နာနာနာ
မိတ်ဆွေတစ်ယောက်နဲ့ တွေ့လို့သူလမ်းလျှောက်ရတာ ထော့နဲ့ ထော့နဲ့ဖြစ်နေတာမို့ ၀လွန်း လို့လား၊ ဘာ့ကြောင့်လဲလို့ အကျိုးအကြောင်းမေးမိတော့ ၀၀လာတာလည်း အမှန်ပဲတဲ့။ အိမ်မှာ ငြိမ်ငြိမ်လေးနေရပြီး ဆာလာရင် ကြောင်အိမ်နဲ့ ရေခဲသေတ္တာဖွင့်ပြီး အစားတွေခဏခဏ ကောက်ဝါးမိတာ၊ အအေး အချိုရည်တွေ မကြာခဏ သောက်မိ တာမို့ ယခုလို ၀လာရကြောင်း ပြောပြပါတယ်။ ၀လာတာနဲ့အမျှ လမ်းလျှောက်ရတာလည်း အဆင်မပြေတော့ပါဘူးတဲ့။ ဒူးတွေ နာနာလာတော့ ဒူးတွေကို ညှာပြီးလမ်းမလျှောက်ဖြစ်တော့ဘဲ နေပြန်တော့ ဈေးသွားတာတောင် ပေါင်ကြောတွေတင်းပြီး ပိုနာလာတာ တင်ပါးဆုံရိုး အခွက်တွေထဲက နာသလိုဖြစ်၊ ခါးကလည်း အထာမကျနာပြန်၊ ခြေချောင်းလေးတွေပါ ကျဉ်တတ်ပြီး ထုံလာပါသတဲ့။ လူဟာ အသက်ရလာတာနဲ့အမျှ ဘ၀မှာသင်တစ်ယောက်တည်း ဒူးနာ၊ တင်ပါးဆုံရိုး နဲ့ ပေါင်တစ်လျှောက်နာကျင်တာမျိုး ေ၀ဒနာကြုံရတာမဟုတ်ပါဘူး။ လူတိုင်းတစ်ခုမဟုတ်တစ်ခု နာကျင်တာမျိုး ေ၀ဒနာကြုံရတာမဟုတ်ပါဘူး။ လူတိုင်းတစ်ခုမဟုတ် တစ်ခုနာကျင်တဲ့ အတွေ့အကြုံတစ်မျိုးမျိုး ကြုံဆုံခဲ့ဖူးကြမှာဖြစ်ပါတယ်။ ဆရာ၀န်နဲ့ မပြဘူးလားလို့ မေးမြန်းလိုက်တော့ ပြခဲ့ကြောင်း၊ ဆရာ၀န်က သောက်ဆေးတွေ ပေးသောက်ခဲ့ပါသတဲ့၊ သောက်ဆေးကလည်း သောက်တုန်း၊ အနာသက်သာပေမယ့် အလျဉ်းမပျောက်ကြောင်း၊ 3 လ 4 လအထိ မသက်သာဘဲရှိကြောင်း ပြောပြတော့ စားဆေးနဲ့ မသက်သာရင် ထိုးဆေးရှိသေးကြောင်းရှင်းပြပါသတဲ့။ ထိုးဆေးကလည်း 6 လ တစ်နှစ်သာခံမှာဖြစ်ပြီး၊ သက်သာချင်မှလည်း သက်သာမှာဖြစ်တယ်လို့ ပြောလို့ စဉ်းစားနေကြောင်းပြောပါတယ်။ ဒါနဲ့ ဓာတ်မှန်တွေ ဘာတွေ ရိုက်သေးလားလို့ မေးတော့ တင်ပါးဆုံရိုးတွေ ရိုက်တဲ့အခါ ဘယ်နဲ့ ညာဘက် တင်ပါးဆုံရိုး ပေါင်ရိုးထိပ်တွေ ပျက်စီးမှုရှိတာတွေ့ရကြောင်း၊ ဆေးထိုးမရခဲ့ရင် ခွဲစိတ်ကုသမှုခံရမှာဖြစ်ကြောင်းပြောပြပြီး သူစိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ ဆရာ၀န်ကတော့ ခွဲစိတ်ဒဏ်ရာ အသေးဆုံးနဲ့ ခွဲလို့ရနိုင်တယ်လို့ အားပေးကြောင်းလည်း ပြောပြပါတယ်။ ခွဲစိတ်ဒဏ်ရာ သေးတော့ အနာမြန်မြန်ကျက်၊ ကူးစက်ပိုးအ၀င်ခံရတာလည်း နည်းပါးပြီး ဆေးရုံလည်း ရက်တိုတိုလေးပဲ တက်ရမယ်လို့ပြောပြကြောင်း ပြောပါတယ်။ ပြီးတော့ တစ်ပြိုင်နက်တည်း ဘယ်ရောညာရော ခွဲမှာလားလို့ ကျွန်မကို ပြန်မေးလိုက်ပါသေးတယ်။ တစ်ဖက်ခွဲပြီး သက်သာမှ နောက်တစ်ဖက်ပေါ့၊ တစ်ပြိုင်နက် မခွဲပါဘူးလို့ သူကိုအားပေးလိုက်ရပါသေးတယ်။
အမှန်ကတော့ လူဟာ အရမ်း၀လာရင် ဘာမှ မဆင်မပြေပါဘူး။ လူ့ခန္ဓာကိုယ် အရိုးအဆစ်တွေရော၊ အင်္ဂါ အတွင်း ကလီစာတွေရော တစ်မျိုးမဟုတ်တစ်မျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်ခြေ မြင့်မားတတ်ပါတယ်။ ခုတော့ ၀တာဟာ ကျန်းမာရေးအန္တရာယ်ရှိကြောင်း လူအတော်များများသိရှိလာကြပါပြီ။
ခုနင်က ကျွန်မမိတ်ဆွေဆိုရင် အ၀မလွန်ခင်မှာ သူထိန်းချုပ်နိုင်ခဲ့ရင် သူပြောပြခဲ့တဲ့ ပြဿနာတွေ ကြိုတင် ကာကွယ်ထားပြီးသား ဖြစ်လာနိုင်စရာရှိပါသေးတယ်။ ဒါပေမယ့် BMI ခေါ်ခန္ဓာကိုယ်စံနှုန်းကို ပုံမှန်ပြန်ရောက်အောင် ချပေးနိုင်ရင်တော့ သူ့ရဲ့နာကျင်မှုတွေ အတော်လျော့ပါးလာနိုင်စရာရှိပါသေးတယ်။
သူစနာကျင်ကာစမှာ ဆရာ၀န်က NSAIDs ခေါ်တဲ့ စတီးရွိုက်မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေးဝါးတွေ ပေးတာပါ။ အရောင်ကျစေရန်ဖြစ်ပြီး အဲဒီအချိန်မှာ ဆားကြပ်ထုပ်တို့ သို့မဟုတ် ရေခဲတင်တာတို့လည်း လုပ်ပေးခိုင်းနိုင်ပါတယ်။ စဖြစ်ချိန်မှာ၊ စနာကျင်တုန်းမှာ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်ပေးတာမျိုးက နာကျင်တာကို သက်သာစေတဲ့ နည်းတွေအနက် အကောင်းဆုံးအချက်တစ်ခုပါပဲ။ ဒါပေမယ့် သူမလုပ်ခဲ့တော့ သူ့အရိုးအဆစ်အမျက်တွေမှာ ကြံ့ခိုင်မှုမရှိတော့သလို သွေးလှည့်ပတ်မှု မကောင်းတော့ပါ။ သွေးအရောက်နည်းတာနဲ့အမျှ အဆစ်အမျက်နဲ့ အရွတ်တွေအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင်လည်း လုံလောက်အောင် မရပြန်တဲ့အတွက် ထိုနေရာရှိ တစ်သျှူးတွေ ပိုပြီးထိခိုက်ပျက်စီးလာရပြန်တယ်။ အရမ်းနာကျင်နေချိန်၊ အဆစ်အမျက်တွေ ထိခိုက်မှု အပူပမာဏမြင့်ချိန်၊ ရောင်ရမ်းနေချိန်မှာတော့ အနားပေးထားရပေမယ့် အနည်းငယ်သက်သာပြီး သွားနိုင်လာနိုင်လာတဲ့အခါမျိုးမှာတော့ တတ်နိုင်သမျှ လှုပ်ရှားမှုလေ့ကျင့်ခန်းသဘောမျိုး မှန်မှန်လုပ်ပေးစေချင်ပါတယ်။ နာကျင်ကိုက်ခဲမှုေ၀ဒနာနည်းပါးချိန်မှာ လုပ်ရမယ့် လေ့ကျင့်ခန်းတွေကတော့ -
1. ကြမ်းပြင်ပေါ်မှာ လက်ထောက် မှောက်တင်လေ့ကျင့်ခန်းများ
2. အဆစ်အမျက်တွေကို ကြမ်းပေါ်မှာပဲ ဆန့်ထုတ်လေ့ကျင့်ခန်းများ
3. ခုံတစ်လုံးပေါ်ထိုင်ပြီး ခြေထောက်တွေကို အပေါ်မြှောက်နိုင်သမျှ မြှောက်ပေးတဲ့ လေ့ကျင့်ခန်းများ
4. စားပွဲစွန်းပေါ်လက် 2 ဖက်နဲ့ မှောက်ကိုင်ပြီး ခြေတစ်ဖက် ကွေး၊ ဆန့်ထုတ်နှင့် တစ်လှည့်စီပြောင်းဆန့်ထုတ် လေ့ကျင့်ခန်းများ
5. ခန္ဓာကိုယ်အပေါ်ပိုင်းအားပြုပြီး ခြေထောက်များအား ဆန့်ထုတ်ရာမှ ဒူးနှင့်နဖူးထိအောင် ကွေးလိုက် ဆန့်လိုက် လေ့ကျင့်ခန်းများဖြစ်ပြီး မိမိနှစ်သက်ရာ မိမိအသက်အရွယ်နှင့်လိုက်ပြီး လုပ်နိုင်သလောက် လုပ်ခြင်းဖြင့် ခွဲစိတ်ရတဲ့ အခြေအနေအထိ မရောက်ရလေအောင် ကြိုးစားပြီး နေ့စဉ်မှန်မှန် ပြုလုပ်သင့်ကြောင်း အကြံပေးတိုက်တွန်းလိုက်ရပါတယ်။
Credit; ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol: 13, No: 28, 6-4-2016






























