/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မအေးတဲ့ရေခဲ

မအေးတဲ့ရေခဲ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးဌေးအောင်

        နွေရာသီရင်ပူပူမှာ ရေခဲရေ အေးအေးလေးသောက်လိုက်ရရင် အမောပြေသွားတတ်ကြပါတယ်။ ဒါပေမယ့် အမောမပြေတဲ့ ရေခဲဆိုတာလည်း ရှိတတ်ပါတယ်။ အဲဒီရေခဲနဲ့ ပတ်သက်နိုင်တဲ့ လူငယ်တွေ၊ လူလတ်ပိုင်းတွေအတွက် သိသင့်တာတွေသိစေဖို့နဲ့ သူတို့ကို ပဲ့ပြင်ဆုံးမ၊ ထိန်းသိမ်းပေးကြရမယ့် လူကြီးတွေလည်း သိထားနိုင်ဖို့အတွက် မအေးတဲ့ရေခဲအကြောင်းကို ဒီတစ်ပတ်ဖွင့်ချပါရစေ။

 

          နာမည်က “ICE” ဆိုတော့ ရေခဲပေါ့။ စားရတဲ့ ရေခဲတော့မဟုတ်ပါဘူး။ ရှူတဲ့၊ ထိုးတဲ့ “ရေခဲ” ပါ။ “ယာဘ” “ယာမ” လိုစိတ်ကြွဆေးတစ်မျိုးပါပဲ။ ယာမထက် ပိုပြီးပြင်းတယ်၊ အစွမ်းထက်တယ်။ ကမ်ဘာပေါ်မှာပေါ်နေတာ ဆယ်စု နှစ်နဲ့ချီပြီးရှိနေပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အတွေ့များလာတာက ဒီဘက်နှစ်တွေမှပါ။ Methamphetamine လို့ ဓာတုဗေဒအမည်ပေါက်ပါတယ်။ အဖြူရောင်၊ ဒါမှမဟုတ် ညိုညစ်ညစ်အရောင် အစိုင်အခဲလေးတွေပါ။ ခရစ်စတယ် ပုံစံလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ သူ့ပုံစံက ရေခဲတုံးသေးသေးလေးတွေနဲ့တူတော့ “ICE” ရေခဲဆိုပြီး အမည်တွင်ပါတယ်။

 

          “ICE” ရေခဲကို မီးရှို့ပြီး ရှူသွင်း၍ဖြစ်စေ၊ ဆေးထိုးအပ်နဲ့ အကြောထဲထိုးသွင်း၍ဖြစ်စေ သုံးစွဲလိုက်ပြီဆိုရင် သုံးစွဲပြီး ချက်ချင်းဆိုသလို အာနိသင်ပြပါတယ်။ 10 စက္ကန့်လောက်တောင် မကြာဘူးဆိုတော့ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက်မကွေးခင်၊ ထိုးတဲ့အပ် မနုတ်ခင်မှာ အာနိသင်ပြတာပါ။ အစာထဲ၊ ရေထဲမှာထည့်သုံးခဲ့လို့ အစာလမ်းကြောင်းထဲကတစ်ဆင့် စုပ်ယူရရင်တော့ 15 မိနစ်ကနေ နာရီ၀က် လောက်ကြာမှာ အာနိသင်ပြတတ်ပါတယ်။

 

          သုံးစွဲပြီးရင် ခံစားရတဲ့ ခံစားမှုတွေက လူပုဂ္ဂိုလ်တစ်ဦးချင်းစီးအတွက် တစ်မျိုးစီကွဲပြားတတ်ပါတယ်။ အများစုတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့ပျော်သလို၊ ကျေနပ်နှစ်သိမ့်သလို ခံစားရပါတယ်။ ယုံကြည်မှုတွေ တက်လာတယ်၊ နိုးနိုးကြားကြားဖြစ်နေမယ်၊ အားသစ် အင်သစ်တွေရလာသလို ရှိလာမယ်၊ လိင်ကိစ္စတွေမှာ ပိုမိုစွမ်းဆောင်နိုင်လာတတ်တယ်။ အဲဒီအချိန်မျိုးမှာဆိုရင် သူငယ်အိမ်ကျယ်နေမယ်၊ အာခြောက်နေ မယ်၊ သွေးပေါက်တက်နေမယ်၊ နှလုံးခုန်နှုန်းနဲ့ အသက်ရှူမြန်နေမယ်၊ သွားတွေကြိတ်၊ ချေွးတွေပြန်နေပြီး အစာစားဖို့ကိုလည်း ခံတွင်းမလိုက်ဖြစ်နေတတ်ပါတယ်။

 

          လက်တည့်စမ်းပြီးသုံးရာကနေ ဖြစ်စေ၊ အားအင်တွေလို်ချင်လို့ဖြစ်စေ “ICE” ကို သုံးတတ်ကြပါတယ်။ ပြဿ နာက သုံးရင်းသုံးရင်းနဲ့ စွဲသွားပြီး “ICE” မရှိရင် ဘာမှမလုပ်နိုင်တော့ရုံမက၊ “ICE” မသုံးခင်က မူလအခြေအနေ ကိုတောင် ပြန်မရတော့ဘဲ စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကတွေများပြီး ဂဏှာမငြိမ်ဖြစ်တာတွေ ခံစားရတာပါပဲ။ ဆေးသုံးတာက တစ်ရက်တည်းပေမယ့် ဆေးသောက်ပြီး တစ်ပတ်လောက်အထိ အိပ်မရဖြစ်နေ တတ်တာပါဘဲ။ အခန့်မသင့်ရင် သံသယတွေပွားပြီး ပြဿနာရှာ တတ်ပါတယ်။ ရိုက်တော့မယ်၊ သတ်တော့မယ်၊ သေတော့မယ် …. စသည်ဖြင့်ပေါ့။ ရန်ရှာတဲ့ အသံတွေ၊ လူတွေကိုကြားရ၊ မြင်ရတတ်ပါတယ်။ နဂိုဗီဇက ခပ်ထန်ထန်ဆိုရင် ပိုဆိုးပြီး ခိုက်ရန်ဒေါသဖြစ်တာ၊ ရာဇ၀တ်မှုတွေ ကျူးလွန်တာတွေအထိဖြစ်လာတတ်ပါတယ်။

 

          ရေရှည်သုံးစွဲသူတွေမှာဆိုရင်တော့ ခံတွင်းပျက်ပြီး၊ အစာအသောက်မမှန်တာကြောင့် ကိုယ်အလေးချိန် ကျလာမယ်၊ အိပ်ရင်ဂဏှာမငြိမ်ဘူး၊ ခဏခဏ အအေးမိတတ်တာ၊ တစ်ခုခုကို အာရုံစိုက်လုပ်လို့ မရတာ၊ အသက်ရှူမ၀တာ၊ ကြွက်သားတွေ တောင့်တင်းနေတာတွေကိုပါ တွေ့ရတတ်ပါတယ်။ စိုးရိမ်သောကစိတ်တွေ ပိုများလာတာ၊ သံသယစိတ်တွေများလာတာ၊ စိတ်ဓာတ်ကျတာတွေကိုလည်း ဆက်ပြီး တွေ့ရဦးမှာပါ။ မူးယစ်ဆေးတွေရဲ့ သဘာ၀အတိုင်း ပမာဏတိုးတိုးပြီး သုံးစွဲရတာ၊ အကြိမ်အရေအတွက် ပိုလာတတ်တာတွေကလည်း သုံးစွဲတာကြာလာတာနဲ့အမျှ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း ဒီလိုသုံးစွဲရလို့ သုံးစွဲသူရဲ့ အလုပ်ခွင်မှာ၊ စီးပွားရေး ကိစ္စတွေနဲ့၊ လူမှုရေးကိစ္စတွေမှာ အဆင်မပြေမှုတွေ တွေ့လာရတတ်ကြ ပါတယ်။

 

          ဒီလိုဒုက္ခတွေ ခံစားလာရချိန်မှာ သုံးစွဲသူတွေကိုယ်၌က ဖြတ်ဖို့ကြိုးစားလာတတ်ကြပါတယ်။ ဒါပေမယ့် ဖြတ်တာနဲ့သုံးစွဲချင်စိတ်ကပြန်ပေါ်၊ ဂဏှာမငြိမ်ဖြစ်၊ ဆတ်ဆတ်ထိ မခံစိတ်နဲ့ ပြဿနာတွေတက်၊ ကိုယ်လက်တွေကကိုက်၊ အားကုန်သလိုဖြစ်၊ ဘာမှမလုပ်ချင်မကိုင်ချင်၊ အိပ်လို့ကလည်းမရ၊ ရှားရှားပါးပါးအိပ်လည်း အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုး၊ စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကဖြစ်တာတွေကလည်း ပိုပိုဆိုးလာတာနဲ့ နောက်ဆုံး အရှုံးပေးပြီး ပြန်သုံးမိ၊ ဒီလိုနဲ့ပဲ သံသရာလည်နေတတ်ကြပါတယ်။

 

          ဖြစ်ချင်လို့ပဲဖြစ်ဖြစ်၊ ရှာမရလို့ အစားထိုးတာပဲဖြစ်ဖြစ် အိပ်ဆေးတွေထိုးတာ၊ သောက်တာ၊ အရက်သောက်တာတွေကိုလည်း လုပ်မိတတ်ကြပါတယ်။ ပြဿနာက ICE ဟာ ဒိုင်ယာဇီပန်လိုမျိုး ဦးနှောက်နဲ့ အာရုံကြောကို လေးစေတဲ့ အိပ်ဆေးတွေနဲ့တွဲသုံးမိရင် ICE ရဲ့ အာနိသင်က သိပ်မပြတော့တတ်တာပါ။ ဒီတော့ ဒိုင်ယာဇီပန်တို့၊ အရက်တို့ သုံးထားပြီးမှ စိတ်ကမပြတ်လို့ ICE ပြန်သုံးရင် နဂိုသုံးသလောက်နဲ့ မလောက်တော့တာမို့ တိုးတိုးပြီးတင်ရတတ်ပါတယ်။ ဒီလိုတိုးပြီးတင်ရင်းနဲ့ “ဆေးလွန်”  သွားတတ်ကြပါတယ်။ ဒီကိစ္စမှာ ကြွေလွင့်ခဲ့ကြတဲ့ အနုပညာရှင်တွေက သက်သေတွေပါပဲ။

 

          ဆေးလွန်ရင် ရင်တွေခုန်ပြီး နှလုံးအောင့် (ရင်ဘတ်အောင့်) တတ်ပါတယ်။ အသက်ရှူရတာ ကျပ်တယ်၊ မောမယ်၊ တက်တတ်တယ်၊ ကယောက်ကတမ်းဖြစ်နေမယ်၊ ရုတ်တရက်ခေါင်းကိုက်လာမယ်၊ သတိလစ်ချင်သလိုလိုဖြစ်မယ်၊ သတိလစ်မယ်၊ လေဖြတ်ချင်သလိုလိုဖြစ်မယ်၊ နောက်ဆုံးအသက်ပါ ဆုံးရှုံးနိုင်ပါတယ်။

 

          ဒီလောက်ဒုက္ခတွေ ပေးနိုင်တဲ့ ICE ကို စွဲမိရင် ဖြတ်လို့မရဘူးလား၊ ကုလို့မရဘူးလား ဆိုတော့ ဖြတ်လို့ရ ပါတယ်၊ ကုလို့ရပါတယ်။ ကာယကံရှင်အများစုကလည်း ဖြတ်ချင်၊ ကုသခံချင်ကြပါတယ်။ ဒါကို မိသားစုတွေ၊ အပေါင်းအသင်းတွေက နားလည်ပေးဖို့လိုပါတယ်။ ဖြတ်ရင်း၊ ပြန်စွဲရင်းနဲ့ သံသရာလည်နေတာတွေ ကို တွေ့ဖန်များတော့ ဖြတ်ချင်တယ်ဆိုတာကို မယုံတတ်ကြတော့လို့ပါ။ ဒီတစ်ခါဖြတ်တာ 14-5 ရက်နှင့် ပြန်စွဲခဲ့ရင်တောင် နောက်တစ်ခါကျရင် ရက် 20 လောက်ဖြတ်ဖို့ ရည်မှန်းချက်ထားပါ။ တစ်ခါတည်းနဲ့ တစ်သက်လုံး ပြန်မသုံးတော့ဘူးဆိုပြီး မျှော်လင့်ချက်မထားပါနဲ့။ ရည်မှန်းထားသလိုဖြစ်မလာရင် စိတ်ဓာတ်ကျတာဟာ ကာယကံရှင်သာမက သူ့မိသားစုအသိုင်းအ၀ိုင်း အတွက်ပါ ဖြစ်တတ်လို့ပါ။ လှေကားဆိုတာ တစ်ထစ်ချင်းတက် ရပါတယ်။ လောကြီးပြီး အဆင့်ကျော်တက် ရင်ချော်ကျတတ်ပါတယ်။ ဒဏ်ရာလည်း ရတတ်တယ်၊ နောက်တစ်ခါ တက်ဖို့လည်း မရဲဘဲဖြစ်တတ်ပါတယ်။

 

          တကယ်တမ်းဖြတ်ပြီဆိုရင် ဘိန်းဖြူဖြတ်သလို မခံမရပ်နိုင်အောင် နှာရည်တွေ တရွှဲရွှဲနဲ့ အော်ဟစ်နေလောက်အောင် ရုပ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန် ယင်းထတာမျိုးမရှိပါဘူး။ ဆိုးတာကစိတ်ပိုင်းဆိုင်ရာ ယင်းတွေနဲ့ သံသယတွေ၊ လှုံ့ဆော်မဲ့အကြားအမြင်တွေကြောင့် ရလာနိုင်တဲ့ အန္တရာယ်တွေပါ။ အဲဒီအန္တရာယ် တွေရှိနေတတ်တာကိုမသိဘဲ ရင်ဆိုင်ရတော့ ရင်ဆိုင်ရချိန်မှာ ဒုက္ခရောက်ရတာပါ။ ဒီလိုကိစ္စမျိုးမှာ ဒီလိုစိတ်ရောဂါလက္ခဏာတွေ ပေါ်တတ်တယ်၊ ခံစားရတတ်တယ် ဆိုတာကို ကာယကံရှင်ရော သူ့မိသားစုပါ သိထားနှင့်ရပါမယ်။ ဒီလိုသိထားနှင့်တော့ ဖြစ်လာရင်လည်း စောစောရိပ်မိမယ်၊ ဒါမှလမ်းမှန်အောင် ကူညီလမ်းပြနိုင်မှာပါ။

 

          ဆေးတကယ်ပြတ်နေပြီဆိုရင် ခံတွင်းပြန်လိုက်ပြီး။ အစားအသောက်လည်း ပြန်စားကောင်းလာတာမို့ ၀၀ဖြိုးဖြိုး ပြန်ဖြစ်လာပါမယ်။ ဒါဆိုရင် တကယ်ပြတ်နေတယ်လို့ ယူဆနိုင်တာမို့ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် ဂဏှာမငြိမ်တာ၊ စိုးရိမ်သောကများတာတွေကတော့ တဖြည်းဖြည်းမှသက်သာတတ်လို့ လနဲ့ချီပြီး ကုစားရတတ်၊ အားပေးစောင့်ရှောက်ရတတ်ပါတယ်။

 

          ခေတ်ကာလအလျောက် တီထွင်မှုတွေကြောင့် တိုးတက်လာတာတွေရှိသလို ICE လို လောကကို ဒုက္ခပေးဖို့ တီထွင်မိတာတွေလည်း ရှိတတ်ပါတယ်။ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် အကောင်းဆုံးနည်းလမ်းကတော့ အစကတည်းက ရှောင်ဖို့၊ ရှောင်နိုင်တဲ့ ပတ်၀န်းကျင်ကို ဖန်တီးပေးဖို့ပါ။ မရှောင်နိုင်တဲ့ ကိုယ့်မိသားစုထဲထိနေ၊ ငြိနေရင်လည်း သိနိုင်အောင်၊ နည်းပေးလမ်းညွှန်နိုင်အောင်မအေးတဲ့ "ICE" ရေခဲ အကြောင်း တင်ပြလိုက်ရပါတယ်။

 

 

 

Credit; ဒေါက်တာဌေးအောင်

Health Digest Journal

Vol: 12, No: 42

www.drmyanmar.com