ဗီတာမင် C နှင့် ပတ်သက်ရင် သိသင့်တာတွေ
ဒီဃ ။ ။ ကိုဇီ၀ရေ သိချင်တာတစ်ခုမေးပါရစေဗျာ၊ မိတ်ဆွေတစ်ယောက်နဲ့ လမ်းမှာဆုံလို့ သူက ဗီတာမင် C အမြဲသောက်နေကြောင်း၊ ဗီတာမင် C က အရောင်အရမ်းလျော့ကျစေသလို၊ ကင်ဆာရောဂါတွေ ကာကွယ်ပေးတာရယ်၊ အနာအမြန်ကျက်စေတာရယ်ကြောင့် နေ့တိုင်းသောက်တယ် လို့ ပြောတယ်
ဇီ၀ ။ ။ ဟုတ်တယ်၊ ကိုဒီဃရေ ဗီတာမင် C ဟာ လူတွေရဲ့ ခန္ဓာကိုယ်နေရာ အတော်များများရဲ့ လုပ်ငန်းတွေနှင့် ကြီးထွားဖွ့ံဖြိုးတိုးတက်မှုအတွက်လိုတာအမှန်ပဲဗျ။ ခုခံအားစနစ်မှာလည်း အရေးကြီးတဲ့ အခန်းကဏ္႑ တစ်ခုအဖြစ် အသုံးချလို့ရတာကိုး။ လူအတော်များများမှာတော့ တစ်နေ့လိုအပ်ချက်က 60 မီလီဂရမ် လောက်ပါပဲ။ ဒါပေမယ့် လူတိုင်းတော့မဟုတ်ဘဲ လူတချို့က ဗီတာမင် C ကို ပါးစပ်ကသောက်ရင် မအီမသာဖြစ်တာ၊ အန်တာ၊ ရင်ပူတာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာရှိတတ်သတဲ့။ ရှားတော့ရှားတယ်။ အဲဒီလိုလူတွေ ဗီတာမင် C များများသောက်မိရင် ပိုဆိုးတတ်တာပေါ့ဗျာ။ ဗီတာမင် C တစ်လုံးမှာ 1000 မီလီဂရမ်တောင်ပါတဲ့ ရေဆူဆေးပြား လိုဟာမျိုး နေ့စဉ်သောက်မိရင် ရေရှည်မှာ ပြဿနာဖြစ်လာနိုင်တယ်။ လိုအပ်တဲ့ ပမာဏထက် မတရားများနေတာကိုးဗျ။
ဒီဃ ။ ။ ဟုတ်ပြီ၊ ကျွန်တော်သိထားတာက အအေးပတ်ရင် စီဗစ်သောက်ခိုင်းကြတယ် မဟုတ်လား။ နောက်ပြီးသငေ်္ဘာသားတွေ၊ လှေသငေ်္ဘာတွေနဲ့ ခရီးအကြာကြီးထွက်နေရသူတွေမှာ ဗီတာမင် C ချို့တဲ့တတ်လို့ သွားဖုံးရောဂါမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ သောက်ရတယ်လို့ရတယ်
ဇီ၀ ။ ။ ဟုတ်ကဲ့၊ အရေပြားကူးစက်ရောဂါတွေ၊ အသက်ရှူလမ်းကြောင်း ရောဂါတွေ၊ အရောင် အရမ်းတွေ၊ HIV ရောဂါ၊ အစာအိမ်အနာ (အထူးသဖြင့် ဗက်တီးရီးယားပိုးကြောင့်ဖြစ်တာ)၊ တီဘီရောဂါ၊ ၀မ်းကိုက်ရောဂါ၊ ၀က်ခြံ၊ အနာစိမ်း (သွေးစုနာ)ပေါက်တာ၊ ဆီးပူဆီးအောင့် ဆီးပိုးကြောင့်ဖြစ်တာတွေ အို စုံလို့ပါဗျာ။ အဲဒီလို ရောဂါတွေမှာ လည်း ဗီတာမင် C က အရမ်းအသုံးတဲ့သဗျ။ နောက်ထပ် ပြောရရင် စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများသူတွေ၊ မောပန်း လွယ်သူ၊ သံဓာတ်အားဆေးစားရတဲ့ သူတွေ၊ နှလုံးသွေးကြောတွေ ကြံ့ခိုင်အောင်၊ သွေးတိုးရောဂါ၊ ကိုလက်စထရောလ်မြင့်တဲ့သူ၊ ရေတိမ်၊ အတွင်းတိမ်၊ ၀မ်းချုပ်၊ ကင်ဆာရောဂါနဲ့ ပြောရရင် အစုံအသုံးချနိုင်တာပဲဗျာ။ သို့သော် 1000 မီလီဂရမ်ပါတဲ့ ဗီတာမင် C ဆေးပြားတွေ နေ့စဉ်သောက်မိရင်တော့ ကြာရင်ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ်ဗျ။ ဒါတော့ သတိထားရမှာပေါ့။
ဒီဃ ။ ။ ဒါဆို ကိုယ်၀န်ရှိတဲ့ အမျိုးသမီးဆိုရင်ရောဗျာ
ဇီ၀ ။ ။ ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ဗီတာမင် C ကို တစ်နေ့ 120 မီလီဂရမ်ထက် ပိုမသောက်သင့်ဘူးဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်၀န်ဆောင်ချိန်မှာ မွေးလာမယ့် ကလေးမှာ ပြဿနာဖြစ်လာနိုင်လို့ဗျ။
ဒီဃ ။ ။ ဟုတ်လားဗျာ၊ ဒါဆိုရင် ဗီတာမင် C ကို ဘယ်လိုလူတွေ ကြိုတင်ကာကွယ်ရှောင်ထားရမလဲ ဆိုတာလေးသိရင် ပြောပြစမ်းပါဦး၊ သတိပေးစရာရှိတာလေး ကြိုသိတော့ ပိုကောင်းတာပေါ့နော်။
ဇီ၀ ။ ။ ဗီတာမင် C အပါအ၀င် တခြားအင်တီအောက်စီးဒင့်တွေဖြစ်တဲ့ ဗီတာမင် E တို့၊ ဘီတာ ကာရိုတင်းဆိုတဲ့ အားဆေးတွေကို ဥပမာဗျာ ခင်ဗျားမှာ နှလုံးသွေးကြောကျဉ်းလို့ သွေးကြောထောက်ကိရိယာ နဲ့ ချဲ့ထားရသူဆိုရင် အဲဒီအားဆေးတွေ ရမ်းမသောက်ရဘူး။ ခင်ဗျားရဲ့ နှလုံးအထူးကုဆရာ၀န်က သောက် ဆိုမှ၊ ဒါတောင် ဘယ်လောက် အထိသောက်ရမှာလဲ၊ ဘယ်နှလုံးသောက်ရမလဲ၊ ဆေးညွှန်းအတိအကျ သိရမယ်။ ဒီလိုလူနာမျိုးတွေမှာတော့ အဲဒီ ဗီတာမင်အားဆေးတွေက အနာမြန်မြန်ကျက်အောင် ကောင်းအောင် မလုပ်ဘဲ နှောင့်ယှက်စေသတဲ့ဗျ။
ဒီဃ ။ ။ သြော် - ကျွန်တော်ထင်တာက အားဆေးဆိုတာ အမြဲကောင်းတယ်လို့ ထင်တာဗျ၊ အဲဒီလိုဆိုရင် တခြားဘယ်ရောဂါတွေရှိရင် ဘယ်လိုဆိုတာလေး ဆက်ပြောပြစမ်းပါဦး
ဇီ၀ ။ ။ ဗီတာမင် C အပါအ၀င် တခြားဗီတာမင်ဓာတ်တွေဟာ ကျွန်တော်တို့နေ့စဉ်စားသောက်နေတဲ့ အစား အစာတွေထဲကလည်း ရောနေသေးတာကိုးဗျ။ ဥပမာပြောရရင် သံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမေ္မာ်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်၊ ကင်ပွန်းချဉ်၊ မာလကာသီးစတဲ့ ချဉ်တဲ့အသီးရော၊ ချိုတဲ့ အသီးမှာတောင်ပါတယ်ဗျ။ ဥပမာ ဒီနေ့ ခင်ဗျားကင်ပွန်းချဉ်ဟင်းချက် စားရင်၊ သီးစုံချဉ်ရည်လို ဟင်းမျိုးချက်ရင် တစ်နေ့တာအတွက်လိုတဲ့ ဗီတာမင် C က လုံလောက်ပြီဗျ။ အဲဒီလိုနေ့မျိုးမှာ လိမေ္မာ်သီး၊ ပန်းသီး၊ မာလကာသီးတွေစားဖြစ်ရင် ပိုလာပြီ မဟုတ်လား။ ဒီလိုနေ့မျိုးမှာ ဗီတာမင် C ဓာတ်မြင့်တဲ့အားဆေးဝါ ထပ်အပိုဆောင်းစားရင် ဘေးထွက်ဆိုးကျိုးတွေဖြစ် လာတော့မှာပေါ့။ ရိုးရိုးလေးစဉ်းစားကြည့်ရုံနဲ့ သိပါတယ်ဗျာ။
ဒီဃ ။ ။ ဒါနဲ့ဗျာ၊ ဗီတာမင် C စားရင် အသားအရေလှဆို
ဇီ၀ ။ ။ ဟုတ်တယ်လေ၊ သစ်သီးရောင်စုံနဲ့ အချဉ်အရသာရှိတဲ့ သစ်သီနဲ့ဟင်းရွက်တွေစားရင် ရပြီးသားဗျ။ နေရောင်ဒဏ်ကြောင့် အသားခြောက်တာ၊ ပတ်၀န်းကျင်ဒဏ်ကြောင့် အသားညစ်တာတွေဖြစ်ရင် ကြက်ဥအကာခလောက် အမြှုပ်ထလာရင် စီဗစ်ဆေးပြား 100 မီလီဂရမ်တစ်ခဲကို အမှုန့်ကြိတ်ပြီးထည့်၊ ဂျုံမှုန့် သို့မဟုတ် နို့မှုန့် တစ်ဇွန်းလောက်ရောခလောက်ပြီး မျက်နှာပေါင်းတင်ရင် သဘာ၀မျက်နှာပေါင်းတင်ပြီးသား ဖြစ်ရော၊ အသားအရေ တင်းတင်းလေးဖြစ်ပြီး ဖြူ၀င်းလာတာ၊ နေလို့ အရမ်းကောင်းတာဗျ၊ နုပျိုစေတာပေါ့၊ တစ်ပတ် ၁ ခါလောက် မှန်မှန်လုပ်ပေးဖို့တော့လိုတယ်။
ဒီဃ ။ ။ ဒါနဲ့ ကင်ဆာရောဂါရှိတဲ့ လူတွေမှာရောဗျာ၊ ဗီတာမင် C အားဆေး စားသင့်တယ်မဟုတ်လား
ဇီ၀ ။ ။ ကင်ဆာကလာပ်စည်းတွေဟာ ဗီတာမင် C ကို ထူးထူခြားခြားမြင့်မားစွာစုဆောင်းနိုင်သတဲ့ဗျ။ ဒါကြောင့် ကင်ဆာအထူးကုဆရာ၀န်ကြီးတွေရဲ့ ညွှန်ကြားချက်အောက်မှာ ဗီတာမင် C ကို ဆေးညွှန်းပမာဏ များများသုံးလာတာ တွေ့ရတယ်ဗျ။
ဒီဃ ။ ။ ဒါနဲ့ ဆီးချိုသွေးချို လူနာတွေမှာရောဗျာ
ဇီ၀ ။ ။ ကျွန်တော်ဖတ်ရတဲ့ ဆောင်းပါးတစ်ခုမှာ ဗီတာမင် C ဟာ သွေးထဲသကြားဓာတ်မြင့်တက်စေ သတဲ့။ အထူးသဖြင့် ဆီးချိုသွေးချိုရောဂါရှိတဲ့ သက်ကြီးအမျိုးသမီးကြီးတွေမှာ ဗီတာမင် C တစ်နေ့ကို 300 မီလီဂရမ်ထက် ပိုများရင် နှလုံးရောဂါပြဿနာတက်ပြီး အသက်အန္တရာယ်ရှိနိုင်သတဲ့ဗျ။ ဒါကြောင့် ဗီတာမင်အစုံပါတဲ့ အားဆေး ၀ယ်သောက်မယ်ဆိုရင် အဲဒီထဲမှာ ဗီတာမင် C ဓာတ်များများပါရင် မ၀ယ်သောက်သင့်ဘူးပေါ့၊ အဲဒါလေးတော့ သတိထားရမယ်။ ပုံမှန်ထည့်ထားတဲ့ ပမာဏဆိုရင်တော့ မဆိုးဘူးပေါ့။
ဒီဃ ။ ။ အေးဗျာ၊ အားဆေးဆိုတိုင်း ကောင်းမှာပဲထင်ပြီး တစ်ခုချင်းတော့ ဖတ်ကြည့်လေ့မရှိဘူး၊ အခု ကိုဇီ၀ ပြောသလိုဆိုရင် အားဆေးအစုံထဲမှာ ပါ၀င်တဲ့ပမာဏတစ်ခုချင်းစီကို လိုက်ဖတ်ပြီး ကိုယ်နဲ့သင့်၊ မသင့် ဆုံးဖြတ်ရမှာ ပေါ့နော်၊ ကျေးဇူးပါဗျာ
ဇီ၀ ။ ။ နောက်တစ်ခုက သွေးထဲမှာ သံဓာတ်ပြဿနာရှိတဲ့သူတွေ ဥပမာ သာလာဆီးမီးယား သွေးကျဲရောဂါ တို့၊ အနီရောင်ဓာတ်များတဲ့ Hameochromatosis စတဲ့ ရောဂါရှိ လူနာတွေမှာ ဗီတာမင် C က သံဓာတ်စုပ်ယူမှု မြင့်မားစေတဲ့အတွက် ဗီတာမင် C များများသောက်ရင် ရောဂါပိုဆိုးဝါးတတ်တယ်။ ဒါလည်း သတိထားစရာပဲဗျ။
ဒီဃ ။ ။ ဒါနဲ့ရှေ့မှာ ပြောခဲ့တဲ့ ဗီတာမင် C များများသောက်ရင် ဆီးကျောက်တည်တယ်ဆိုတော့ ဆီးကျောက်တည်တဲ့လူနာတွေမှာ ဗီတာမင် C များများမသောက်သင့်ဘူးပေါ့နော်
ဇီ၀ ။ ။ မှန်တယ်ကိုဒီဃ၊ ပုံမှန် မီတာမင်အစုံရဲ့ အခြေခံပမာဏထဲမှာပါတဲ့ ဗီတာမင် C ပမာဏထက် များရင် မသောက်သင့်ဘူးဗျ။ နောက်ပြီး ဇီ၀ရုပ်ချို့တဲ့ရောဂါ G6PD လို့ခေါ်တဲ့ ရောဂါရှိရင်လည်း ဗီတာမင် C အများကြီး မသောက်သင့်ဘူးဗျ။ သူက အဲဒီလိုလူတွေရဲ့ သွေးနီဥကလာပ်စည်းတွေကို ပြိုကွဲဖျက်ဆီး ပစ်စေလို့ဗျို့။ နောက်တစ်မျိုးက ဗိုက်နာပျောက်ဆေးဝါးတွေ (အင်တာစစ်တွေ Antacids)၊ အီစထရိုဂျင်ဟော်မုန်း သောက်နေရတဲ့သူတွေ၊ Fluphenazine ဖလူဖန်နာဇင်းတွေနဲ့ ကင်ဆာဆေးသွင်း ကုနေရတဲ့သူတွေ၊ HIV/AIDS လူနာအတွက် ဆေးသောက်နေရသူတွေ၊ သွေးကျဲဆေး ဝါဖရင်သောက်နေရရင်၊ ဗီတာမင်နိုင်ယာစင် အားဆေးသောက်နေရင် သူတို့ကို ဗီတာမင် C များများပေးရင် အဲဒီဆေးဝါးတွေ အချင်းချင်း ဓာတ်တုံ့ပြန်ပြီး ပေးတဲ့ဆေးရဲ့ အစွမ်းမထက်တော့ဘူး။ ပိုဆိုးသွားတတ်တယ်ဆိုတာပြောရင်း နိဂုံးချုပ်ကြစို့ဗျာ။
Credit; ဒေါက်ထွေး (ဆေး/မန်း)
Vol. (13), No. (3), 14-10-2015




























