နားအကြားအာရုံချွတ်ယွင်းသည့် ပြဿနာ
မြန်မာပြည်၌ နားလေးသောလူဦးရေကို ခန့်မှန်းသောစာရင်းမရှိသေးသော်လည်း ကမ်ဘာကျန်းမာရေးအဖွဲ့၏ အကူအညီဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းကျောင်းအချို့တွင် ကွင်းဆင်းလေ့လာချက်အရ 6 ရာခိုင်နှုန်းခန့်သော မူလတန်းကျောင်းသား၊ ကျောင်းသူကလေးများသည် နားလေးနေကြောင်းတွေ့ရှိခဲ့ရပါသည်။
ယခုအခါ ဇီ၀ိတဒါန သံဃာ့ဆေးရုံ၌ နား၊ နှာခေါင်း၊ လည်ချောင်းစေတနာ့၀န်ထမ်း အထူးကုဆရာ၀န်ကြီးအဖြစ် လုပ်ကိုင်စဉ် ၎င်းပြင်ပလူနာများ၏ 60 ရာခိုင်နှုန်းခန့်သည်လည်း နားလေးရောဂါရှိကြောင်း တွေ့ရှိရ ပါသည်။
နားလေးရောဂါဆိုသည်မှာ အကြားအာရုံနည်းခြင်း၊ လေထွက်ခြင်း၊ စကားလုံးမသဲကွဲခြင်း၊ အသံနှစ်မျိုး ကြားခြင်းတို့ကိုဆိုလိုသည်။ နားလေးရောဂါသည် မမြင်နိုင်သောချို့ယွင်းချက်ဖြစ်၍ နားလေးသော ကလေးသည် မိမိ၏ ပတ်၀န်းကျင်ကို အမြင်အာရုံဖြင့် အားထားသွားလာလှုပ်ရှားနေရသည်ကို မိဘများသတိမမူမိတတ်ကြပေ။ လိုအပ်သော စစ်ဆေးမှုမရှိသဖြင့် ဆိုးဝါးသော အခြေအနေသို့ မရောက်သင့်ဘဲ ရောက်ကြရသည်။ ထိုအခါတွင် ကလေး၏ ဉာဏ်ပညာဖွံ့ဖြိုးမှုနည်းသည်၊ စိတ်ရောဂါတစ်ခုခုခံစားနေသည်ဟု မှားယွင်းစွာ ယူဆတတ်သည်။ စမ်းသပ်မှုနှောင့်နှေးခြင်းသည် ကလေးအတွက် များစွာနစ်နာဆုံးရှုံးမှုကိုဖြစ်စေသည်။ ဘာသာစကားသင်ကြားမှု သည် မွေးပြီးပထမသုံးလသည် အရေးကြီးဆုံးအချိန်ပင်ဖြစ်သည်။
ယေဘုယျအားဖြင့် နားကြားသောကလေးသည် အသက် 2 နှစ် အရွယ်တွင် စာလုံး 272 လုံး၊ 4 နှစ်တွင် 1500 လုံး၊ 6 နှစ်တွင် 2500 လုံးခန့် သိသင့်သည်။ နားလေးလျှင် ကျောင်းစာသင်ကြားမှု၌ ဉာဏ်ပညာတိုးတက်ခြင်း နောက်ကျနေပေလိမ့်မည်။ အကြားအာရုံသည် လူသားအချင်းချင်း ဆက်သွယ်မှု၌ အရေးကြီး၍ ဆက်သွယ်နားလည်မှုမရှိလျှင် လူသားသည် အခြားသတ္တဝါများထက် အဆင့်အတန်း မမြင့်မားနိုင်ပေ။ ပြဿနာကို ဖြေရှင်းနိုင်ရန် လူတိုင်းကပါ၀င်ကူညီဆောင်ရွက်ရန် အထူးလိုအပ်သည်။
အကြားအာရုံစစ်ဆေးခြင်း
ဖြစ်ပေါ်လာသောအကြောင်းရင်းနှင့် အတိုင်းအတာကို သိရှိရမည်။
(1) လက်တွေ့စမ်းသပ်ချက်များအရ 7-9 လအရွယ်ကလေးသည် အသံလာရာဘက်သို့ ကိုယ်အမူအရာဖြင့် တုံ့ပြန်သည်။ ပန်းကန်ကို ဇွန်းဖြင့်ခေါက်ခြင်း၊ ဆက်တိုက်အသံ (Rattle) တစ်ခုခုကို 2-3 ပေခန့်ေ၀း၍ ကလေးနားနှစ်ဖက်နှင့် တစ်တန်းတည်းရှိနေရာမှ ပြုလုပ်ပါ။ ကလေးသည် လှည့်ကြည့်ခြင်း၊ မျက်စိမှိတ်ခြင်းစသော အမူ အရာများပြုလုပ်တတ်သည်။
(1) 1½ - 2 နှစ်အရွယ် ကလေးသည် 3 ပေအကွာမှ သာမန်ဖြည်းညင်းစွာပြောသောစကားကို နားလည်ခြင်း၊ အသံလာရာဘက်သို့ လှည့်ခြင်းစသော တုံ့ပြန်မှုကို တွေ့မြင်နိုင်မည်။
(3) 3-5 နှစ်အရွယ်တွင် နားကြားတိုင်းကိရိယာတို့ဖြင့် တိုင်းတာသည့်အပြင် နားအုံ၊ နားစည်အခြေအနေကို မှန်ပြောင်းဖြင့် ကြည့်ရှုစစ်ဆေးရမည်။
အဓိကရည်ရွယ်ချက်မှာ ကလေးသည် 5 နှစ်အရွယ်တွင် ဘာသာစကား၏ ဗျည်း၊ ေဝါဟာရ၊ အသံထွက်၊ အဓိပ္ပာယ်စသည်တို့ကိုစ၍ နားလည်ရမည်။
At Risk Factors မွေးစကလေးအကြားအာရုံချို့ယွင်းမှုရှိနိုင်ကြောင်း အောက်ပါ အထောက်အထားဖြင့် လေ့လာသံသယရှိနိုင်သည် -
(1) မျိုးရိုးရှိခြင်း၊
(2) ကိုယ်၀န်ရှိစဉ် (Virus Infection) ဗိုင်းရပ်စ်ပိုး၀င်ရောက်ခံရခြင်း၊
(3) Kernicterus (အသားဝါဖြစ်ခြင်း)၊ Anoxia (အောက်စီဂျင်ရရှိမှုနည်းခြင်း)၊ လမစေ့မီ မွေးခြင်း၊
(4) ဦးနှောက်ချို့ယွင်းခြင်း၊ အမြှေးရောင်ခြင်း၊ စကားပြောနောက်ကျခြင်း
ကလေးများ၌ ဖြစ်ပေါ်တတ်သော နားလေးခြင်းများ
(1) မမွေးမီ
(1) ဗီဇ (Genetic)၊ ဗီဇပြောင်းလဲခြင်း
(2) Non Genetic ကိုယ်၀န်ရှိစဉ်ဖြစ်ပွားသောရောဂါများ (၀က်သက်၊ ပါးချိတ်ရောင်ခြင်း)
(2) မွေးဖွားစဉ်
လမစေ့ခြင်း၊ သွေးရောဂါဖြစ်ခြင်း၊ ထိခိုက်မှုရှိခြင်း၊
(3) မွေးဖွားပြီး
ဗီဇချို့ယွင်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အရိုးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါရှိခြင်း၊ အလယ်နားရောင်ခြင်း (ပြည်တည်ခြင်း၊ ချွဲများခြင်း) ပဋိဇီ၀ဆေးများသုံးစွဲခြင်း၊
(4) Unknown Group
အကြောင်းရင်းမဖော်ပြနိုင်ခြင်း။
ကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်း
(1) Genetic Counselling ဗီဇနှင့်ပတ်သက်သောရောဂါ၊ ချို့ယွင်းမှုတစ်ခုခုသည် မျိုးဆက်တို့၌ ဆက်ခံဖြစ်ပေါ် နိုင်သဖြင့် သံသယရှိခဲ့လျှင် အုပ်ထိန်းသူက ပညာရှင်ထံတွင် အကူအညီတောင်းခံသင့်သည်။ ထိုအခါ
(1) ရောဂါရှာဖွေခြင်း
ရောဂါနှင့်ပတ်သက်၍ တိကျမှန်ကန်သော စစ်ဆေးမှုကိုလည်းကောင်း၊ သက်ဆိုင်သော မိသားစုနှင့် မျိုးစဉ် မျိုးဆက်ကိုလည်းကောင်းလေ့လာရမည်။ အထူးသဖြင့် မိဘများသည် ဆွေးမျိုးတော်စပ်မှုရှိလျှင်သော်လည်း ကောင်း၊ တစ်ရွာတည်းတွင် ပေါင်းသင်းနေထိုင်သူများဖြစ်လျှင်သော်လည်းကောင်း၊ (Autosomal Recessive Inheritance) တိမ်မြုပ်နေသော ဗီဇကို ဆက်ခံနိုင်ကြောင်း ရှင်းလင်းဖော်ပြရမည်။
Mendel’s Law အရ မြုပ်နေသောဗီဇသည် မျိုးဆက်သစ်၏ 25 ရာခိုင်နှုန်းတွင် ပြန်လည်ဖြစ်ပေါ်နိုင်ကြောင်း သဘောပေါက်နားလည်စေရမည်။ ဗီဇနှင့်ပတ်သက်သော အကြံဉာဏ်သည် အလွန်နက်နဲသိမ်မွေ့သဖြင့် ပဋိသနေ္ဓတားဆီးခြင်း၊ မွေးစားခြင်းစသည်တို့ကို အသေးစိတ်ဆွေးနွေးရပေမည်။ ယခုအခါ ဗီဇသိပ္ပံသည် လက်တွေ့သိပ္ပံထက်အရေးထားလေ့လာသင့်ကြောင်း ယူဆလာကြသည်။ ဗီဇအကြံဉာဏ်ပေးခြင်းကို ရောဂါဖြစ်ပေါ်ပြီးမှထက်မဖြစ်ပေါ်မီ ကြိုတင်ပေးခြင်းက ရောဂါကာကွယ်နိုင်ကြောင်း သတိပြုသင့်သည်။
(2) နားလေးသောကလေးကို ကူညီစောင့်ရှောက်ခြင်း
(1) စာသင်ကျောင်း
နားလေးသောကလေးသည် ပြောဆိုတုံ့ပြန်မှုများ၌ အားနည်းခြင်း၊ မှားယွင်းခြင်းရှိ၍ ၎င်းကိုသိရှိသော ဆရာ၊ ဆရာမများအနေဖြင့် အတန်းထဲတွင် သင့်တော်သောနေရာတွင် ထားပေးခြင်း၊ သင်ခန်းစာလိုက်နိုင်၊ မလိုက်နိုင် ပုံမှန်စစ်ဆေး၍ အကူအညီပေးခြင်း၊ နားလေးရောဂါနှင့်ပတ်သက်သော ဆရာမ၊ စကားပြောသင်ပြ သောဆရာများထံ အပ်နှံသင်ကြားပေးခြင်း၊ စေတနာ့၀န်ထမ်းအဖွဲ့အစည်းများဖွဲ့စည်း၍ အကူအညီပေးခြင်း၊ နားကြားကိရိယာများ တပ်ဆင်ပေးခြင်းများပြုလုပ်ရမည်။
(3) နားကြားကိရိယာ
လွန်ခဲ့သော ၁၀ နှစ်အတွင်း နားကြားကိရိယာတီထွင်ဖန်တီးမှုများသည် အံ့သြလောက်ဖွယ်တိုးတက်လာခဲ့ ပြီဖြစ်သည်။
(1) BAHA (Bone Anchor Hearing Aid)
အသံလှိုင်းကို အရိုးမှတစ်ဆင့်အကြားအာရုံကြောသို့ ပို့ဆောင်ပေးသဖြင့် အကြားအာရုံပိုမိုမြင့်မားစေ သည်။
(2) Cochlea Implant
တစ်ချိန်တစ်ခါက ၀မ်းတွင်းပါနားလေးသော ကလေးအတွက် (Sign Language) ဖြင့်သာ အကူအညီပေး နိုင်သည့်အခြေအနေမှ ယခုအခါ (Cochlea Implant) တပ်ဆင်ခြင်းဖြင့် နဂိုလူတစ်ဦးကဲ့သို့ နားကြားခြင်း၊ စကားပီသစွာ ပြောဆိုနိုင်အောင် ခွဲစိတ်ကုသပေးနိုင်ခဲ့ပေပြီ၊ ၎င်းကို ပြည်တွင်း၌ ဆောင်ရွက်နိုင်ရန် -
(1) ပညာသင်စေလွှတ်ခြင်း၊
(2) Cochlea Implant ကျွမ်းကျင်သောနိုင်ငံများမှ စေတနာ့၀န်ထမ်းအဖွဲ့အစည်းများကို ဖိတ်ခေါ်ခြင်း၊ ကမ်ဘာ့ကျန်းမာရေးအဖွဲ့၊ UNICEF တို့၏ အကူအညီဖြင့် ဖိတ်ခေါ်ခြင်း၊
(3) ပြည်တွင်းအဖွဲ့အစည်းများ Children Hearing Foundation, The International Sound Foundation, National Woman Society Foundatiion for The Hearing Impaired ဖွဲ့စည်းတည်ထောင်ခြင်း ဖြင့် အကူအညီပေးနိုင်သည်။
နားလေးစေသောရောဂါများကို အချိန်မီကာကွယ်ကုသပေးခြင်း
(1) နားပြည်ယိုရောဂါ
အဓိကအားဖြင့် အလယ်နားတွင်ဖြစ်ပေါ်သည်။ အလယ်နားသည် အမှန်စင်စစ်လေရှူလမ်းကြောင်း၏ တစ်စိတ်တစ်ဒေသဖြစ်၍ ကလေးအရွယ်၌ အသက်ရှူလမ်းကြောင်းအထက်ပိုင်းရောဂါအဖြစ်များသည်။ ၎င်းကို အချိန်မီမကုသပါက နားအစိတ်အပိုင်းများပျက်စီးယိုယွင်း၍ နားလေးတော့သည်။ လိုအပ်ချက်မှာ အချိန်မီ ထိရောက်စွာ ကုသသင့်သည်။
(2) အလယ်နားတွင်ချွဲစုခြင်း
၎င်းရောဂါသည် မမြင်နိုင်၍ အလေးထားမှုမရှိပါ။ (Bete Noire) မပျောက်နိုင်သောရောဂါဟုပင် ယူဆခဲ့ကြ သည်။ သိပ္ပံပညာတိုးတက်မှုဖြင့် အောင်မြင်စွာ ကုသပေးနိုင်ပေပြီ။ အသုံးပြုသောပစ္စည်းများတွင် Becterial Biofilm ဆိုးကျိုးများမဖြစ်စေရန် Polythene ပိုက်များအသုံးမပြုသင့်ပေ။ Polytetrafluoroethene ပိုက်များကိုသာ အသုံးပြုသင့်သည်။
အထက်ဖော်ပြချက်များသည် ကလေးများ၌ဖြစ်ပေါ်တတ်သော နားလေးရောဂါ၏ တစ်စိတ်တစ်ဒေသသာ ဖြစ်ပါသည်။ အလုံးစုံကိုဖော်ပြနိုင်ခြင်းမရှိနိုင်ပါ။ သို့သော် ကလေးများ၏ နားလေးရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းများ၌ အထောက်အကူဖြစ်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
ကလေးသူငယ်များဆက်သွယ်ပြောဆိုရာတွင်လည်းကောင်း၊ စာပေသင်ကြားမှု၌ ဉာဏ်ပညာကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ ပတ်၀န်းကျင်သာယာသောအသံ ကလေးများကို နားထောင်ရင်း ရွှင်လန်းပျော်ရွှင်မှုပြည့်၀စေရန်လည်းကောင်း ဆန္ဒပြု၍ ရေးသားတင်ပြလိုက်ရခြင်းသာဖြစ်ပါသည်။
Credit; ပါမောက္ခ ဦးသာလှိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာ၀န်ကြီး)
Health Digest Journal





























