/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/နင်လားဟဲ့-mrcp

နင်လားဟဲ့ MRCP

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကျွန်တော် ဆေးပညာမဟာသိပ္ပံဘွဲ့ရတာ 2007ခုနှစ်ထဲမှာပေါ့။ အဲဒီတုန်းက MRCP ဆိုတာ Selection ၀င်ခွင့်ဖြေပြီးမှ အပိုင်း (က) ရေးဖြေဖြေခွင့်ရကြတာ။ အစိုးရ၀န်ထမ်းတွေပဲ ဖြေခွင့်ရှိတာ၊ နိုင်ငံတော်က တစ်ပိုင်းတစ်စ ကုန်ကျစရိတ် ကျခံပေးတာမျိုးကိုး။ 2009 ခုနှစ်၊ စက်တင်ဘာလ လောက်ကစပြီး MRCP (Part 1) ရေးဖြေ ကို မြန်မာပြည်မှာကျင်းပပါတယ်။ အဲဒီမှာ Part 1 အောင်သွားတယ်ပေါ့လေ။ နောက်နှစ် 2010 ပြည့်နှစ်မှာ Part ll ရေးဖြေ မြန်မာပြည်မှာပဲ ဖြေခွင့်ရတော့လည်း အောင်တာပါပဲ။

 

          အဲဒီနောက်ပိုင်း Paces ခေါ်တဲ့ MRCP လက်တွေ့စာမေးပွဲကို ဖြေဖို့တော့ နိုင်ငံခြားကို ထွက်ဖြေရမှာဆို တော့ မဖြေဖြစ်ပြန်ဘူးပေါ့။ အဲဒီကနေ မဖြေဖြစ်လိုက်တာဟာ 2013 ခုနှစ်၊ နို၀င်ဘာလ ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီးမှာ Paces စာမေးပွဲ ပထမဆုံးလာစစ်ပေးတော့ ကျွန်တော်၀င်ဖြေဖြစ်ပါတယ်။ အဲဒီမှာ စပြီးကျ တာပါပဲ။ 2010 ပြည့်နှစ်ကနေ 2013 ခုနှစ်အတွင်း စင်ကာပူမှ ကင်ဆာနဲ့ ပတ်သက်တဲ့ Training တစ်နှစ် လောက် သွားနေတာ၊ ဖင်လှည့် ခေါင်းလှည့်နဲ့ဆိုတော့ မဖြေဖြစ်ဘူးပေါ့။

 

          2014 ခုနှစ်၊ မတ်လအတွင်း အိန္ဒိယပြည်နယ်၊ ချနိုင်းမြိုကမှာ Paces ကို ဒုတိယအကြိမ် မကျေပွဲနွှဲပြန် တော့လည်း ထပ်ကျတာပါပဲ။ အမှတ်တွေကတော့ ကောင်းလာပါရဲ့။ အောင်မှတ်ကိုလည်းထိပါရဲ့။ Clinical Skills ခေါ်တဲ့ စွမ်းရည်အမှတ်မှာ ကျေနပ်လောက်ဖွယ် မရတာမို့ 2 မှတ်နဲ့ကပ်ပြီးကျပါတယ်။ ကျွန်တော်က 2009 ခုနှစ်၊ နို၀င်ဘာလမှာ အိမ်ထောင်ကျတာ၊ ဇနီးသည်ပြောနေကျအတိုင်းသာဆိုရင် အိမ်ထောင်မကျခင်ကတည်းက ဖြေနေတဲ့စာမေးပွဲက ကလေးနှစ်ယောက်ရလို့၊ ဒုတိယကလေးတောင် အခါလည်ကျော်ပြီ။ မအောင်နိုင်သေးဘူးကိုး။ သမီးအကြီးလေး ရွှေပိုး မမွေးခင်ကတည်းက ဖြေနေတဲ့စားမေပွဲတစ်ခုက သူတောင် သူငယ်တန်းတက်တော့မယ်၊ အဖေက မအောင်နိုင်သေးဘူးဖြစ်နေတာ။

 

          ကျွန်တော်ကတော့ စိတ်မပျက်ပါဘူး။ ဒီလိုစာမေးပွဲတွေဟာ ကြာတတ်တယ်။ ကျတတ်တယ်။ ငွေသိပ် ကုန်တယ်။ အရင်ကတည်းက သိထားပြီးသား။ 2013 ခုနှစ်လောက်က MRCP အောင်သွားတဲ့ အစ်ကိုကြီးတစ်ယောက်စားအရဆိုရင် ကျားမြီးဆွဲထားပြီးဖြစ်နေလို့ လွှတ်လည်းမလွှတ်ရဲ၊ တရွတ်တိုက်ကြီးဖြစ်နေတာပေါ့။ ချနိုင်းမှာ Paces သွားဖြေတုန်းနဲ့ ကိုယ်နဲ့ တစ်ချိန်တည်းဖြေတဲ့ အိန္ဒိယသား ဆရာ၀န်ကို သူဖြေတဲ့နေ့မှာ သူ့သမီးကလည်း အထက်တန်းစာမေးပွဲဖြေတာတဲ့။ ကိုယ့်သမီးက မူလတန်းတောင် တက်တာမဟုတ်သေးဘူး။ ဘာဖြစ်သေးတုန်း။

 

          MRCP ဆိုတာ အင်္ဂလန်နိုင်ငံ၊ တော်၀င်သမားတော်များကောလိပ်က ပေးတဲ့ဘွဲ့။ သူတို့ရေးထားတဲ့ ပြဋ္ဌာန်း စာအုပ်တစ်အုပ်ထဲမှာ အင်္ဂလန်ကျွန်း၏ အကောင်းဆုံးသော ဦးနှောက်များစုေ၀းရာ တော်၀င်သမားတော်များကော လိပ်လို့ ရေးထားတာတောင်တွေ့ဖူးတယ်။ အမှန်တော့ သူတို့ဆီက ဆရာ၀န်တွေအတွက် အဓိကရည်ရွယ်တဲ့ စာမေးပွဲ။ အထူးကုဆရာ၀န်ဖြစ်ဖို့ လမ်းကြောင်းဖွင့်တဲ့ စာမေးပွဲတစ်ခုပါပဲ။ Entrance Exam ခေါ်သပေါ့။ MRCP အောင်မှ ရိုးရိုးဆရာ၀န်ဘ၀ကနေ လွတ်မယ်။ ကင်ဆာဆရာ၀န်လုပ်ချင်သလား၊ နှလုံးဆရာ၀န် လုပ်ချင်သလား၊ ကျောက်ကပ် အထူးကုလုပ်ချင်သလား။ MRCP (UK) ရပြီးမှ စဉ်းစားမယ်ပေါ့။ ဒါတောင် ဒီဘက်ခေတ်မှာ Speciality စာမေးပွဲဆိုပြီး အထူးကုပညာရပ်များကို MCQ  လို၊ Best of Five လို မေးခွန်းတွေဖြေရတဲ့ စာမေးပွဲ တွေရှိလာပြီ။

 

          ဥပမာ - ကင်ဆာပညာဆိုပါတော့။ Medical Oncology ခေါ်တဲ့ ကင်ဆာအထူးကုသင်တန်းတက်ရောက် နိုင်ဖို့ MRCP အရင်ရဖို့ လိုတယ်။ ပြီးရင် Oncology Speciality စာမေးပွဲဖြေရမယ်။ အောင်မှ ကင်ဆာအထူးကု သင်တန်းစတက်ရမှာ။ အဲဒီစာမေးပွဲအောင်ထားသူတွေက MRCP (Oncology) လို့ အမည်တပ်ခွင့်ရတယ်။ အင်္ဂလန်မှာနေပြီး ဆေးကုနေသရွေ့ပေါ့။ အင်္ဂလန်မှာ မနေတော့ဘူးဆိုရင် MRCP(UK), CCT in Oncology လို့ပဲ အမည်တပ်ရတယ်။ MRCP (Oncology) လို့ မရေးရဘူး။ စင်ကာပူအထွေထွေရောဂါကု ဆေးရုံကြီးမှာ အလုပ်လုပ်နေတုန်းက အဲသလို အင်္ဂလန်ကျွန်းပြန် MRCP (UK), CCT in Oncology ဆရာ၀န်တွေ တွေ့ခဲ့ဖူးပါတယ်။

 

          အမှန်တော့ ဒီဘက်ခေတ် ဆေးပညာမှာ ဘွဲ့ထက် Training က ပိုအရေးကြီးတာ။ စင်ကာပူရဲ့ ဘွဲ့လွန် ဆေးပညာက အမေရိကန်ပုံစံကို သွားနေတာ။ MRCP (UK) ရပြီး အထူးကုသင်တန်း မတက်ရသေးသူတွေလည်း ရှိပါရဲ့။ အမေရိကန်မှာဆို MD ဘွဲ့တစ်ခုတည်းနဲ့ အထူးကုတွေဖြစ်နေကြတာ။ သူတို့က ပြည်နယ်အလိုက် စစ်တဲ့ Board Certified အထူးကု သတ်မှတ်ချက်စာမေးပွဲတွေရှိတယ်။ MD ပဲ နာမည်နောက်မှာ တပ်ကြတာ။ စင်ကာပူ မှာတော့ အမေရိကန်ပြန်အထူးကုတွေက MD, Board Certified in Medical Oncology စသဖြင့် အမည်နော်မှာ ရေးကြတာတော့ ရှိပါတယ်။ အဲဒီလို အမေရိကန်ဘွဲ့ကမှ တစ်ကမ်ဘာလုံးသွားလို့ရတာမျိုး။ MRCP(UK) ဆိုတာက စာမေးပွဲအောင်ထားတာကိုပဲ ပြောတာ။ Training မပါသေးဘူးပေါ့။

 

          MRCS ခေါ်တဲ့ တော်၀င်ခွဲစိတ်ကုဘွဲ့ဆိုလည်း ခွဲစိ်ပြစရာမှ မလိုတာ။ စာမေးပွဲဖြေရတာ။ ဒါဆို ဘာလို့ ဖြေနေရသလဲမေးရင် သူများတွေဖြေနေလို့ ဖြေရတာပေါ့လို့ ကျွန်တော်ကတော့ ဖြေမှာပဲ။ ဒါပေမယ့် MRCP, MRCS ဆိုတာ အပြည်ပြည်ဆိုင်ရာ ၀င်ဆံ့တဲ့ ဘွဲ့တွေဖြစ်ပါတယ်။ ဒီလိုစာမေးပွဲတွေအောင်ဖို့ အဆင့်တစ်ခုခုတော့ ရှိရတာပဲ မဟုတ်လား။ ဆရာ၀န်တစ်ယောက် အရည်အချင်းရှိ၊ မရှိ Evaluation လုပ်တဲ့အခါမှာတိုင်းတဲ့ အပြည်ပြည်ဆိုင်ရာ ပေတံတစ်ခုလို့ သတ်မှတ်ထားရင်ရပါပြီ။ တခြားတိုင်းလို့ရတဲ့ ပေတံတွေလည်း အများကြီးပါနော်။ MRCP ရမှာ ထိပ်ထိပ်ကြဲဖြစ်တာ မဟုတ်ပါဘူး။ ဆရာ၀န်တစ်ဦးချင်းစီရဲ့ Dedication ခေါ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကသာ ရေရှည်အောင်မြင်မှုအတွက် စကားပြောတာပါ။

 

          ခေတ်တွေ ပြောင်းလာတာနဲ့အမျှ Training က ဘွဲ့တွေထက် ပိုအရေးကြီးတယ်လို့ သိလာကြပြီး နိုင်ငံတိုင်းမှာ ကိုယ့်နိုင်ငံ၊ ကိုယ့်ပေတံနဲ့တိုင်းတဲ့ Training ခေါ် ဘွဲ့လွန်ပညာရေးတွေ ထူထောင်နေကြတာ။ မြန်မာပြည်မှာ ဆို ဆေးပညာမဟာသိပ္ပံဘွဲ့တွေပေါ့။ ဒီလိုမဟာဘွဲ့တွေတောင် ခြုံငုံသိ ပညာပဲရှိသေးတယ်။ မပြည့်စုံသေး ဘူးဆိုပြီး ဆေးအခြေခံ ပါရဂူဘွဲ့ (Ph.D) နဲ့ ဆေးလက်တွေ့ ပါရဂူဘွဲ့ (Dr. Med. Sc) တွေ ထပ်ပေးလာကြရတာ။ ခေတ်က တောင်းဆိုလာတာကိုး။ MRCP (UK) ရထားတဲ့ ဆရာ၀န်တွေက ဒီလိုမဟာဘွဲ့တွေ၊ ပါရဂူဘွဲ့တွေ ဆက်လက်ဆည်းပူးလေ့ကျင့်ခြင်းအားဖြင့် ပြည်တွင်း ဘွဲ့လွန်တွေရဲ့ ဂုဏ်ရှိန်ဂုဏ်ဝါလည်း မြင့်တက်လာတာ မဟုတ်လား။ ဒီလို MRCP စာမေးပွဲတွေကို မြန်မာပြည်မှာ ဖြေဆိုခွင့် ရလာအောင် ကြိုးစားရုန်းကန်ပေးခဲ့ကြတဲ့ ဆရာသမားတွေရဲ့ ကျေးဇူးတွေကို ကျွန်တော်ကတော့ အမြဲအောက်မေ့ပြီး မေတ္တာပို့နေမိတာပါပဲ။

 

 

 

Credit; ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal (No.29)