/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/နာနတ်သီးနှင့်-ကျန်းမာရေး

နာနတ်သီးနှင့် ကျန်းမာရေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

နာနတ်ပင်နဲ့ နာနတ်သီး

        နာနတ်သီးအပင်က ကျွန်တော်တို့နိုင်ငံအပါအ၀င် ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာ ပေါက်ရောက်တဲ့အပင် (Tropical plant) တစ်မျိုးဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Pineapple လို့ခေါ်ပြီး သူရဲ့ရုက္ခဗေဒအမည်ကတော့ Ananas comosus ဖြစ်ပါတယ်။

          နာနတ်ပင်က 3 ပေကနေ 5 ပေလောက်အထိ မြင့်ပါတယ်။ သူ့ကိုစိုက်တဲ့အခါ အပေါ်အရွက်တွေရှိတဲ့အပိုင်း (Crown)ကို ဖြတ်ပြီး မြေမှာချစိုက်ရင် 2 နှစ်ကြာတဲ့အခါ အပွင့်စပွင့်ပြီး နောက်ထပ် 6 လကြာရင် အသီးသီးပါတယ်။

          နာနတ်သီးကို ရင့်မှည့်ချိန်မှာဆွတ်ခူးပြီး များသောအားဖြင့် အစိမ်းအတိုင်းခွဲစားလေ့ရှိပါတယ်။ တချို့ကတော့ ဖျော်ရည်လုပ်သောက်ကြပါတယ်။ ကြာကြာအထားခံနိုင်အောင် စည်သွတ်ဘူးနဲ့ ထည့်စားတာတွေလည်း ရှိပါတယ်။ ဟင်းချက်တဲ့အခါမှာလည်း ထည့်ချက်လေ့ရှိပါတယ်။ ယိုထိုးပြီးတော့လည်း သရေစာအဖြစ် စားနိုင်ပါတယ်။ သူဟာ အာဟာရဓာတ်ကြွယ်၀ပြီး အင်မတန် အရသာရှိတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်ရွက်ကိုတော့ အမျှင်တွေထုတ်ယူပြီး အကျႌအ၀တ်အထည်နဲ့ ကင်းဗတ်စတွေအဖြစ် အသုံးပြုလေ့ရှိပါတယ်။

 

နာနတ်သီးမှာပါ၀င်တဲ့ အာဟာရဓာတ်

        အဓိကပါ၀င်တဲ့ အာဟာရဓာတ်တွေကတော့ ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အင်ဇိုင်းဓာတ်တွေဖြစ်ပါတယ်။

          ကာဗိုဟိုက်ဒြိတ်အနေနဲ့ 100 ဂရမ်မှာ 14 ဂရမ်ခန့်ပါ၀င်ပြီး ဖရပ်တို့စ် (Fructose) သကြားဓာတ်နဲ့ အမျှင်ဓာတ် တွေအဓိကပါ၀င်ပါတ်ယ။ ဖရပ်တို့စ်ပါ၀င်တာကြောင့် ကယ်လိုရီရစေပြီး 100 ဂရမ်စားတိုင်း 50 ကီလို ကယ်လိုရီရစေပါတယ်။ ဒါ့ကြောင့် ပင်ပန်းနွမ်းနယ်တာတွေ ပျောက်ကင်းစေပါတယ်။ ပါ၀င်တဲ့အမျှင်ဓာတ်တွေကတော့ ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ၀မ်းမချုပ်အောင် ကာကွယ်ပေးပြီး အစာခြေရာမှာ များစွာအထောက်အကူပြုပါတယ်။ အူမကြီးကင်ဆာ (Colorectal cancer) ကာကွယ်ရာမှာ အလွန်အစွမ်းထက်တဲ့ သဘာ၀သစ်သီးတစ်ခုဖြစ်ပါတယ်။

          ဗီတာမင်ဓာတ်တွေထဲမှာ အများဆုံးပါ၀င်တာက ဗီတာမင် C ဖြစ်ပြီး 100 ဂရမ်မှာ 50 မီလီဂရမ် ပါ၀င်ပါတယ်။ ဗီတာမင် C ဓာတ်ဟာ သွေးကြောနံရံတွေကို ခိုင်ခံအောင် လုပ်ဆောင်ပေးတဲ့အတွက် နှာခေါင်းသွေးလျှံတာ၊ သွားဖုံးကနေ သွေးယိုတာ၊ ရေစီးကမ်းပြိုဖြစ်တာ၊ အရေပြားအောက်မှာ သွေးခြည်ဥတာတွေကနေ ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ခုခံအားတက်စေပါတယ်။ ကျန်အနည်းငယ်စီပါ၀င်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင် ဘီ၀မ်း (B1)၊ ဘီတူး (B2)၊ ဘီသရီး (B3)ခေါ် နိုင်ယာစင်ဓာတ်၊ ဘီစစ် (B6)၊ ဖော်လစ်အက်ဆစ် (Folic acid) နဲ့ ကိုလင်း (Choline) ဓာတ်တွေ ဖြစ်ပါတယ်။ သတ္တုဓာတ်တွေအနေနဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနီးစ်တို့ အဓိကပါ၀င်ပြီး အနည်းငယ်စီ ပါ၀င်တာကတော့ သံဓာတ်၊ သွပ်ဓာတ်၊ ဖော့စ်ဖရပ်စ်နဲ့ ဆိုဒီယမ်ဓာတ်တို့ ဖြစ်ပါတယ်။ ထူးခြားဖြစ်စဉ်အနေနဲ့ အင်ဇိုင်းဓာတ်တွေပါ၀င်မှု အလွန်းများပါတယ်။ အဲ့ဒီ အင်ဇိုင်းဓာတ်တွေကပဲ နာနတ်သီးရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးတာဖြစ်ပါတယ်။

 

နာနတ်သီးမှာပါ၀င်တဲ့ အင်ဇိုင်းဓာတ်

        အဓိကအင်ဇိုင်းအုပ်စု (2) ခုပါ၀င်ပါတယ်။

1)   ပထမအုပ်စုကတော့ ပရိုတင်းဓာတ်တွေကို ခြေဖျက်နိုင်စွမ်းရှိတဲ့အင်ဇိုင်းတွေ (Proteolytic enzymes) ဖြစ်ပါတယ်။

          ထင်ရှားတဲ့ အင်ဇိုင်းတွေကတော့ ဘရိုမယ်လိန်း (Bromelain)၊ အယ်နာနိန်း (Ananain) နဲ့ ကိုမိုစိန်း (Comosain) တို့ဖြစ်ပါတယ်။ အဲဒီအထဲမှာ အရေးပါဆုံးကတော့ ဘရိုမယ်လိန်းဖြစ်ပါတယ်။

2)   ဒုတိယအုပ်စုကတော့ ပရိုတင်းဓာတ်မဟုတ်တဲ့ အခြားအာဟာရဓာတ်တွေကို ခြေဖျက်နိုင်စွမ်းရှိတဲ့ အင်ဇိုင်းတွေ (Non-proteolytic Enzymes) ဖြစ်ပါတယ်။ ထင်ရှားတဲ့ဥပမာအနေနဲ့ အမိုင်းလေ့စ် (Amylase)၊ ပါအောက်ဆီဒေ့စ် (Peroxidase) နဲ့ အက်ဆစ်ဖော့စဖားတေ့စ် (Acid phosphatase) တို့ဖြစ်ပါတယ်။

 

ဘရိုမယ်လိန်း

        ဘရိုမယ်လိန်းဆိုတာ မော်လီကျူးတစ်ခုတည်းမဟုတ်ဘဲ မော်လီကျူး 6 ခုပါ၀င်တဲ့အုပ်စုတစ်ခုဖြစ်ပါတယ်။ ထင်ရှားတဲ့ မော်လီကျူး 2 ခုကိုတော့ ဘရိုမယ်လိန်း အေ (Bromelain A) နဲ့ ဘရိုမယ်လိန်း ဘီ (Bromelain B) ဆိုပြီး နာမည်ပေးထားပါတယ်။ ဘရိုမယ်လိန်းဟာ နာနတ်သီးအသားထဲမှာထက် အူတိုင် (Stem) မှာ ပါ၀င်မှုအများဆုံး ဖြစ်ပါတယ်။ သူဟာ ဆာလ်ဖာဓာတ်ပါ၀င်တဲ့အင်ဇိုင်း (Sulfur-containing enzyme) တစ်မျိုးဖြစ်ပြီး စံ 3.0 နဲ့ 8.0 ကြားမှာ အာနိသင်အကောင်းဆုံးဖြစ်ပါတယ်။

          အသား၊ ငါး၊ ပုစွန်၊ ပဲမျိုးစုံစတဲ့ ပရိုတင်းဓာတ်ပါ၀င်မှုများတဲ့ အစားအစာတွေစားပြီး နာနတ်သီးစားခဲ့ရင် ပါ၀င်တဲ့ဘရိုမယ်လိန်းတွေက ပရိုတင်းဓာတ်တွေကို ခြေဖျက်ပေးလို့ ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်ပြီး အာဟာရဓာတ်တွေရစေပါတယ်။ ပရိုတင်းဓာတ်တွေကို အမိုင်နိုအက်ဆစ် မော်လီကျူးတွေအဖြစ် ပြိုကွဲအောင် လုပ်ပေးနိုင် စွမ်းရှိပါတယ်။ ပရိုတင်းမော်လီကျူးတွေဟာ အရွယ်အစားကြီးမားတာကြောင့် အူနံရံကနေ အလွယ်တကူ စုပ်ယူနိုင်စွမ်းမရှိပါဘူး။ အသက်ကြီးလေ စုပ်ယူဖို့ပိုပြီးခက်ခဲလေဖြစ်ပါတယ်။

          ဒါကြောင့် ပရိုတင်းတွေကို ခြေဖျက်ပေးခြင်းဟာ အရေးပါလာပါတယ်။

     ဘရိုမယ်လိန်းတွေဟာ အူထဲမှာရော၊ ခန္ဓာကိုယ်တွင်းမှာပါ နှစ်နေရာစလုံးမှာ လုပ်ဆောင်ကြပါတယ်။ အူနဲ့အစာ လမ်းကြောင်းရှိ ပရိုတင်းဓာတ်တွေကို ခြေဖျက်ရာမှာ အင်မတန်အသုံး၀င်ပါတယ်။

          အကြမ်းဖျင်းအားဖြင့် ပါးစပ်ကနေစားလိုက်တဲ့ ဘရိုမယ်လိန်းရဲ့ 60% ဟာ အူအတွင်းပိုင်း အစာခြေဖျက်တဲ့နေရာမှာ အသုံးပြုပြီး ကျန် 40% ကိုတော့ အူနံရံကနေ စုပ်ယူလိုက်ပါတယ်။ စုပ်ယူပြီးတဲ့ ဘရိုမယ်လိန်းအင်ဇိုင်းတွေဟာ အသည်းကနေတစ်ဆင့် သွေးထဲကိုရောက်ပါတယ်။ လူတွေမှာ စမ်းသပ်ချက်အရ ဘရိုမယ်လိန်းရဲ့သွေးထဲမှာ တစ်၀က်လျော့နည်းသွားချိန် (Plasma half-life) ဟာ 6 နာရီကနေ 9 နာရီအတွင်းမှာ ရှိပါတယ်။ ဘရိုမယ်လိန်းပါ၀င်တဲ့ နာနတ်သီးစားပြီး 48 နာရီ (2 ရက်) ကြာတဲ့အထိ သွေးထဲမှာ ဘရိုမယ်လိန်းဓာတ်တွေဟာ ဆက်လက်တည် ရှိနေတာကိုလည်းတွေ့ရပါတယ်။ စုပ်ယူပြီးတဲ့ ဘရိုမယ်လိန်းဓာတ်တွေဟာ ခန္ဓာကိုယ်အနှံ့အပြားကို သွေးကနေ တစ်ဆင့် ရောက်သွားတဲ့အတွက် ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးဟာ သူ့ရဲ့အကျိုးအာနိသင်တွေကို ရရှိစေပါတယ်။

 

နာနတ်သီးစားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူး

         နာနတ်သီးကို ပုံမှန်စားရင် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေက အလွန်ပဲများလှပါတယ်။ အဲဒီထဲမှာ အရေးပါတဲ့ အာနိသင်အနေနဲ့ကတော့ …..

1)   အူနဲ့ အစာလမ်းကြောင်းတစ်လျှောက် ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေ

2)   ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ အာနိသင်

3)   နှလုံးနဲ့ သွေးကြောရောဂါတွေကို ကာကွယ်နိုင်တဲ့အာနိသင်

4)   ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်တဲ့ အာနိသင်တို့ပဲဖြစ်ပါတယ်။

 

အူနဲ့ အစာလမ်းကြောင်းတစ်လျှောက်ရရှိမယ့် အကျိုးကျေးဇူး

        နာနတ်သီးမှာ ပရိုတင်းဓာတ်တွေကို ခြေဖျက်ပေးတဲ့ ဘရိုမယ်လိန်းတွေအပြင် တခြားအာဟာရ ဓာတ်တွေကို ခြေဖျက်ပေးတဲ့ပရိုတင်းမဟုတ်တဲ့ အင်ဇိုင်းတွေလည်း ကြွယ်၀စွာ ပါ၀င်နေလို့ အစားအစာတွေကို ခြေဖျက်ရာမှာများစွာ အထောက်အကူပြုပါတယ်။ ဟိုးရှေးယခင်ကတည်းက အမေရိကန်တိုက်ကို ကိုလံဘတ်စ် (Columbus)တို့ စတင်ခြေချကတည်းက အစာကြေစေတဲ့အစားအစာအဖြစ် စားသုံးခဲ့တဲ့ သမိုင်းအထောက်အထားတွေရှိခဲ့ပါတယ်။

          အထူးသဖြင့် အသည်းအဆီဖုံးရောဂါ (Fatty liver)၊ သည်းခြေအိတ်မှာ ကျောက်တည်တဲ့ရောဂါ (Galls-tones)၊ ပန်ကရိရက်စ် (Pancreas) ကနေ အစာခြေရည်တွေ ထုတ်လုပ်မှုအားနည်းလို့ အစာမကြေဖြစ်နေသူတွေ၊ နာတာရှည် အစာအိမ်ရောဂါဖြစ်နေလို့ အစာမကြေဖြစ်နေသူတွေအတွက် နာနတ်သီးဟာ အင်မတန်သင့်တော်တဲ့ သဘာ၀အစားအစာတစ်ခုဖြစ်ပါတယ်။

          ဒါတင်မကဘူး။ နာနတ်သီးမှာပါ၀င်တဲ့ အမျှင်ဓာတ်တွေဟာ ၀မ်းမချုပ်အောင် ကာကွယ်ပေးပါတယ်။ ၀မ်းချုပ်တတ်တဲ့သူတွေဟာ နာနတ်သီးကို ပုံမှန်စားရင် ၀မ်းမှန်ပြီး အူမကြီးကင်ဆာကာကွယ်ရေးအတွက် များစွာအထောက်အကူပြုပါတယ်။ နာနတ်သီးရဲ့ အမျှင်ဓာတ်တွေဟာ အူထဲမှာရှိတဲ့ မကောင်းတဲ့ဓာတ်ပစ္စည်း၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ပစ္စည်း (Carcinogen) တွေကို တံမြက်စည်းလှည်းသလို တိုက်ချသွားနိုင်လို့ အလွန်အကျိုးရှိပါတယ်။ မကြာသေးခင်က တွေ့ရှိချက်အရ နာနတ်သီးမှာ ပါ၀င်တဲ့ဘရိုမယ်လိန်း အစရှိတဲ့အင်ဇိုင်းတွေဟာ ဗက်တီးရီးယားပိုးတွေ အထူးသဖြင့် ၀မ်းပျက်၀မ်းလျှောရောဂါဖြစ်စေတဲ့ အီးကိုလိုင် (E.coli) တွေကို သတ်ဖြတ်နှိမ်နင်းနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

          ဒါတင်မကသေးပါဘူး။ အူရောင်ငန်းဖျားရောဂါ (Typhoid fever) ဖြစ်စေတဲ့ ဆယ်မိုနဲလား (Salmonella) ဗက်တီးရီးယားတွေကိုတောင် နှိမ်နင်းနိုင်တယ်ဆိုတော့ အင်မတန် အကျိုးရှိပါတယ်။

          တိုက်ဖွိုက်ရောဂါမဖြစ်အောင် အထောက်အကူပြုကြောင်းသိရပါတယ်။

 

ရောင်ရမ်းမှုနဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့အာနိသင်

         နာနတ်သီးစားရင် သူ့မှာပါ၀င်တဲ့ ဘရိုမယ်လိန်းကြောင့် အရောင်ကျစေတဲ့အာနိသင်ကို ရရှိစေပါတယ်။ ခန္ဓာ ကိုယ် ဘယ်နေရာမှာပဲဖြစ်ဖြစ် ရောင်ရမ်းမှုမှန်သမျှ လျော့နည်းစေပါတယ်။ ဥပမာ အရိုးတွေရောင်တာ (Arthritis)၊ ကြွက်သားတွေ ရောင်တာတောင့်တင်းတာ (Muscle spasms)၊ သွားနုတ်တာ အပါအ၀င် ခွဲစိတ်ကုသမှုအမျိုးမျိုးကြောင့် ရောင်တာတွေကိုသက်သာစေပါတယ်။ ရောင်တာသက်သာစေတဲ့အတွက် နာကျင်မှုေ၀ဒနာတွေကိုပါ သက်သာစေပါတယ်။ ဓာတုအကိုက်အခဲပျောက်ဆေး၊ အရောင်ကျ ဆေးတွေသောက်ရင် ဖြစ်လေ့ရှိတဲ့ အစာအိမ်ထိခိုက်တာ၊ ကျောက်ကပ်ထိခိုက်ပျက်စီးတာမျိုးလည်း မတွေ့ရပါဘူး။ အရေပြားမှာ အညို၊ အမည်းစွဲတာတွေဖြစ်တဲ့အခါ နာနတ်သီးစားရင် မြန်မြန်သက်သာ ပျောက်ကင်းတာကို တွေ့ရပါတယ်။ ဥပမာ အားကစားသမားတွေ (ဘောလုံး၊ လက်ေ၀့ှ) မှာ မကြာခဏဆိုသလို ထိခိုက်ဒဏ်ရာကြောင့် အညိုအမည်းစွဲတာ (Bruise) တွေဖြစ်တတ်ပါတယ်။ အဲဒီလိုလူတွေမှာ နာနတ်သီးစားရင် မစားတဲ့သူတွေထက် ပိုမိုလျင်မြန်စွာ သက်သာပျောက်ကင်းတယ်လို့ သုတေသနစာ တမ်းတွေကဆိုပါတယ်။ အနာကျက်မြန်စေတဲ့ အာနိသင်ဟာ ဘရိုမယ်လိန်းတစ်ခုတည်းသာမကဘဲ တခြားပါ၀င်တဲ့ အာဟာရဓာတ်ပစ္စည်းတွေ (ဥပမာ ဗီတာမင်စီ) ကပါ အကျိုးပြုပေးလို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာလာစဉ် ကိုက်ခဲတဲ့ေ၀ဒနာ (Dysmenorrhea) တွေကိုလည်း သက်သာစေပါတယ်။

 

နှလုံးနဲ့ သွေးကြောရောဂါတွေကို ကာကွယ်နိုင်တဲ့အာနိသင်

         နာနတ်သီးမှာပါတဲ့ ဘရိုမယ်လိန်းဟာ သွေးကြောထဲမှာ သွေးမခဲအောင်၊ သွေးကို ကျဲနေအောင် ဆောင်ရွက်ပေးပါတယ်။

          သွေးထဲမှာ သွေးဥမွှားလေး (Platelet) တွေရှိပြီး သူတို့ဟာ စေးကပ်တဲ့သဘောရှိပါတယ်။ သူတို့အချင်းချင်း ကပ်ပြီး သွေးခဲသွားရင် သွေးကြောတွေပိတ်ပြီး ခန္ဓာကိုယ်တစ်သျှူးတွေကို သွေးမရောက်ဘူး ဖြစ်တတ်ပါတယ်။ ဥပမာ နှလုံးကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်ရင် နှလုံးချက်ချင်းရပ်ပြီး သေဆုံးနိုင်ပါတယ်။ (Heart attack) ဦးနှောက်ကိုသွားတဲ့ သွေးကြောလေးတွေ ပိတ်ရင် လေဖြတ် (Stroke) တတ်ပါတယ်။

          နိုင်ငံတကာ သုတေသန စာတမ်းတွေအရ ဘရိုမယ်လိန်းဟာ သွေးဥမွှားလေးတွေ စုပြီးခဲမသွားအောင် ဟန့် တားနိုင်စွမ်းရှိပါတယ် (Potent inhibitor of platelet aggregation)။ ဒါကြောင့် နာနတ်သီး ဟာ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူတွေ၊ ရင်ဘတ်မကြာခဏ အောင့်လေ့ ရှိသူတွေ၊ ခြေထောက်မှာ ရှိတဲ့ သွေးကြောဆီကို သွေးသိပ်မလျှောက်လို့ နာကျင်တာ၊ ကြွက်တတ်တာ၊ ခြေထောက်တွေ ဖော တာ၊ သွေးကြောတွေ ဖောင်းနေတာ၊ သွေးကြောတွေ ရောင်ရမ်းတာ (Thrombophlebitis)၊ သွေးတိုးရောဂါ ရှိသူတွေအတွက် အထူးစားသင့်တဲ့ သစ်သီးတစ်ခုလို့ ပြောချင်ပါတယ်။ ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်နိုင်တဲ့အာနိသင် နာနတ်သီးမှာပါ၀င်တဲ့ ဘရိုမယ်လိန်းတွေဟာကင်ဆာရောဂါကို ကာကွယ်ရာမှာ များစွာအထောက်အကူပြုပါတယ်။

          အထူးသဖြင့် အရေပြားကင်ဆာ (skin cancer) နဲ့ ရင်သားကင်ဆာ (Breast cancer)၊ အူမကြီးကင်ဆာ (Colorectal cancer) နဲ့ ဦးနှောက်ကင်ဆာ (Brain tumour) တွေမှာပိုပြီး အစွမ်းထက်ပါတယ်။ ကင်ဆာဆဲလ်တွေ မပွားနိုင်အောင်ဘဲဖြစ်ဖြစ်၊ ကြီးထွားမလာအောင်ဘဲဖြစ်ဖြစ်၊ တစ်နေရာကနေ တစ်နေရာကို ပျံ့နှံ့မှုမရှိအောင် (Metastasis) ဟန့်တားရာမှာဖြစ်ဖြစ် အများကြီးအကျိုးရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာအရေးပါတဲ့ ဆဲလ်တွေဖြစ်တဲ့ မိုနိုဆိုက် (Monocyte) နဲ့ လင်ဖိုဆိုက် (Lymphocyte) တွေရဲ့ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ စွမ်းဆောင်ရည်ကိုလည်းမြှင့်တင်ပေးပါတယ်။

          အရေပြားကင်ဆာနဲ့ ပတ်သက်လို့ ကြွက်တွေမှာ လေ့လာတွေ့ရှိချက်လေးတစ်ခုကတော့ စိတ်၀င်စားဖို့ကောင်းပါတယ်။

     ကြွက်တွေကို ခရမ်းလွန်ရောင်ခြည်နဲ့ နေ့စဉ်တွေ့ထိစေပြီး ကင်ဆာဖြစ်အောင်လုပ်တယ်။ ရရှိတဲ့အဖြေကတော့ အုပ်စု (2) မှာရှိတဲ့ကြွက်အားလုံး ကင်ဆာဖြစ်သွားချိန်မှာ အုပ်စု (1) မှာရှိတဲ့ ကြွက်စုစုပေါင်း 40% သာ ကင်ဆာ ဖြစ်သေးတာကို တွေ့ရတယ်။

          ဒါဟာ ဘာပြသလဲဆိုတော့ ဘရိုမယ်လိန်း စားထားတဲ့ကြွက်တွေဟာ အရေပြားကင်ဆာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။

          အမျိုးသမီးတွေမှာဖြစ်တဲ့ ရင်သားကင်ဆာကို ကာကွယ်ရာမှာရော၊ ဖြစ်ပြီးသားလူနာတွေမှာ စားသုံးရင်ရော များစွာအထောက်အကူပြုပါတယ်။ ရင်သားကင်ဆာဖြစ်နေတဲ့ လူနာ 16 ယောက်ကို လေ့လာတဲ့အခါ ဘရိုမယ်လိန်း ကျေွးထားလိုက်ရင် သူတို့ရဲ့သွေးထဲမှ မိုနိုဆိုက်ရဲ့ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေပိုကောင်းလာတာ၊ လင်ဖိုဆိုက် (Lymphocyte) ရဲ့ အာနိသင်တွေ ပိုကောင်းလာတာ၊ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ဆဲလ် (Natural killer cells) တွေ ပိုမိုကောင်းလာတာတွေ တွေ့ရလို့ နာနတ်သီးဟာ ရင်သားကင်ဆာေ၀ဒနာတွေအတွက် အင်မတန်စားသင့်တဲ့ သစ်သီးတစ်မျိုးလို့ ပြောနိုင်ပါတယ်။

          ဦးနှောက်မှာဖြစ်တဲ့ ကင်ဆာ (Primary brain tumour) တစ်မျိုးဖြစ်တဲ့ ဂလိုင်အိုမာ (Glioma) ရောဂါသည်တွေမှာ နာနတ်သီးစားခဲ့ရင် ဘရိုမယ်လိန်းတွေကြောင့် ကင်ဆာဆဲလ်ပြန့်ပွားမှုတွေကို များစွာလျော့နည်းစေပြီး ဦးနှောက်ထဲမှာ ဆဲလ်တွေတစ်ခုနဲ့တစ်ခုကပ်ပြီး (Adhesion) ပျက်စီးတာကိုလည်း မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ပါ၀င်တဲ့ ဘရိုမယ်လိန်းကြောင့် အူမကြီးကင်ဆာကို ကာကွယ်နိုင်တဲ့အပြင် အမျှင်ဓာတ်တွေနဲ့ဗီတာမင်စီဓာတ်တွေကလည်း များစွာအကျိုးရှိစေနိုင်ပါတယ်။

 

နာနတ်သီးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံတွေ

         ကမ်ဘာ့ကုလသမဂ္ဂရဲ့ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ FAO ရဲ့ အစီရင်ခံစာအရ ကမ်ဘာပေါ်မှာ နာနတ် သီးစိုက်ပျိုးထုတ်လုပ်မှုအများဆုံး 10 နိုင်ငံကတော့ ပထမနေရာမှာ ဘရာဇီးနိုင်ငံက တန်ချိန် 22 သိန်းကျော်နဲ့ ဦးဆောင်နေပါတယ်။ သူ့နောက်မှာ ဖိလစ်ပိုင်က တန်ချိန် 21 သိန်းကျော်နဲ့ တတိယ ထိုင်းနိုင်ငံက တန်ချိန် 18 သိန်း ကျော်နဲ့ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကျန်နိုင်ငံတွေကတော့ ကောစတာရီကာ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်၊ နိုက်ဂျီးရီးယား၊ မက္ကဆီကိုနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပါတယ်။ နံပါတ် 10 ရှိတဲ့ ဗီယက်နမ်နိုင်ငံကတော့ နှစ်စဉ် တန်ချိန် 5 သိန်းကျော် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းသိရပါတယ်။

 

နာနတ်သီး စားသင့်တဲ့အချိန်

        နာနတ်သီးစားရင် သူ့ချည်း သီးခြားစားတာ အကောင်းဆုံးဖြစ်ပါတယ်။ အစာနဲ့ေ၀းေ၀းမစားသင့်ပါဘူး။ (in between meals) ဥပမာ မနက်စာနဲ့ နေ့လယ်စာကြား ဒါမှမဟုတ် နေ့လယ်စာနဲ့ ညနေစာတွေရဲ့ ကြားချိန်တွေမှာ စားသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာပါ၀င်တဲ့ အင်ဇိုင်းတွေဟာ အစာအိမ်ကထုတ်တဲ့ အက်ဆစ်ဓာတ်မှာ ပျက်စီးတတ်လို့ပါ။ အစာနဲ့အတူရောစားရင် အစာ၀င်တာနဲ့ ထွက်လာတဲ့ အစာအိမ်အက်ဆစ်တွေဟာ နာနတ်သီးမှာပါ၀င်တဲ့ အင်ဇိုင်းတွေကို လျော့နည်းစေပါတယ်။ ထမင်းစားပြီး စားရင်လည်း ပျက်စီးမှုရှိနိုင်ပါတယ်။ ဒါကြောင့် ထမင်းတစ်ခုနဲ့တစ်ခုကြား အလယ်မှာ စားတာအကောင်းဆုံးဖြစ်ပါတယ်။

 

နာနတ်သီး ဝါရတဲ့အကြောင်းရင်း

        နာနတ်သီးဟာ ဗီတာမင်စီကြွယ်၀တဲ့ သစ်သီးဖြစ်ပါတယ်။ ဗီတာမင် စီ ဟာလေထဲမှာ ထားရင်အောက်ဆီဂျင်နဲ့ထိတွေ့ပြီး ဓာတ်တိုးသွားတာကြောင့် ဝါသွားရခြင်းဖြစ်ပါတယ်။ ဒီလိုမျိုးဝါသွားရင် သူ့ရဲ့အာနိသင်ကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့်ခွဲပြီးမဝါခင် ချက်ချင်း စားပေးသင့်ပါတယ်။

 

နိဂုံးချုပ်

        နာနတ်သီးဟာ ကျွန်တော်တို့နိုင်ငံမှာ ပေါပေါများများရရှိနိုင်တဲ့ သဘာ၀သစ်သီးတစ်မျိုးဖြစ်ပါတယ်။ သူ့မှာ အာဟာရရှုထောင့်ကပဲကြည့်ကြည့် ရောဂါကာကွယ်နိုင်တဲ့ အကျိုးအာနိသင်ဘက်ကပဲကြည့်ကြည့် အင်မတန်မှ အကျိုးများလှတာကြောင့် လူတိုင်းမကြာခဏစားပေးသင့်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါေ၀ဒနာရှင်တွေအနေနဲ့ နေ့စဉ်စားသုံးရင် အကျိုးရှိနိုင်ပါကြောင်း သတင်းကောင်းပါးချင်ပါတယ်။

 

 

 

Credit; ဒေါက်တာခင်မောင်လွင် (FAME)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 243, April 2015

www.drmyanmar.com