/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မိခင်နို့မသောက်ရရှာတဲ့-ကလေး

မိခင်နို့မသောက်ရရှာတဲ့ ကလေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        မီးဖွားပြီးနာရီ၀က်အတွင်းမှာပင် ကလေးငယ်အား မိခင်နို့တိုက်ကျေွးကြဖို့ လှုံ့ဆော်ခဲ့ကြတာ ဆယ်စုနှစ် တွေအတော်လေးကြာခဲ့ပါပြီ။ ဒါတောင် မိခင်တချို့က “ကျွန်မ နို့မထွက်ဘူးဆရာမရဲ့။ ဒါကြောင့် နို့မှုန့်ပဲ တိုက်ရတယ်လို့” ဆိုလာပါတယ်။ မိခင်နို့သာအကောင်းဆုံးနဲ့ စိတ်အချရဆုံးသော အာဟာရဓာတ်ဖြစ်တယ်ဆိုတာ ကလေးမွေးဖူးသူတိုင်း သိနားလည်ကြမှာဖြစ်တယ်။ အလွယ်ဆုံးဖြစ်ပြီး အချိန်မရွေး၊ နေရာမရွေး အမြန်ဆုံးတိုက် ကျေွးနိုင်သလို ကရိကထလည်းလုံး၀မရှိပါ။ ဒါကြောင့် ဘာကြောင့် “နို့မထွက်ရတာလဲ၊ ဘာကြောင့်ကလေး လုံလုံလောက်လောက်မစို့နိုင်အောင် ဖြစ်ရတာလဲဆိုတဲ့အကြောင်း အချက်တွေကို ရှာဖွေဖော်ပြလိုက်ပါတယ်။

 

(1)    မိခင်နို့တွေထွက်လာဖို့ လှုံ့ဆော်ပေးစရာလေးတွေမရှိခဲ့ရင် နို့မထွက်နိုင်ပါ။

        မိခင်တစ်ဦး သားဖွားရာမှာ ကလေးကအချိန်မတိုင်ခင် စောပြီးမီးဖွားခဲ့ရင် ပြဿနာတစ်ခုအဖြစ် ဖြစ်ပေါ်စေ တယ်။ ကလေးက လမစေ့ဘဲ မွေးတဲ့အခါ ကိုယ်အလေးချိန်ကလည်း ပေါင်မပြည့်ဖြစ်တတ်တယ်။ ပုံမှန်က 5 ပေါင်ခွဲရှိရမယ်။ 5 ပေါင်ခွဲအောက် အလေးချိန်နည်းရင် ဥပမာ ၃.၅ ပေါင်၊ ၃ ပေါင်ဆိုပါတော့၊ အဲဒီလို လမစေ့ပေါင် မပြည့်ကလေးငယ်တွေကို ဆေးရုံကြီးတွေမှာတော့ စောင့်ကြပ်ကြည့်ရှုပြုစုပေးလေ့ရှိတယ်။ အဲဒီအခါ မိခင်နဲ့ ကလေးငယ်ကို 2 ပတ်လောက်သီးသန့်ထားလေ့ရှိတော့ မိခင်ရဲ့နို့ထွက်ပေမယ့် ကလေးငယ်က နို့သီးခေါင်းများကို မစုပ်ယူနိုင်ဘူး။ တစ်နည်းအားဖြင့် အဲဒီကာလမှာ မိခင်နို့ထွက်လာအောင် လှုံ့ဆော်ပေးမယ့် ပရိုလက်တင် Prolactin ခေါ် ဟော်မုန်းဟာ ကလေးပါးစပ်လေးဖြင့် မိခင်နို့ကို စုပ်ယူလိုက်မှ ဒီဟော်မုန်းထွက်လာတာပါ။ ကလေးနဲ့အမေခွဲထားတော့ နို့မတိုက်ရတော့တဲ့အတွက် (တချို့ 4 ပေါင်ကျော်ကလေးတွေကို မိခင်နို့စို့စေခြင်းဖြင့်လည်း လှုံ့ဆော်ပေးနိုင်တာရှိတယ်) မိခင်နို့မထုတ်နိုင်ရခြင်းဖြစ်တယ်။ မိခင်တွေအထူးသဖြင့် အိမ်မှာမွေးတဲ့မိခင်တွေမှာတော့ ဒီဒုက္ခမရှိပါဘူး။

 

(2)    မိခင်နို့ကို လုံလောက်အောင်မထုတ်နိုင် သို့မဟုတ် မညှစ်တတ်ရင်လည်း နို့မထွက်ပါ။

        တချို့မိခင်တွေမှာ ဒန့်သလွန်ရွက်ဟင်းချို၊ ဟင်းခါးရည်စသည်တို့များများသောက်နိုင်ပေမယ့် စနစ်တကျ မိခင်နို့ကို ညှစ်မထုတ်တတ်ရင်တော့ “ဟင်းချိုဟင်းခါးသောက်လည်း နို့မထွက်ပါဘူးဆရာမရယ်” လို့ပြန်ကြားရတတ်ပါတယ်။ နို့ထွက်လာအောင် နို့သီးခေါင်းအရင်းနားကပ်ပြီး လက်မနဲ့လက်ညှိုးညှပ်၊ လက်ခလယ်က အောက်နားကပင့်ထားပြီး ညှစ်ထုတ်ပေးရပါတယ်။ ကလေးမီးမဖွားခင် ကိုယ်၀န်ဆောင်စဉ်ကတည်းက နို့သီးခေါင်းလေးတွေပွင့်လာအောင် နေ့စဉ်ရေချိုးတဲ့အခါ သန့်ရှင်းပေးတာတို့၊ ညှစ်တဲ့အကျင့်လေးတွေကို စတဲ့အလေ့အကျင့်လေးတွေကို မှန်မှန်ကြိုးစား ၀ီရိယစိုက်လုပ်ပေးဖို့လိုတယ်။ ဒါမှကလေးမွေးလာချိန်မှာ နို့ထွက်အောင် ညှစ်ပေးဖို့ နို့ထွက်လမ်းကြောင်းလေးတွေက အဆင်သင့်ဖြစ်နေမှာဖြစ်တယ်။ မိခင်နို့မှာ ကလေးသောက်လို့ အားနဲ့မိခင်က ထုတ်ပေးရတဲ့ နို့အဆင်ပြေမှ အလုပ်ဖြစ်မှာဖြစ်တယ်။ ခန္ဓာကိုယ်ကမိခင်နို့ပိုများများ ထုတ်လုပ်ပြီး ကလေးသောက် ချင်စို့ချင်သလောက်ထုတ်ပေးနိုင်လေလေ ပေးလိုက်တဲ့မိခင်နို့နေရာမှာ အစားပြန်ရောက်လေလေဖြစ်တယ်။

 

(3)    သောကနဲ့ ပင်ပန်းနွမ်းနယ်မှုတွေရှိလို့လား။

        ကလေးမွေးစနဲ့ မမွေးဖွားခင်ရက်တွေမှာ မိခင်အတွက်စိတ်သောကတွေနည်းနိုင်သမျှ နည်းလေ မိခင်နို့ ထွက်တာလည်းပိုကောင်းလေပါပဲ။ စိတ်ဖိစီးမှုတွေ၊ သောကတွေများရင် မိခင်နို့ကလည်းထွက်တာနည်းသွားမှာ ပါပဲ။ ဒီပြင် မိခင်တစ်ဦးတည်း အကူအညီမဲ့ နေ့ရောညရော ကလေးပြုစုရ၊ အိမ်ထောင့်တာ၀န်ထမ်းရ၊ ၀င်ငွေပါရှာ ရသူဆိုရင်တော့ အလွန်ပင်ပန်းရှာပေလိမ့်မယ်။ အဲဒီအချိန်ကာလမှာ နိုထွက်ကောင်းအောင် ကူညီလှုံ့ဆော်ပေမယ့် ပရိုလက်တင် Prolactin ဟော်မုန်းပမာဏလည်း နည်းပါးကျဆင်းတတ်ပါသေးတယ်။ အဲဒီအခါ မိခင်နို့ လုံလုံလောက်လောက်မထုတ်ပေးနိုင်တော့ရှာပါ။ သားဦးမိခင်ဖြစ်နေရင် ပိုပြီးစိတ်ဒုက္ခများတတ်တယ်။ တချို့ဆို မီးတွင်းမှာပင် စိတ်ကျတဲ့ပြဿနာပါ ထပ်၀င်လာတတ်သေးတာမို့ အိမ်ထောင်ဦးစီးအမျိုးသားများက ကူညီစောင့်ရှောက်ပေးဖို့လိုပါတယ်။

          ဒါပေမယ့် ကံကောင်းထောက်မစွာပင် အဲဒီလိုနို့မထွက်လို့ ကလေးငယ်တွေနို့မ၀ဖြစ်ရတဲ့ပြဿနာဟာ မိခင် 100 ဦးမှာ 2 ဦးသာရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီလိုအခြေအနေမျိုးမဖြစ်ရလေအောင် စိတ်ဓာတ် ခွန်အားမြှင့်တင်ထားဖို့လိုတယ်။ မိမိကလေးငယ် မိခင်နို့လုံလုံလောက်လောက်မရရင်၊ နို့မှုန့်ကူရရင် ၀မ်းပျက်၀မ်းလျှောနဲ့ ကူးစက်ရောဂါတွေ သတိထားရတော့မှာဖြစ်တယ်။

 

 

Credit; ဒေါက်တာရည်ညွှန့်မေ

Health Digest Journal