နှလုံးမကောင်းဘူးဆိုတဲ့ လက္ခဏာ 6 မျိုး
အသက် 30 ကျော်လာပြီဆိုရင် လူ့ဘ၀အတွေ့အကြုံကို အတော်အတန် တီးမိခေါင်မိလာတဲ့ အရွယ်ဖြစ်လာပါ ပြီ။ လူ့သဘောနှင့် လောကဓမ္မတာတို့နဲ့ တွဲလျှက်သင့်နှလုံးအိမ်မှာလည်း ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်း၊ အံ့သြထိတ်လန့် ခြင်း၊ ကြောက်ရွံ့ခြင်းစတဲ့ လူ့ဘ၀၏ အရသာချစ်ခြင်း၊ မုန်းခြင်းစတဲ့ စိတ်ဖိစီးမှုတွေ အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ကြမှာဖြစ်တယ်။ ထိုလောကဓံများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သင့်နှလုံးဟာ ကျန်းမာသေးလား ဒါမှမဟုတ် ပြဿနာတွေနဲ့ကြုံနေ ပြီလားဆိုတာ အောက်ပါလက္ခဏာများ ရှိ/မရှိ ဆန်းစစ်ပါလေ။
1. လိင်ပြဿနာများ
အမျိုးသားတွေအဖို့ လိင်တံမမာတောင့်နိုင်တော့ဘူးဆိုတဲ့ ပြဿနာခံစားလာရပြီဆိုတာဟာ သင့်မှာသွေးလွှတ် ကြောဆိုင်ရာရောဂါတွေရှိနေပြီဆိုတဲ့ လက္ခဏာဖော်ပြလိုက်ခြင်းပဲဖြစ်ပါတယ်။ သင့်ခန္ဓာကိုယ်က သွေးလွှတ်ကြောတွေထဲမှာ အဆီချိုး သို့မဟုတ် ကယ်လ်ဆီယမ်ချိုးတွေ စုပြုံကျလာလို့ အစွန်အဖျားအရေပြားအထိ သွေးနှင့်အောက်စီဂျင် မရောက်လာနိုင်တဲ့အတွက်ဖြစ်တယ်။
အမျိုးသမီးတွေ အဖို့တော့ သွေးဆုံးပြီဆိုတာနဲ့ လိင်ဆန္ဒတွေ (ကာမရာဂ တက်ကြွမှုတွေ) လျော့ကျ နည်းပါးသွားပါပြီ။ ဒါကြောင့် အသက် 50 နားကပ်လို့ သွေးဆုံးပြီဆိုတာနဲ့ နှလုံးရောဂါဖြစ်လာနိုင်ခြေများ လာပါပြီ။ သွေးဆုံး တိုင်းနှလုံးရောဂါဖြစ်တယ်လို့ မဆိုလိုပါ။ တချို့မှာ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ် မြင့်မားတာမျိုး နဂိုကတည်းက ရှိနှင့်ပြီးသားပါ။ ဒီအချိန်မှာလည်း သွေးဆုံးချိန်ဖြစ်နေတတ်တာကိုး။
ဒီအရွယ်မှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ ငြိမ်ငြိမ်လေးဖြစ်ဖို့ အခွင့်အလမ်းပိုများလိမ့်မယ်။
2. အိပ်ရင်း ဟောက်ရင်သတိထား
အိပ်နေတဲ့အခါ ကျယ်ကျယ်လောင်လောင်ကြီး ဟောက်လာပြီဆိုရင် ဟောက်သံပျောက်သွားပြီး အသက်ရှူသံ ပါ ရပ်သွားရင် သင့်ခန္ဓာကိုယ်ထဲမှာ ဇီ၀ကမ္မဆိုင်ရာ ပြောင်းလဲမှုတွေ တွဲဖက်ဖြစ်လာနိုင်ပါသတဲ့။ ဥပမာ လေဖြတ်တာ၊ နှလုံးတိုက်ခိုက်ခံရတာမျိုး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်ခုစလုံး တွဲဖက်လာနိုင်ခြေရှိတဲ့အတွက် သတိထားရတော့မှာ ဖြစ်တယ်။ နှလုံးခုန် မမှန်တာ၊ နှလုံးခုန်မြန်တာ ရှိလာပြီး၊ သွေးစီးဆင်းတာ ကျတော့ နှေးကွေးပြီး ကောင်းကောင်းမစီးနိုင်ပါဘူးတဲ့။ ဒါ့ကြောင့် အိပ်ပျော်ရင်း ဟောက်လည်းဟောက် အသက်ရှူလည်း ရပ်ရပ်သွားတာမျိုးရှိရင် ဘာ့ကြောင့်လဲဆိုတာဆေး စစ်ပါ။ ရောဂါရှိရင် ဆေးကုသမှုခံယူပါတဲ့။
3. သွားဖုံးရောင်ရမ်းနာခြင်း၊ သွေးထွက်နေခြင်းရှိက အမြန်ဆုံး ကုသမှုခံယူပါ
သွားဖုံးရောင်ရမ်းခြင်းက သွားဖုံးမှာ ကူးစက်ပိုး၀င်ရောက်ခံနေရကြောင်း သတိပေးလိုက်တာပါပဲ။ သွားဖုံးရောင် တာကြာရင် မေးရိုးတွေကို ဒုက္ခပေး ဖျက်ဆီးတော့မှာဖြစ်တယ်။ အဲ့ဒီ သွားဖုံးရောင်ရမ်းခြင်း မူလအခြေခံကနေပြီး တစ်ကိုယ်လုံးရှိ အင်္ဂါအစိတ်အပိုင်း အားလုံးကို ပိုးတွယ်ဖို့ လမ်းကြောင်းတွေ ဖောက်ထားသလိုဖြစ်စေတယ်။ ဆိုလို တာက သွေးလွှတ်ကြောကတစ်ဆင့် နှလုံးဆီလည်းရောက်ချလာမှာပါပဲ။ အဲ့ဒီကနေ နှလုံးတိုက်ခိုက် ခံရတော့မှာဖြစ်တယ်။ ဒါကြောင့် သွားမှန်မှန်တိုက်၊ ဖလူရိုက်ပါတဲ့ သွားတိုက်ဆေးသုံး၊ တစ်ခါ သွားတိုက်ရင် 2 မိနစ်နှုန်း၊ တစ်နေ့ 2 ကြိမ် တိုက်ပြီး သွားအထူးကုဆရာ၀န်နဲ့ တစ်နှစ် 2 ကြိမ် မှန်မှန်ပြပါလေတဲ့။
4. ခြေထောက်တွေ ရောင်နေ ဖောနေလား
ခြေထောက်တွေ ပွစိစိ ဖောရတဲ့ အကြောင်းရင်းများစွာ ရှိပေမယ့် အဓိက အကြောင်းရင်းကတော့ နှလုံးစွမ်းရည်ကျဆင်းပြီး အရည်တွေစုနေလို့ဖြစ်တယ်။ အထူးသဖြင့် ပက်လက်မအိပ်နိုင်၊ အသက်ရှူကြပ်လာပြီဆိုရင် သတိထားပါ။ တချို့ခြေထောက်ရောင်တာက နေခင်းဘက်မှာရောင်ပြီး ညကျ အရောင်လျော့ကျသွားတတ်တယ်။ ကြာလာ လို့အရောင် မလျော့ရင် နှလုံးအထူးကုဆရာ၀န်နှင့် ချက်ချင်းပြဖို့ လိုပါတယ်။
5. လည်ပင်း သို့မဟုတ် ပခုံးထိုးထိုးကိုက်လား
လူတိုင်းရင်ဘတ် မအောင့်ပါဘူး။ တချို့က လည်းပင်းတင်းလာသလို တချို့က ပခုံး ထိုးထိုးကိုက်ပါသတဲ့။ တချို့ကတော့ ဆုပ်ဆွဲကိုင်ထားသလို ခံစားရပါသတဲ့။ လူအများစုကတော့ မသက်မသာ ကသိကအောင့်ဖြစ်နေ ကြရတာပါ။ ရင်ဘတ်အောင့်တာဟာ မေးရိုးအထိ တက်လာတာ ပခုံးထိထိုးကိုက်တာမျိုးတွေ့ ရလိမ့်မယ်။ ဒီလက္ခဏာ ဟာနှလုံးသွေးကြောကျဉ်းရောဂါ သို့မဟုတ် နှလုံးတိုက်ခိုက်ခံရတဲ့ လက္ခဏာတစ်ခုပါပဲဆိုတာ ဖော်ပြလိုက်ရပါတယ်။
6. အစာမကြေ ရင်ပူခြင်းရှိရင်လည်း သတိထား
ချက်အထက်ရင်ခေါင်းထဲ ပူပြီးလေထိုးသလို ခံစားရမယ်။ ခဏခဏ ဖြစ်မယ်။ ကြို့ထိုးမယ်ဆိုရင် နှလုံးကြောင့် လည်း ဖြစ်တတ်ပါတယ်။ တချို့က အော့ချင်အန်ချင်သလိုဖြစ်ခြင်း၊ အန်ချလိုက်ခြင်း၊ ချေွးတွေတအားထွက်လာခြင်း၊ အသက်ရှူရကြပ်လာခြင်းတို့တွေ့ရတတ်တယ်။ တချို့က အစာအိမ်လေနာထင်ပြီး အစာအိမ်လေနာပျောက်ဆေး ပဲသောက်ပြီး မသက်သာမှ အရေးပေါ်ဆေးကုဌာနသို့ ရောက်လာလေ့ရှိလို့ ဖော်ပြတဲ့ ေ၀ဒနာတွေ အလူးအလှိမ့်ခံစား ရရင် နှလုံးတိုက်ခိုက်ခံရခြင်း Heart Attack ကိုလည်း စဉ်းစားရန် မမေ့ပါနှင့်။
Credit; ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol-13, No-22, 24-2-2016






























