တစ်ခါသုံးပြီး စွန့်လွှတ်စရာမလိုပါ။ (သွားတိုက်တံမျှင်များ ဖွာပြီး မတောင့်တင်းမှသာ အသစ်လဲရမည်ဖြစ်ပါသည်။)

           ကြမ်းတမ်းသော သွားတိုက်မျှင်များဖြင့် ကန့်လန့်ဖြတ်သွားတို်က်တံကို ရွေ့လျားခြင်းကိုမူ လုံး၀ရှောင်ကြဉ်ရပါမည်။ သို့အတွက် သွားတိုက်တံတစ်ချောင်းကို တစ်ဦးတည်းကသာ သုံးစွဲခြင်း၊ နူးညံ့ပျော့ပျောင်းသော သွားတိုက်မျှင်များပါသော သွားတိုက်တံကို သုံးစွဲခြင်း၊ သွားတိုက်သည့်အခါ သွားတိုက်တံကို မျက်နှာပြင်အနှံ့အထက်အောက် ရွေ့လျားစေသော အချက်အလက်များကို တိကျစွာလိုက်နာပါလျှင် “သွားတိုက်ရုံမျှဖြင့် အသည်းရောင်အသားဝါ B ပိုး မကူးစက်နိုင်ကြောင်း” ခိုင်လုံစွာဆို၍ရပါသည်။

 

 

 

Credit: ပါမောက္ခဒေါက်တာ စောထွန်းအောင်

Health Digest Journal

Vol: 13, No: 32, 18-5-2016