တစ်နေကုန် သွားလာ၊ လှုပ်ရှား၊ အလုပ်လုပ်နေတာပဲ
အငြိမ်နေခြင်း၊ အထိုင်များခြင်းသည် ကျန်းမာရေးအတွက် မကောင်း၊ ဆိုးကျိုးပေးသည်ဟု သုတေသန အထောက်အထားများက အခိုင်အမာသက်သေပြပြီးသည့်နောက်တွင် တချို့ဆေးကုသရေး လမ်းညွှန်များတွင် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ရုံသာမက ဆက်တိုက် မိနစ် 90 ထက်ပိုမထိုင်ရ၊ မချိန်ကြာမြင့်စွာ ထိုင်ပြီးခဏ တစ်ဖြုတ် လမ်းလျှောက်၊ လှုပ်ရှားဟူသောအကြံပြုချက်ထည့်လာကြသည်။ အငြိမ်နေခြင်း၊ အထိုင်များခြင်းက ဆိုးကျိုးပေးသကဲ့သို့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးပေးသည့် အထောက်အထားများလည်း အများအပြားရှိသည်။ ပုံမှန်လေ့ကျင့်ခန်းသည် ကိုယ်ကိုကျန်းမာစေသည်။ စိတ်ကိုရွှင်လန်းစေသည်။ အသက်ရှည်စေသည်။ လူတိုင်းလိုချင်သည့်ဆုကို ပြည့်စေသည့်အပြင် တခြားကောင်းကျိုးများကိုလည်းပေးသေးသည်။
ဥပမာ - နေ့စဉ်လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် သွေးချိုမဖြစ်ခင် ကာကွယ်ပေးသည်။ သွေးချိုလူနာ တွင် သွေးချိုထိန်းသိမ်းမှုကောင်းစေသည်။ သွေးချို၏ နောက်ဆက်တွဲပြဿနာများကို လျော့နည်းစေသည်။ သွေးချို လူနာ၏ အသက်သေဆုံးမှုကို လျော့စေသည်။ ယင်းအကျိုးကျေးဇူးများသည် လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ် အလေးချိန်ကျစေခြင်း၊ ပိန်စေခြင်းမှ တစ်ဆင့်မဟုတ်၊ လေ့ကျင့်ခန်းကိုယ်တိုင်က ခန္ဓာကိုယ်ကလာပ်စည်းဆဲလ်များ၏ အင်ဆူလင်ကို တုံ့ပြန်မှုအားကောင်းစေသည်။ မုန့်ချိုအိတ်မှ အင်ဆူလင်ဟော်မုန်းအထုတ်တက်စေသည်။ ထို့ကြောင့် သွေးချိုရောဂါကုထုံးလမ်းညွှန်များတွင် သင့်တင့်အောင် ပြင်းထန်သော လေ့ကျင့်ခန်းကို တစ်ပတ် မိနစ် 150 သို့မဟုတ် ပိုမိုပြင်းထန်သော လေ့ကျင့်ခန်းကို တစ်ပတ် မိနစ် 90 မဖြစ်မနေ ပုံမှန်လုပ်ရန်အကြံပြုထားသည်။ တစ်ပတ်အနည်းဆုံးသုံးရက်လုပ်ရန်၊ နှစ်ရက်ဆက်တိုက် မပျက်ရန်လည်းဆိုသည်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ခြင်းကဲ့သို့သော ခန္ဓာကိုယ်တစ်ခုလုံးအလိုက်သင့် သွက်သွက်လက်လက်လှုပ်ရှားမှုပါသည့် Aerobic လေ့ကျင့်ခန်းမျိုးသာမက ညှစ်အားအနည်းငယ်ပါသော လေ့ကျင့်ခန်းပါ တွဲလုပ်ရန်လည်းအကြံပြုထားသည်။ ညှစ်အား အသင့်အတင့်ပါသော၊ လေ့ကျင့်ခန်းလုပ်ရန် လူနာသည် ခံနိုင်ရည်ရှိရန်၊ ရောဂါကြီးကြီးမားမားမရှိရန်တော့ လိုသည်။ လေ့ကျင့်ခန်းနှစ်မျိုးပေါင်းလုပ်ခြင်းသည် တစ်မျိုးတည်းသီးသန့်လုပ်ခြင်းထက် သွေးချိုကို ပိုကျစေသည် ဟုဆိုသည်။
ဆေးလည်းသောက်၊ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်၊ သွေးချိုကောင်းကောင်းထိန်းသူ သည် ဆေးတော့သောက်၊ လေ့ကျင့်မှုမရှိ၊ သွေးချိုထိန်းကောင်းသူထက် အသက်သေဆုံးမှုနည်းသည်ဟု ဆိုသည်။ သွေးချိုမရှိသည့် လူကောင်းတစ်ယောက်နီးပါးအသက်သေဆုံးမှုနည်းဟုလည်းဆိုသည်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကျန်းမာရေးအတွက် ကောင်းသည်ဆိုသည့်အချက်ကို သိသော်လည်း တစ်နေကုန်လှုပ်ရှားသွားလာနေတာပဲဆိုသည့် အကြောင်းပြချက်ဖြင့် လေ့ကျင့်ခန်းပုံမှန်လုပ်ရန် ခက်နေသော၊ မအားဖြစ်နေသော၊ မလုပ်ဖြစ်နေသော လူတော်တော်များများရှိသည်။ အမှန်တကယ်တော့ တစ်နေကုန်သွားလာ လှုပ်ရှားနေခြင်းသည် ပုံမှန်လေ့ကျင့်ခန်းပုံစံမဟုတ်သော်လည်း ခန္ဓာကိုယ်ကယ်လိုရီလောင်ကျွမ်းမှုကို များစေသည်။ သို့ပေမယ့် ယင်းသို့လှုပ်ရှားသွားလာခြင်းမှာ ပုံမှန်လေ့ကျင့်ခန်းလုပ်သကဲ့သို့ တစ်ကိုယ်လုံးပါသော၊ အချိုးကျသောလှုပ်ရှားမှုဟုတ်ကောင်းမှဟုတ်မည်။ သတ်မှတ်ထားသော ကယ်လိုရီလောင်ကျွမ်းမှုရှိချင်မှရှိမည်။ ဒီနေ့ လုပ်ရှားမှုများတော့ ကယ်လိုရီလောင်ကျွမ်းမှု လုံလောက်ပေမယ့် နောက်ရက်လှုပ်ရှားမှုနည်းတော့ ကယ်လိုရီ လောင်ကျွမ်းမှုမလုံလောက်ဘဲ ဖြစ်နေနိုင်သည်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ပုံမှန်၊ အချိန်မှတ်သတ်မှတ်ထားသော လေ့ကျင့်ခန်းအမျိုးအစားကို လုပ်ခြင်း ဖြစ်လေတော့ တစ်ကိုယ်လုံးလှုပ်ရှားမှုလည်းရ၊ လုံလောက်သည့်ကယ်လိုရီလောင်ကျွမ်းမှုလည်းရှိ၊ ခန္ဓာကိုယ် တစ်ကိုယ်လုံး သွေးလည်ပတ်မှုလည်းကောင်းစေ၊ လေ့ကျင့်ခန်းလုပ်နေစဉ် နေ့စဉ်လုပ်ငန်းတို့၏ စိတ်ဖိစီးမှုလည်း ကင်းဆိုတော့ ပုံမှန်သွားလာလှုပ်ရှားနေသည်ထက် အစစအရာအရာသာသည်။ နေ့စဉ်ပုံမှန်သွားလာလှုပ်ရှားခြင်းသည် ပုံမှန်လေ့ကျင့်ခန်းလောက်စနစ်မကျ၊ ပုံမှန်မဖြစ်၊ ကယ်လိုရီလောင်ကျွမ်းမှု လုံလောက်လေ့မရှိချေ။ သုတေသနလေ့လာမှုတစ်ခုတွင် နေ့စဉ် လေ့ကျင့်ခန်းမရှိ၊ ပုံမှန်သွားလာလှုပ်ရှားနေသည့် သွေးချိုလူနာ အုပ်စုနှင့် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်သည့် သွေးချိုလူနာအုပ်စုနှစ်ခုလုံးသည် အငြိမ်နေ၊ အထိုင်များသည့် သွေးချိုလူနာများထက် သွေးချိုထိန်းသိမ်းနိုင်မှု ပိုကောင်းသော်လည်း ပုံမှန်လေ့ကျင့်ခန်း လုပ်သူအုပ်စုက လေ့ကျင့်ခန်းမရှိ၊ ပုံမှန် သွားလာလှုပ်ရှားသည့်အုပ်စုထက် သာသည်ကိုတွေ့ရသည်။
အချုပ်ဆိုရသော် သွေးချိုလူနာအပါအ၀င် လူတိုင်းသည် တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေ၊ အငြိမ် နေနှင့်အထိုင်ကိုလျော့၊ တစ်နေကုန် သွက်သွက်လက်လက် လှုပ်လှုပ်ရှားရှားနှင့် အလုပ်လုပ်၊ အိမ်မှုကိစ္စလုပ်၊ ပုံမှန်လေ့ကျင့်ခန်းကိုလည်း တစ်ပတ်အနည်းဆုံး သုံးရက်ကြိုးစားလုပ်လျှင် အကျန်းမာဆုံးသော လူတစ်ယောက်ဖြစ်မည်ဟု ခံယူကြိုးစားသင့်ပါသည်။
Credit; ပါမောက္ခနေ၀င်း
Health Digest Journal
Vol; 12, No; 16, 1-2015






























