/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/ဗိုက်ကြီးစူနေလား

ဗိုက်ကြီးစူနေလား

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        သင့်ခန္ဓာကိုယ် အစိတ်အပိုင်းများအနက် သိသိသာသာ ထူးထူးခြားခြား ရှေ့ဘက်ကို စူထွက်နေတဲ့ ၀မ်းဗိုက် တစ်ခုသင့်မှာရှိနေပါသလား။ ဒါဆိုရင်တော့ သင့်၀မ်းဗိုက်ထဲမှာ တစ်နည်းအားဖြင့် ၀မ်းဗိုက်အတွင်း ကလီစာတွေထဲမှာ အဆီတွေအများကြီးစုနေပြီလို့ ပြောချင်ပါတယ်။ အဆီတွေ ဘာကြောင့်ဒီလောက်များနေရပါသလဲ။ အဆီဓာတ်မြင့်မား နေရတဲ့အကြောင်းရင်းများစွာရှိတဲ့အနက် အဓိကအကြောင်းရင်း 2 ခုကတော့ (1) မျိုးရိုးကိုက အဆီဓာတ်များအ၀မျိုး ဖြစ်တာနဲ့ (2) ဟော်မုန်းတွေကြောင့်ပဲဖြစ်နိုင်ခြေရှိတယ်။ ဆေးပညာရှင်တွေကြောင့် သုတေသနပညာရှင်များက ဘာကြောင့် အဆီဓာတ်တွေ မြင့်မားနေရတာလဲဆိုတဲ့အချက်ကို တိုင်းတာလေ့လာနေဆဲဖြစ်တယ်။ အဆီဓာတ်တွေ များလာတာနဲ့အတူ ကျန်းမာရေးအန္တရာယ် ဖြစ်နိုင်ခြေတွေ မြင့်မားလာသလို အသက်ရလာတာနဲ့အမျှ လူက၀၀လာကာ အတော်ကြီးအကြည့်ရဆိုးသလို နှလုံးရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတွေ၊ ကင်ဆာရောဂါတွေစသည် စသည်တို့နှင့် ဆက်နွှယ်လာတော့မှာမို့ သတိထားဖို့လိုပါပြီ။

 

          ကောင်းသတင်းကတော့ ဗိုက်စူနေလို့ အရမ်းကြီး စိတ်မပူလိုက်ပါနဲ့တဲ့။ ဗိုက်စူလာကြောင်း သင့်ကိုယ်သင် သိနေပြီပဲ။ အစားအသောက်ဆင်ခြင်ပြီး ကိုယ်ကာယလေ့ကျင့်ခန်းကို ဇွဲနဲ့ မှန်မှန်လုပ်ရန်သာလိုပါတယ်။ အဲဒီလိုမှန်မှန် သာသင်လုပ်ပေးနိုင်မယ်ဆိုရင်ဖြင့် သွေးတိုးရောဂါရှိနေရင်တောင် ပုံမှန်ဖြစ်လာခြင်း၊ ဆီးချိုသွေးချိုပမာဏ ပုံမှန်ဖြစ်လာအောင် ထိန်းထားနိုင်ခြင်းတို့ တွေ့ရပါလိမ့်မယ်။

 

          ဒီနေရာမှာ ဗိုက်ထဲမှာ အဆီစုနေတာလား၊ အရေပြားအောက်မှာ အဆီစုတာလားသိထားရန် လိုပါလိမ့်မယ်။ များသောအားဖြင့် အရေပြားအောက်မှာ စုလေ့ရှိတဲ့ အဆီတွေဟာခါးနေရာမှာ တွေ့ရလေ့ရှိပြီး ဗိုက်မှာစုလေ့မရှိပါ။

 

          ၀မ်းဗိုက်အတွင်းက အဆီစုတယ်ဆိုတာကတော့ ဟော်မုန်းထုတ်ပေးတဲ့ ကလီစာအင်္ဂါပစ္စည်းတွေမှာဖြစ်တယ်။ ဥပမာ ကျောက်ကပ်နဲ့ ၎င်းအထက်နားမှာရှိတဲ အက်ဒီနယ်ဂလင်းတို့၊ ဟော်မုန်းတို့၊ မုန့်ချိုအိတ်တို့၊ အသည်းတို့ စသည့် အင်္ဂါပစ္စည်းတွေဖြစ်ပါတယ်။

 

          သုတေသနပညာရှင်တွေရဲ့ အကြံပေးချက်အရ ၀မ်းဗိုက်အဆီကလာပ်စည်းတွေဟာ ဇီ၀ဆိုင်ရာ လှုပ်ရှားမှု ထက်မြက်ကြတဲ့အတွက် အင်ဒိုခရိုင်းဂလင်းခေါ် ဟော်မုန်းထုတ်လုပ်ပေးတဲ့ဂလင်းတွေမှာ အဆီစုတာမြင့်မားပါက ဟော်မုန်းထုတ်လုပ်မှုမှာ ပြဿနာတွေဖြစ်လာနိုင်တာမို့ ဟော်မုန်းတွေကလည်း ဇီ၀ရုပ်ဖြစ်ပျက်မှုကို စိုးမိုးတဲ့အတွက် လူ့ခန္ဓာကိုယ်အတွင်း ဇီ၀ရုပ်ဖြစ်ပျက်မှုတွေလည်း ပြောင်းလဲ လာတော့မှာဖြစ်တယ်။

 

          ဆေးသိပ္ပံပညာရှင်တွေဟာ လူတစ်ဦးချင်းဆိုင်ရာ ဟော်မုန်းတွေရဲ့အခန်းကဏ္႑ကို ပိုမိုသိရှိလာအောင် ဆက်လက် သုတေသနပြုနေဆဲဖြစ်ပါတယ်။ သူတို့ သုတေသနပြုချက်အရ အဆီကလာပ်စည်းတွေ အထူးသဖြင့် ၀မ်းဗိုက်အဆီကလာပ်စည်းတွေဟာ ဟော်မုန်းတွေရဲ့ ပုံမှန်ှမျှခြေထိန်းချုပ်မှုကို အနှောင့်အယှက်ပေးတဲ့အပြင် ဟော်မုန်းတွေရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေကိုပါ ပျက်ပြားစေအောင်ပြုလုပ်ပေးလာကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

 

          ထို့အပြင် ၀မ်းတွင်းရှိ အဆီဓာတ်တွေဟာ ခုခံအားစနစ်ဓာတုပစ္စည်းတွေဖြစ်တဲ့ ဆိုက်တိုကိုင်း (Cytokines) များကို တွန်းထုတ်ပေးလိုက်ပါတယ်။ ထိုဆိုက်တိုကိုင်းတွေဟာ အကျိတ်တွေဂလင်းတွေမှာ ကလာပ်စည်းတွေ ပုပ်လာ ထိခိုက်ပျက်စီးစေအောင် လုပ်ပေးပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်စေနိုင်တဲ့ဆိုက်တို ကိုင်းတွေ  (Tumor Necrosis Factors နှင့် Interleukin 6 ခေါ် ဆိုက်တိုကိုင်းများ) ထွက်ပေါ်လာအောင် ၀မ်းဗိုက် ကလီစာအဆီတွေက လုပ်ပစ်တာကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါတွေဖြစ်ရခြင်းဖြစ်တယ်။ တဖန် အင်ဆူလင် ဟော်မုန်းအား ဆတ်ဆတ်ထိမခံဖြစ်စေခြင်းကြောင့် ဆီးချိုသွေးချိုဖြစ်စေခြင်း၊ သွေးတိုးသွေးပေါင်ချိန် တက်လာစေခြင်းနှင့် သွေးခဲဖြစ်လာစေခြင်းတို့ကြောင့် လေဖြတ်နိုင်ခြင်းစတဲ့ ကျန်းမာရေး ပြဿနာတွေနဲ့ ကြုံတွေ့လာနိုင်ဖွယ်ရှိပါတယ်။

 

          တဖန် ကလီစာအဆီတွေဟာ အသည်းရဲ့သွေးပြန်ကြောအနီးနားမှာ စုပါက ပို၍တောင် အန္တရာယ်ကြီးပါသတဲ့။ အသည်းမှာ အဆီဖုံးတဲ့လူတွေ သတိထားရန်လိုပါတယ်။ ကလီစာအဆီက ထုတ်ပေးတဲ့ပစ္စည်းတွေမှာ ဖရီးဖက်တီးအက်စစ်တွေအပါအ၀င် ထိုအသည်းသွေးပြန်ကြောမကြီးထဲ ရောက်လာကာ အသည်းကလာပ်စည်းတွေဆီပါ ၀င်ရောက်လာပါတော့တယ်။ ထိုအထဲမှာ မကောင်းတဲ့အဆီတွေ ဥပမာ - ကိုလက်စထရောလ်၊ LDL တို့များများလာပြီး HDL ခေါ်ကောင်းတဲ့ အဆီနည်းနည်းလာကာ အင်ဆူလင်ကို ခံနိုင်ရည်ရှိလာပါတော့တယ်။ ဒါကြောင့် ဗိုက်အဆီများလေ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ ဆီးချိုသွေးချိုရောဂါဖြစ်နိုင်ခြေ ပိုတိုးလာစေကြောင်း သတိပေးလိုက်ရပါတယ်။

 

 

 

Credit; ဒေါက်တာရည်ညွန့်မေ

Health Digest Journal

Vol: 13, No: 24, 9-3-2016