မဂ္ဂနီဆီယမ်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ
ဒီဃ ။ ။ ကိုဇီ၀ရေ ကျွန်တော့်အမျိုးသမီး တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲတယ်လို့ ငြီးလွန်းလို့ ပြီးခဲ့တဲ့ အပတ်က ဆရာ၀န်နဲ့ သွားပြကြည့်တာ၊ သူက ငှက်ပျောသီးလည်း နေ့တိုင်းစားတာပဲဗျာ။ စိတ်ဖိစီးမှုလည်းနည်းပါလျက်နဲ့ ကျွန်တော်လည်း သူငြီးလွန်းလို့ နားမခံနိုင်တာနဲ့ ဆေးခန်းသွားလိုက်ကြတာ။ ဟိုမှာ ဆရာ၀န်ကြီးက သွေးထဲက ဓာတ်ဆားတွေစစ်ခိုင်းတာဗျာ။ မဂ္ဂနီဆီယမ် နည်းလို့တဲ့ဗျ။ အဲဒါ မဂ္ဂနီဆီယမ်သတ္တုဓာတ်ဆားအကြောင်း နည်းနည်းလောက် ရှင်းပြပါလားဗျာ။ ဘယ်လိုအစားအစာ တွေထဲမှာပါလဲ။ ဘယ်လောက်စားပေးရမလဲ။ ကျန်းမာရေးအတွက် ဘယ်လောက်ကောင်းလဲဆိုတာတွေသိချင်လို့ပါဗျာ။
ဇီ၀ ။ ။ အမှန်က မဂ္ဂနီဆီယမ်သတ္တုဓာတ်ဆားဟာ လူ့ခန္ဓာကိုယ်ထဲမှာ စတုတၳမြောက် အများဆုံးအလျှံပယ်လို့ ပြောရအောင် ပါ၀င်ပြီးသားဗျ။ ဘ၀မှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ဆားတစ်မျိုးဗျ။ အရွယ်ရောက်သူတစ်ဦးရဲ့ ခန္ဓာကိုယ်ထဲမှာ ပျမ်းမျှ မဂ္ဂနီဆီယမ် 25 ဂရမ်လောက်တောင် ပါတယ်။ ကြွက်သားတွေနဲ့ အာရုံကြော တစ်သျှူးလုပ်ငန်းတွေအတွက်လို အပ်တယ်။ အများဆုံးတွေ့ရတာက အရိုးတွေထဲမှာဗျ။ အဲဒီဓာတ်ဆားဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ ကဏ္႑အမျိုးစုံထဲပါ၀င်တာ။ ခင်ဗျားမေးတဲ့ ဘယ်လိုအစားအစာတွေထဲပါလဲဆိုတာ ဖြေဖို့က ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာကို ခင်ဗျားစားရင်တောင်မှ ဒီဓာတ်က မလုံလောက်တတ်ဘူးတဲ့ဗျ။ ဒါကြောင့် Junk Food လို့ခေါ်တဲ့ မလတ်ဆတ်ကြာရှည်ခံ အစားမျိုးစားတဲ့သူတွေမှာ ခုနကပြောတဲ့ ညောင်းညာကိုက်ခဲတာ၊ ခေါင်းမကြည် တာတွေ ပိုဖြစ်ရတာပဲ။ သို့သော် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နဲ့ အသား၊ ငါးတို့မှာပါတယ်။ Mg လို့ ဇီ၀ဓာတုဗေဒဘာသာရပ်မှာ ရေးလေ့ရှိတယ်။ မဂ္ဂနီဆီယမ်ဓာတ်ဟာ အင်ဇိုင်းအမျိုး 90 နီးပါးအတွက် Cofactor လို့ခေါ်တဲ့ ဓာတ်ကူပစ္စည်းတစ်မျိုးအဖြစ် ပါ၀င်ကူညီပေးလို့ မရှိမဖြစ်လိုအပ်တယ်လို့ပြောတာပါ။
ဒီဃ ။ ။ အော် ……. ဒီလိုဆိုတော့လည်း သူဟာ တကယ်အရေးပါတာကိုးဗျ
ဇီ၀ ။ ။ ကျွန်တော်လက်ထောက်ဆရာ၀န်ဘ၀မှာ နယ်ကလူတစ်ယောက် ၀မ်းတွေ တအားလျှောပြီးနောက် လေဖြတ်သလိုမျိုး လှုပ်မရအသက်ရှူမ၀ဖြစ်တာ၊ နယ်မှာ မသက်သာတာနဲ့ ရန်ကုန်ခေါ်လာပြီး သူ့ရဲ့သွေးထဲက သတ္တုဓာတ်ဆားတွေ ချက်ချင်းစစ်လိုက်တော့ အဲဒီ Mg ဓာတ် အရမ်းနည်းနေတာ တွေ့ရသဗျ။ ဒါနဲ့ ညတွင်းချင်း ဆေးသွင်းပေးပြီး အသက်ကယ်နိုင်ခဲ့တယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်တွင်းက ဇီ၀ဓာတု သတ္တုဓာတ်ဆားတွေရဲ့ အခန်းကဏ္႑ဟာ အရမ်းအရေးပါလှတယ်ဆိုတာ သဘောပေါက်နားလည် ထားရမယ်ဗျ။ သတ္တုဓာတ်တွေကြောင့် လူတစ်ဦးဟာ အကောင်းကြီးကနေ ချက်ချင်းရှော့ခ်၀င်ပြီး ပြဿနာတက်လာနိုင်တယ်။ ဒီတော့ ဒီသတ္တုဓာတ်ဆားတွေနဲ့ အိုင်းယွန်းတွေအကြောင်း သိထားသင့်တယ်။ ခုခေတ် ဆေးပညာမှာတော့ သွေးထဲက သတ္တုဓာတ်ဆားတွေရဲ့ ပမာဏကို စစ်ဆေးသိရှိလာတော့ ကုသရေးမှာပိုပြီး လွယ်ကူအဆင်ပြေလာတယ်။ အတိအကျသိရတော့ ပုံမှန်ရအောင် ထိန်းထားနိုင်လာတာပေါ့။
ဒီဃ ။ ။ ဒါဆိုရင်ဗျာ သွေးထဲမှာ Mg ပမာဏ ဘယ်လောက်ပုံမှန်ရှိရမလဲဟင်
ဇီ၀ ။ ။ သွေးရည်ကြည်ထဲမှာ တိုင်းတာ ပုံမှန် 0.75-1.05 mmol/L (0.75 မှ 1.04 မီလီမိုး/လီတာ) ရှိရတယ်ဗျ။
ဒီဃ ။ ။ Mg ကို ဘယ်နေရာတွေက ရနိုင်လဲဟင်
ဇီ၀ ။ ။ ကမ်ဘာမြေကြီး၊ ပင်လယ်၊ အပင်ငယ်တွေ၊ တိရစၧာန်တွေနဲ့ လူတွေမှာရှိပြီးသားဗျ။ ဒါပေမယ့် လူ့ခန္ဓာကိုယ်ထဲရှိ Mg ရဲ့ 60 ရာခိုင်နှုန်းဟာ အရိုးထဲမှာ တွေ့ရတတ်ပြီး ကျန်တဲ့ 40 ရာခိုင်နှုန်းကတော့ ကြွက်သားမျှင်တွေ နူးညံ့တဲ့တစ်သျှူးတွေနဲ့ သွေးအပါအ၀င် အရည်တွေထဲမှာရှိတယ်တဲ့။ ဆိုလိုတာကဗျာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက ကလာပ်စည်း (Cell) တိုင်းမှာ Mg ရှိနေတယ်။ သူရှိမှ လုပ်ငန်းတွေ လုပ်နိုင်တာကိုး။ ရှေ့မှာ ပြောပြခဲ့သလို အင်ဇိုင်းဆိုတာအစာခြေဓာတ်ပြောင်းပေးတဲ့ တာ၀န်ယူတာမဟုတ်လား။ Mg က အဲဒီအင်ဇိုင်းအမျိုးပေါင်း 90 ကို ကူညီပြီး လုပ်ကိုင်ပေးရတာမို့ မရှိမဖြစ်ပေါ့။ ဒါကြောင့်သူ့ကို Helper molecule ဟယ်လ်ပါမော်လီကြူး သို့မဟုတ် ဓာတ်ကူပစ္စည်းလို့ ခေါ်တာပေါ့။
ဒီဃ ။ ။ ဘယ်လိုနေရာမှာ ဘယ်လိုအလုပ်တွေ လုပ်ပေးတာလဲဗျာ။
ဇီ၀ ။ ။ (1) စားလိုက်တဲ့အစားတွေကို စွမ်းအင်အဖြစ် ပြောင်းပေးရာမှာ ကူညီခြင်း၊ (2) အသားဓာတ်အသစ် ဖွဲ့စည်း ပေးခြင်း ဥပမာဗျာ အမိုင်နိုအက်စစ်ခေါ် ပရိုတင်းတစ်မျိုးမှ အခြားပရိုတင်းဓာတ်တစ်မျိုး အဖြစ်ပြောင်းလဲဖန်တီးပေးခြင်းပေါ့၊ (3) မျိုးဗီဇကလာပ်စည်းတွေ ထိန်းသိမ်းပေးခြင်း ဥပမာ DNA နဲ့ RNA ခေါ် ဗီဇကလာပ်စည်းတွေ အစုံလိုက် ဖန်တီးရာမှာ ကူညီတာမျိုးဗျ။ (4) ကြွက်သားတွေ လှုပ်ရှားမှုပေါ့။ ရှေ့မှာ ကျွန်တော်ပြောပြသလို ၀မ်းသွားပြင်းထန်ပြီး Mg တွေ ထိုးကျလာ တော့မလှုပ်နိုင်အသက်မရှူနိုင် ဖြစ်သွားတာလေ။ လမ်းလျှောက်နိုင်၊ အစာမျိုနိုင်၊ အသက်ပြင်းပြင်းရှူနိုင်စတဲ့ ကြွက်သားလှုပ်ရှား မှုမှာ သူက ဇာတ်လိုက်ဗျ။ (5) ကျန်တာက အာရုံကြောစနစ် ထိန်းချုပ်ညှိပေးခြင်းပေါ့။ အာရုံကြောစနစ်လေးတွေ တစ်ခုကတစ်ခု သတင်းပို့ပေးတာ ဥပမာ ဦးနှောက်ကနေ အာရုံကြောစနစ်နဲ့ တစ်ကိုယ်လုံးထံတစ်ဆင့်ဆီ ညွှန်ကြားချက်အရောက်ပို့ပေးတာမျိုးလေ။
ဒီဃ ။ ။ အေးဗျာ။ ဒီလိုဆိုတော့ Mg ကို လုံလောက်အောင်စားဖို့ လိုတာပေ့ါ။ ဒါနဲ့ ကျွန်တော်က လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ဖို့ ပိုလိုလားဟင်။
ဇီ၀ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းပါဗျာ။ လူငယ်တွေ ဆယ်ကျော်သက်တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ရင် Mg သတ္တုဓာတ်ဆား ပိုလိုတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်နိုင်ငံသား 100 မှာ 50 ဦးက တစ်နေ့တာ စားသင့်တဲ့ Mg ကို လုံလောက်အောင် မစားနိုင်ဘူးဆိုပဲဗျာ။ ဒီတော့ ထမင်းကိုလက်ဖက်သုပ်လေး၊ ဟင်းရွက်ကြော်လေး၊ စမူဆာ၊ အီကြာကွေးနဲ့ လွေးရရင် ပိုဆိုးမှာပေါ့ဗျာ။ ငြိမ်ငြိမ်လေးနေတဲ့သူ၊ နားနားနေနေ နေတဲ့သူတွေထက်တော့ 10 မှ 20 ရာခိုင်နှုန်းပိုပြီးလိုတယ်လို့ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မဂ္ဂနီဆီယမ်က ကြွက်သားတွေထဲ သွေးတွင်းသကြားဓာတ်ကို ပို့ပေးရာမှာ ကူညီတဲ့သူဖြစ်တဲ့အပြင် ကြွက်သားထု ကြံ့ခိုင်သန်စွမ်းစေရန်နဲ့ ကြွက်သားတွေကိုနာကျင်ကိုက်ခဲစေတဲ့ လက်တစ်အက်စစ်ကိုလည်း စွန့်ထုတ်ပေးတာပေါ့ဗျာ။ ဒါကြောင့် မဂ္ဂနီဆီယမ် သတ္တုဓာတ်ဆားကြွယ်၀တဲ့ အစားအစာတွေစားရင် ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပေမယ့် ကြွက်သားတွေ မနာမကျင်စေဘူးတဲ့။
ဒီဃ ။ ။ ဟုတ်ပြီ၊ ဒါကြောင့် အိမ်က အငယ်ကောင် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီးရင် နာတယ် ညောင်းတယ်။ ကိုက်တယ် ပြောတာကိုး။
ဇီ၀ ။ ။ အားကစားသမားတွေအဖို့၊ လူငယ်တွေ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်ရင်တော့ Mg ပါတဲ့ အားဆေးသောက်နိုင်တယ်။ အသက်ကြီးလာရင် သို့မဟုတ် နာတာရှည်ရောဂါရှိရင်လည်း Mg အားဆေးသောက်လို့ရတယ်ဗျ။ လေ့လာချက်အရ ဘောလီဘော အားကစားသမားတွေဆိုရင် တစ်နေ့ကို မဂ္ဂနီဆီယမ် 250 မီလီဂရမ်တောင် လိုသတဲ့။ ဘာဖြစ်လို့လဲဆိုတော့ဗျာ။ ခင်ဗျားသိတဲ့အတိုင်း ဘောလီဘောကစားရင် ခုန်ပြီး လက်မောင်းအားနဲ့ စမက်ရိုက်ရတော့ ကြွက်သားအားအတော်သုံးရတာဗျ။ အတော်အားစိုက် လှုပ်ရှားရတာလေ။ နောက်ပြီး 4 ပတ်လောက် မဂ္ဂနီဆီယမ်အားဖြည့်ဆေးသောက်ထားရင် (1) မာရသွန်ပြေး (2) စက်ဘီးစီး (3) Trithalon ခေါ် ပြေး၊ နင်း၊ ကူး 3 မျိုးပါတဲ့ ထရိုင်သလွန် အားကစားသမားတွေ မဂ္ဂနီဆီယမ် အားဆေး သောက်ရင်ပိုအကျိုးရှိပြီး ကောင်းဆိုပဲဗျ။ အဲဒီအပြင် အင်ဆူလင်နဲ့ မကောင်းတဲ့ဟော်မုန်းတွေလည်း ထိန်းညှိလိုက်သေးတယ်တဲ့ ဗျ။ ဒါပေမယ့် သိထားရမှာက အားကစားသမားတချို့မှာတော့ သိပ်မသိသာလှဘူးတဲ့ဗျ။
ဒီဃ ။ ။ ဟုတ်ပြီ နောက်ထပ်ဘာတွေ ကောင်းသေးလဲ။
ဇီ၀ ။ ။ စိတ်ကျရောဂါကို တိုက်ထုတ်နိုင်တယ်တဲ့။ ဦးနှောက်လုပ်ငန်းတွေနဲ့ စိတ်အခြေအနေ လန်းဆန်းစေသတဲ့။ အသက် 65 နှစ် ကျော်လာရင် လူကြီးတွေမှာ Mg ပမာဏနည်းလာတော့တာပဲ။ လူကြီးပေါင်း 8800 ကျော်ကို သုတေသန ပြုထားရာမှာ Mg နည်းသွားရင် 100 မှာ 22 ယောက်လောက် စိတ်ကျရောဂါဖြစ်တာတွေ့ခဲ့ရသတဲ့။
ဒီဃ ။ ။ ဘာကြောင့် Mg ပမာဏ နည်းသွားရတာလဲဗျာ။
ဇီ၀ ။ ။ တာရှည်ခံ အစားအစာတွေပေါ့ဗျာ။ ရှေးတုန်းကလို အချိန်ပေးနိုင်တော့ ဆူလွယ်နပ်လွယ် ဖြစ်သလိုချက်ပြုတ်စားရတဲ့အခါ ဘယ်လိုလုပ် အဲဒီဓာတ်ဆားတွေ ဗီတာမင်ဓာတ်တွေပါတော့မှာလဲ။
ဒီဃ ။ ။ ဟုတ်ပါ့ဗျာ။ ငါးပိကြော်၊ ငါးခြောက်ထောင်းကြော်စတဲ့ အကြော်တွေနဲ့ အသားခြောက်ကြော်တွေ ဆိုလည်း ဆီနိုင်းချင်းနဲ့ ခြောက်သွေ့နေအောင် ဆီပူပူ များများကြီးထဲ ကြော်ထားတာတွေ နေ့တိုင်း လမ်းဘေးမှာ မြင်နေရတော့ ကျွန်တော် စဉ်းစားမိတာ။ “ငါတို့လူမျိုးရောဂါဖြစ်နှုန်းတွေ မြင့်တက်လာတာလည်း မပြောနဲ့။ အလုပ်လုပ်ကြရတဲ့ လူငယ်တွေအိမ်က ထမင်းချိုင့်မပါ၊ ပါရင်တောင် ထမင်းလေးပဲထည့်ပြီး မနက်စာနဲ့နေ့လယ်စာကိုကြုံရာ ၀ယ်စားရရှာတာဆိုတော့ ဈေးချိုချိုနဲ့ရတဲ့ ဟင်းလေးတွေမှာဘာ အာဟာရဓာတ်ရှိတော့မှာလဲဗျာ။
ဇီ၀ ။ ။ ဟုတ်တယ်။ နယ်က ရန်ကုန်ကို အလုပ်လာလုပ်တဲ့ လူငယ်တစ်ယောက်ပြောဖူးတယ်။ အဆောင်မှာငှားနေတာလည်း ကျဉ်းကျဉ်းကြပ်ကြပ်၊ တစ်အိမ်လုံး ငှားဖို့ တစ်လ 3 သိန်း (သုံးလွှာမှာဆိုလား) နီးပါးကျတော့ လူအယောက် 20 လောက် စုနေမှတစ်ယောက် 1 သောင်းခွဲပေးရမှာ။ ဒါတောင် အိမ်သူကြီးဆိုတာရှိသတဲ့။ သူက တာ၀န်ခံပြီး ငှားစားတာဆိုရင် သူ့အတွက် စရိတ်ငြိမ်းအောင် လူပိုထည့်တာမျိုးရှိသတဲ့။ တချို့ဆိုကျောနေရာ တစ်ခုချဖို့ တစ်လ 3 သောင်းဆိုပဲ။ ဒါဆိုရင် တစ်လ 1 သိန်းကျော်ရတာတောင်မှ စားစရိတ်မပါသေးဘူး။ အိမ်ငှားခ၊ ဘတ်စ်ကားစရိတ် ထပ်ပေါင်းရင်သူ့အတွက် အတော်ခက်ခဲဦးမှာပဲဗျ။
ဒီဃ ။ ။ ဒါကြောင့် မြန်မာလူငယ်တွေ အရပ်အမောင်း ဖွ့ံဖြိုးမှုနည်းပါးနေတာ ထင်တယ်ဗျာ။ ကဲ …. ဆက်ပါဦး ဒါဆိုရင် အသက်ကြီးတဲ့လူတွေ Mg ဘယ်လောက်ထပ်စားသင့်လဲဗျာ။
ဇီ၀ ။ ။ အင်း Mg ပါတဲ့ အစားအစာတွေ 450 မီလီဂရမ်လောက်ရအောင် ကျေွးသင့်တယ်လို့ အကြမ်းဖျင်း စစ်ဆေးစမ်းသပ်ခဲ့ကြတယ်။
ဒီဃ ။ ။ ဒါနဲ့ ကိုဇီ၀ရေ အားကစားသမားတွေ ဒါမှမဟုတ် လေ့ကျင့်ခန်းမှန်မှန်ယူတဲ့လူဆိုရင် ရောဗျာ။
ဇီ၀ ။ ။ လှုပ်လှုပ်ရှားရှားနေသူဆိုရင်တော့ ပုံမှန်ငြိမ်ငြိမ်လေးနေသူတွေထက် ပိုစားရမှာပေါ့ဗျာ။ ပုံမှန်ထက် 10 ရာခိုင်နှုန်း ကနေ 20 ရာခိုင်နှုန်းပိုစားလို့ပြောတယ်။ ဒါလည်း အားစိုက်လုပ်ရတာလားစတဲ့ လှုပ်ရှားမှု အတိုင်းအဆပေါ်မူတည်သေးတာပေါ့။ မဂ္ဂနီဆီယမ်က သွေးတွင်းကသကြားဓာတ်တွေကို ကြွက်သားတွေထံ ပို့ပေးပြီး ကြွက်သားတွေထဲက လက်တစ်အက်စစ်တွေ ရှင်းထုတ်ပစ်တာမို့ ကိုယ်လက်လှုပ်ရှားပြီးရင် ကိုယ်လက်တွေနာကျင်ကိုက်ခဲ ညောင်းလာရတာဗျ။ ဒါကြောင့် သစ်သီးတွေ စားပေးခြင်းဖြင့် ကြွက်သားတွေအတွက် လိုအပ်တဲ့ Mg တို့၊ K ပိုတက်စီယမ်၊ Na ဆိုဒီယမ်တို့ ရရှိစေတော့ မနာကျင်မကိုက်ခဲ မညောင်းတာပေါ့ဗျာ။
ဒီဃ ။ ။ သြော် - ဒါ့ကြောင့် ကလေးလူကြီး အရွယ်စုံ သစ်သီး စားခိုင်းတာကိုး။
ဇီ၀ ။ ။ နောက်ထူးခြားတာက အမျိုးအစား (2) ဆီးချိုသွေးချိုကိုလည်း တိုက်ထုတ်နိုင်တာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးအစား (2) ဆီးချိုသွေးချို ေ၀ဒနာရှင် 100 မှာ 48 ဦးလောက်က Mg ပမာဏ နည်းပါးလေ့ရှိလို့ပဲဗျ။ Mg နည်းရင် အင်ဆူလင်ရဲ့ စွမ်းအားကို ကမောက်ကမဖြစ်စေတာပဲ။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်ပမာဏ မထိန်းချုပ်နိုင်တော့ဘူး။ နောက်တစ်မျိုးက Mg ပမာဏနည်းတဲ့သူတွေ၊ လုံလောက်အောင် မစားသူတွေမှာ ဆီးချိုသွေးချိုဖြစ်နိုင်ခြေ မြင့်တက်နိုင်သတဲ့ ဗျာ။
ဒီဃ ။ ။ ဟောဗျာ - ဒါဆို ဆီးချိုသွေးချိုေ၀ဒနာရှင်ဖြစ်လည်း Mg ပမာဏ မနည်းပါးရအောင် သစ်သီးစားရမယ်။ ဆီးချိုသွေးချို ရောဂါမ၀င်သေး၊ မရှိသေးတဲ့လူတွေလည်း ဒီရောဂါမဖြစ်အောင် Mg လုံလုံလောက်လောက် ရှိမှဆိုတော့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေစားရဦးမှာပဲ။ သြော် - ဒါကြောင့် ဆေးပညာရှင်တွေက ဆီးချိုသွေးချိုဖြစ်လည်း သစ်သီးနဲ့ ဟင်းရွက်စားကြ၊ ဖြစ်နိုင်ခြေရှိတဲ့ လူတွေကိုလည်း သစ်သီးနဲ့ ဟင်းရွက်များများစားကြဖို့ တိုက်တွန်းကြတာကိုး။ အဆင့်မြင့် ၀င်ငွေကောင်းတဲ့ နိုင်ငံတွေမှာ ဥပမာဗျာ-ဟောင်ကောင်မှာဆိုရင် မြို့တော်၀န်ကဟောင်ကောင်နိုင်ငံသား အသက် 65 နှစ်ကျော်ရင် သစ်သီးဖိုး ထောက်ပံ့ငွေ ဟောင်ကောင်ဒေါ်လာ တစ်လ 700 ပေးတယ်လို့ ကျွန်တော့မိန်းမ ဦးလေးက ပြောပြဖူးတယ်။
ဇီ၀ ။ ။ အဲဒါ အမေရိကန်လို နိုင်ငံမျိုးမှာ လူ 4000 ကျော် နှစ် 20 လောက် လေ့လာစောင့်ကြည့် သုတေသနပြုရာက တွေ့ခဲ့တဲ့ ရလဒ်တဲ့ဗျ။ သစ်သီးနဲ့ ဟင်းရွက်အမျိုးမျိုး များများစား၊ မှန်မှန်စားရင် လူ 100 မှာ 47 ဦးထက်မနည်း ဆီးချိုသွေးချို ဖြစ်နိုင်ခြေ လျှော့ချနိုင်ဆိုပဲ။ နောက်ပြီး ဟေမိုဂလိုဘင် အေ၀မ်းစီ (Hemoglobin A 1 C) ပမာဏကို သိသိသာသာ ထူးထူးခြားခြားပိုကောင်းသတဲ့ဗျာ။ ပုံမှန်က 6 အောက်မှာရှိရတယ်မဟုတ်လား။ (Hb A1C=<6)
ဒီဃ ။ ။ အေးဗျာ- ကျွန်တော်တို့ဟာ သစ်သီးထက် ထမင်းကိုမက်ပြီး ပိုစားလေ့ရှိတယ်။ အဲဒီအချက်ကို လက်တွေ့အသုံးချ နိုင်ရမှာ။ ဒါပေမယ့် သစ်သီးတွေကလည်း ဈေးကြီးလှတယ်။ ရာသီစာတွေကတော့ ဈေးချိုပါတယ်။
ဇီ၀ ။ ။ ငှက်ပျောသီးလို သစ်သီးကတော့ မြန်မာမှာဈေးအပေါဆုံးပါဗျာ။ လူတိုင်းစားနိုင်ပါတယ်။ မှန်မှန်စားတဲ့ အလေ့ အထလေး လုပ်ဖို့သာလိုတာဗျ။ သူများနိုင်ငံနဲ့ စာရင် သစ်သီးတွေပေါပေါ၊ ဟင်းရွက်တွေဈေးချိုချိုနဲ့ ၀ယ်လို့စားနိုင်ပါသေးတယ် ဗျာ။ မြန်မာတွေရဲ့ တစ်နေ့ထမင်း သုံးနပ်စားတာ နည်းအမှန်အကန်ပဲဗျ။ သရေစာမှာ ဆန်မှုန့်၊ ဂျုံမှုန့်နဲ့လုပ်တဲ့ မုန့်တွေ လျှော့စားပြီး ဟင်းရွက် လတ်လတ်ဆတ်ဆတ် ဥပမာ - သငေ်္ဘာသီးသုပ်၊ ပဲသီးသုပ်၊ ဟင်းနုနယ်ပြုတ်ပြီး သုပ်၊ သရပ်သီးအစိမ်း သုပ်၊ မန်ကျည်းဖူး၊ မန်ကျည်းရွက်သုပ်တို့ကို အစားထိုးပေါ့ဗျာ။ ရာသီစာ သရက်သီး၊ ပန်းသီး၊ နာနတ်သီး၊ လိမေ္မာ်သီး အစုံးရှိ ပါတယ်။ သင့်တင့်အောင် စားလို့ရတာပဲဗျာ။
ဒီဃ ။ ။ ကိုဇီ၀ ဒီလိုပြောတော့လည်း ဟုတ်တာပဲဗျာ။ ဒီအလေ့အကျင့်တွေဟာ အဘိုးတို့ အဘွားတို့ခေတ်ကတည်းက ရှိနေတာပဲ။ လူတိုင်း ကိုယ်ပိုင်အလုပ် မလုပ်နိုင်တော့ အချိန်လုလုပ်လာရလေ၊ ထမင်းဟင်းချက်ပြုတ်ဖို့ အချိန်မပေးနိုင်လေ ဖြစ်တော့တာပဲ။ ၀ီရိယလေးစိုက်ပြီး လုပ်ရင်တော့ရတယ်ဗျ။ ဖေ့စ်ဘွတ်ကြည့်ချိန်၊ ဂိမ်းကစားချိန်၊ အင်တာနက်ကြည့်ချိန်တွေ လျှော့ပေါ့။ ဒါနဲ့ သစ်သီးတွေမစားဘဲ Mg အားဆေးသောက်ရင် ရလားဟင်။
ဇီ၀ ။ ။ သိပ်ကောင်းတဲ့ မေးခွန်းဗျာ။ ဆေးသိပ္ပံသုတေသနပညာရှင်တွေအဆိုအရ Mg ကို သစ်သီးနဲ့ ဟင်းရွက်ကရတာ အကောင်းဆုံးတဲ့။ ခင်ဗျားမေးတဲ့ အားဆေးထဲမှာပါတဲ့ Mg တွေကတော့ သွေးတွင်း သကြားဓာတ်ကိုရော၊ မဂ္ဂနီဆီယမ် မချို့တဲ့ တဲ့ သူတွေရဲ့ အင်ဆူလင်ဟော်မုန်းအတွက်ကိုရော ထူးခြားတိုးတက်မှုမရှိဘူးဆိုပဲ။
ဒီဃ ။ ။ အေးဗျာ- အားဆေးစားရမလား ခဏခဏမေးတဲ့ သူတွေကို လက်လတ်ဆတ်ဆတ် အစားအစာတွေနဲ့ သစ်သီး၊ ဟင်းရွက်၊ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးဆိုတာ အချိန်မရွေး အာဟာရဓာတ်ပြည့်၀လို့ ဒါတွေ မှန်မှန်ချက်စားကြဖို့သာလိုကြောင်း အားပေးရပေလိမ့်မယ်။
ဇီ၀ ။ ။ နောက်တစ်ခုက သွေးတိုးရောဂါရှိရင် ဒါကြောင့် သစ်သီးတွေစားဖို့ အားပေးတာပေါ့ဗျာ။ Mg က သွေးမတိုးစေဘူး။ သွေးတိုးသမားတွေမှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်စေတယ်။ ဥပမာ - သွေးတိုးလူနာတစ်ဦးဟာ Mg တစ်နေ့ 450 မီလီဂရမ်ရအောင် မှန်မှန်စားပေးပါက အပေါ်သွေးရော၊ အောက်သွေးပါ သိသိသာသာ ကျစေသတဲ့ဗျာ။
ဒီဃ ။ ။ အေးဗျာ- ဒီလိုဆိုတော့လည်း မဂ္ဂနီဆီယမ်ဓာတ်ဆားဟာ လူသားတွေအတွက် အတော်အကျိုးပြုတာပဲ။
ဇီ၀ ။ ။ အမလေး- ဒါ့အပြင် ကောင်းတာတွေရှိသေးဗျ။ အရောင်အရမ်းလျော့တာတို့၊ ခေါင်းတစ်ခြမ်းကိုက်တာ သက်သာတာတို့၊ အမျိုးသမီးတွေ ရာသီသွေးဆင်းခါနီး စိတ်ပျံ့လွင့်တာ၊ ဗိုက်နာတာ၊ စိတ်ကသိကအောက်ဖြစ်တာ၊ ပင်ပန်းတာတို့ လျော့နည်း စေသတဲ့။
ဒီဃ ။ ။ အေးဗျာ- ဒီလောက် အသုံး၀င်လှတဲ့ မဂ္ဂနီဆီယမ် Mg ကို လုံလုံလောက်လောက် စားချင်လာပြီ။ ဘယ်လိုအသီးအရွက် တွေမှာ ကြွယ်၀စွာပါကြောင်း အသီးအနှံအရွက်တွေရဲ့ နာမည်အတိအကျလေး ပြောပေးပါဦးဗျာ။
ဇီ၀ ။ ။ ကဲ- Mg ဓာတ်ဆားအကောင်းဆုံးရရှိနိုင်မယ့် အစားအစာတွေကတော့ -
1. ရွှေဖရုံစေ့ (လက်ဖက်ရည်ပန်းကန်တစ်ခွက်ရဲ့ 4 ပုံ 1 ပုံခန့် ရွှေဖရုံစေ့= 16 ဂရမ်) မှာ တစ်နေ့လိုအပ်တဲ့ Mg ရဲ့ 46 ရာခိုင်နှုန်း ပါတယ်။
2. ရေနွေးဖျောပြီး ဟင်းနုနယ်ရွက် လက်ဖက်ရည်ခွက် တစ်ခွက်စာ (180 ဂရမ်) မှာ တစ်နေ့တာ လိုအပ်တဲ့ Mg ရဲ့ 39 ရာခိုင်နှုန်း ပါသတဲ့။
3. Dark Chocolate (ကိုကာ 70 မှ 85 ရာခိုင်နှုန်း) ချောကလက်ခါးခါး (100 ဂရမ်) 3.5 အောင်စမှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 33 ရာခိုင်နှုန်းပါသတဲ့။
4. အမည်းရောင်ပဲ (Black Beans) 172 ဂရမ် = လက်ဖက်ရည် ပန်းကန်တစ်ခွက်မှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 30 ရာခိုင်နှုန်းပါသတဲ့။
5. အယ်လ်မွန်စေ့ (24 ဂရမ် = လက်ဖက်ရည်ပန်းကန်ရဲ့ 4 ပုံ 1 ပုံ) မှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 25 ရာခိုင်နှုန်း ပါသတဲ့။
6. သီဟိုဠ်စေ့ (30 ဂရမ် = လက်ဖက်ရည်ပန်းကန်ရဲ့ 4 ပုံ 1 ပုံ)မှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 19 ရာခိုင်နှုန်းပါသတဲ့။
7. ငါးကွန်းရှပ်ငါး (100 ဂရမ် = 3.5 အောင်စ) မှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 19 ရာခိုင်နှုန်းပါသတဲ့။
8. ဆော်လမွန်ငါး (100 ဂရမ် = 3.5 အောင်စ) မှာ တစ်နေ့တာ လိုအပ်တဲ့ Mg ရဲ့ 9 ရာခိုင်နှုန်းပါသတဲ့။
9. ထောပတ်သီး (200 ဂရမ် = အလတ်အရွယ်တစ်လုံး) မှာ တစ်နေ့တာလိုအပ်တဲ့ Mg ရဲ့ 15 ရာခိုင်နှုန်းပါသတဲ့။
ဒီဃ ။ ။ အေးဗျာ- ဒီလိုပြောပြတော့လည်း ဘယ်လောက်စားရင် ဘယ်လောက်ရမယ်ဆိုတာ သိသွားတာမို့ ကျေးဇူးတင် လိုက်တာဗျာ။ ဒါနဲ့ ကျန်းမာရေးမကောင်းတဲ့ လူနာတွေ အစားလည်း မစားနိုင်ချိန်မှာ Mg အားဆေး စားမှသာ ဖြစ်မှာပေါ့နော်။
ဇီ၀ ။ ။ သက်ရှည်ကျန်းမာစေဖို့ လုံလောက်တဲ့ Mg ပမာဏကို ရအောင်လုပ်ထားရမှာပေါ့လေ။ Mg ကြွယ်၀တဲ့ အစားအစာတွေ စားမလား၊ ဒါမှမဟုတ် Mg ပါတဲ့ အားဆေးပြားတွေ သောက်ရမလားဆိုတာ ကိုယ့်ဆရာ၀န်နဲ့ ကိုယ်တိုင်ပင်ပြီးလုပ်ပေါ့။ အရည်အသွေးပြည့်၀တဲ့ အားဆေးကိုရှာပြီး ၀ယ်ပေါ့ဗျာ။
ဒီဃ ။ ။ အားဆေးထဲမှာ Mg ကို ဘယ်လိုရေးထားလေ့ရှိလဲဗျာ။
ဇီ၀ ။ ။ Magnesium Citrate မဂ္ဂနီဆီယမ် ဆီးထရိတ်၊ Magnesium Glycinate မဂ္ဂနီဆီယမ် ဂလိုင်စင်နိတ်၊ Magnesium Orotate မဂ္ဂနီဆီယမ်အိုရိုတိတ်၊ Magnesium Carbonate မဂ္ဂနီဆီယမ်ကာဗွန်နိတ်လို့ ရေးလေ့ရှိကြောင်း ပြောရင်းနိဂုံးချုပ်ကြစို့ဗျာ။
Credit: ဒေါက်ထွေး (ဆေး/မန်း)
Health Digest Journal
Vol: 13, No: 33, 25-5-2016





























