/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မီးဖိုချောင်သန့်ရှင်းဖို့

မီးဖိုချောင်သန့်ရှင်းဖို့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ဖျားကြနာကြတဲ့အခါ “ဖျားမှာပေါ့၊ ရေချိုးတာကြာတာကိုး၊ ဒါမှမဟုတ် မိုးမိသွားလို့ဟေ့” စသည်ဖြင့် အအေးမိတာကိုပဲ သတိထားမိပေမယ့် မိမိကိုယ်ပိုင်အိမ်တွင်းမှ ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ခန်း၊ ဧည့်ခန်းစတဲ့ အဆောက်အဦအတွင်း သန့်ရှင်းမှုကိုတော့ မေ့လျော့နေတတ်ပါတယ်။ “အိမ်ခန်း၊ ဧည့်ခန်းကို အမြဲသန့်ရှင်းအောင် လှဲကျင်းတာပါနော်”လို့ပြောနိုင်ပေမယ့် အိမ်နောက်ဖေးမီးဖိုချောင်ဟာလည်း ပိုးတွေအများစု စုေ၀းပေါက်ပွားနိုင်တဲ့ နေရာဖြစ်တယ်ဆိုတာလည်း သတိထားသင့်ပါတယ်။

 

          ဘာဖြစ်လို့လဲဆိုတော့ ဈေးက ပြန်လာလို့ ဆွဲခြင်းလေးချလိုက်ပြီးတာနဲ့ ခြင်းထဲကအသား၊ ငါး၊ ဟင်းရွက်တွေ၊ အသီးတွေစတဲ့ မီးဖိုချောင်တွင်းချက်ပြုတ်ကြတော့မယ့်ပစ္စည်းတွေကို ထမင်းစားပွဲပေါ် ဒါမှမဟုတ် မီးဖိုချောင် မျက်နှာပြင် အုတ်ခုံကျောက်ပြားပေါ် ဒါမှမဟုတ် လက်ဆေးကန် စသည့်နေရာတွေမှာ တင်ထား၊ ချထားတတ်ပါတယ်။ ဒါမှမဟုတ်လည်း ရေခဲသေတ္တာထဲ သိမ်းထားရမယ့်အသား၊ ငါး၊ ဟင်းရွက် စသည်တို့ကို သိမ်းတန် သိမ်းရပါတယ်။ ဈေးထဲက ခုတ်ထစ်ပေးတဲ့ အသား၊ ငါးဆိုရင် ဆေးကြောပြီး တိုက်ရိုက်ရေခဲသေတ္တာထဲ ပလတ်စတစ်ဘူးလေးတွေနဲ့ သိမ်းဆည်းကြရပါတယ်။ ဒါမှမဟုတ်ရင်လည်း စဉ်းတီတုံးနဲ့ပြန်ပြီး တုံးကြ ထစ်ကြရပါတယ်။ အဲဒီအချက်တွေကိုကြည့်ရင် မီးဖိုချောင်ပစ္စည်းတွေဖြစ်တဲ့ စဉ်းတီတုံး၊ ထမင်းစားပွဲ၊ မီးဖိုတင်ကျောက်ပြား၊ ဓား ၊ ရေခဲ သေတ္တာစတဲ့နေရာတွေမှာ မသန့်ရှင်းပါက ပိုးတွေဘယ်လောက်ပေါက်ပွား ကြမလဲဆိုတာ ခန့်မှန်းကြည့်နိုင်ပါတယ်။

 

        အိပ်ခန်း၊ ဧည့်ခန်း၊ ရေချိုးခန်းတို့ကို သန့်ရှင်းရေးလုပ်ပေးသလို မီးဖိုချောင်က ရှေ့မှာဖော်ပြခဲ့ တဲ့ နေရာတွေကိုလည်း သန့်ရှင်းဆေးကြောပေးဖို့ကလည်း အထူးပဲအရေးကြီးပါတယ်။ ထမင်းစားပွဲမျက်နှာပြင် သန့်ရှင်းမှသာ အနာရောဂါကင်းေ၀းစေနိုင်မှာဖြစ်ပါတယ်။ အနာရောဂါကင်းမှလည်း အဖျားအနာ နည်းမှာဖြစ်တယ်။

 

         နောက်တစ်ခုသတိမထားမိကြတာကတော့ ပန်းကန်၊ ခွက်ယောက်၊ ဒန်အိုး ဒန်ခွက်တွေကို ဆေးကြောရာမှာ သုံးလေ့ရှိတဲ့ ရေမြှုပ်ပါပဲ။ အိုးတိုက်ခွက်တိုက်လည်း ဒီရေမြှုပ်ကိုပဲ သုံးလေ့ရှိတော့ ရေမြှုပ်လေးဟာ ပါးပါးလာသလို ရေမြှုပ်ကိုသုံးပြီးရင် ရေစက်လက်နဲ့ထားခဲ့တော့ အမြဲတမ်းစွတ်စိုနေလေ့ရှိပါတယ်။ မှောင်မဲစိုထိုင်းနေတဲ့ ပတ်၀န်းကျင်မှာ မှိုတက်တာ ဒါမှမဟုတ် ဗက်တီးရီးယားပိုးတွေ ပွားတာဘယ်လောက်များမလဲဆိုတာ စဉ်စားကြည့်လိုက်ပါ။ သန့်ရှင်းစေလို့ ဆပ်ပြာနဲ့ ပွတ်တိုက်ဆေးရတဲ့ ရေမြှုပ်ဟာအန္တရာယ်ပြန်ဖြစ် လာတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ရေမြှုပ်ကို သုံးလို့ပြီးရင် ရေညှစ်ချ၊ ခြောက်သွေ့အောင် ထားပေးပါ။ ဒါမှမဟုတ် အသစ်တစ်ခု လဲလှယ်ပြီးသုံးဖို့ မနှမြောပါနှင့်။

 

        နောက်တစ်ဖန် အိုးတိုက်လည်း ဒီရေမြှုပ်၊ လက်ဆေးကန်သန့်ရှင်းရေးလုပ်တော့လည်း ဒီရေမြှုပ်၊ ဓားကို အသား၊ ငါး က သွေးတွေပေလို့ ဆေးတော့လည်း ဒီရေမြှုပ်၊ ထမင်းစားပွဲသုတ်တော့လည်း ဒီရေမြှုပ်မို့ မျက်နှာပြင် တစ်ခုကနေ အခြားမျက်နှာပြင်တစ်ခုစီ ပြောင်းပြောင်းပြီးသုံးသွားတဲ့အခါ မျက်နှာပြင်တစ်ခုမှာရှိနေတဲ့ ဗက်တီးရီးယားပိုးတွေဟာ အခြားမျက်နှာပြင်တစ်ခုဆီသို့ ရွှေ့ပေးလိုက် သလိုဖြစ်စေပါတယ်။

 

         ဗက်တီးရီးယားပိုးဆိုတာဟာ ဆပ်ပြာလေးတိုက်ပေးရုံဖြင့် မသေနိုင်ပါ။ ဆီချိုးတွေပေရေနေတဲ့ ဇွန်းတွေ၊ ခက်ရင်းတွေကို ဆေးကြောတဲ့အခါ ရေနွေးဆူဆူထဲမှာ ဆေးပေးဖို့လည်းလိုအပ်တယ်။ တစ်ဖန် ၎င်းပန်းကန်ခွက် ယောက်တွေကို ခြောက်အောင်သုတ်ပေးရာမှာလည်း သုတ်တဲ့အ၀တ်က သန့်ရှင်းခြောက်သွေ့ဖို့လိုတယ်။ တစ်ခါ သုံးတစ်ရှူးတွေသုံးပြန်တော့လည်း တစ်ခါသုံးတစ်ရွက်ဆို အကုန်အကျများပြန်တယ်။ ဒါကြောင့် လက်သုတ်တဲ့ အ၀တ်တွေ (လက်သုတ်ပဝါတွေ)၊ ပန်းကန်ခွက်ယောက်သုတ်တဲ့ အ၀တ်တွေကိုလည်း သန့်ရှင်းအောင် အမြဲလျှော် ဖွတ်ပေးဖို့လိုပါတယ်။

 

         ထမင်းစားပွဲမျက်နှာပြင်တွေ၊ မီးဖိုချောင်ကျောက်ပြားတွေကို ဆပ်ပြာရည်ဖြင့် ဆေးကြော ပွတ်တိုက်ရေဆေးချကာ အမြဲသန့်ရှင်းဖို့လိုတယ်။ ထမင်းစားပွဲကိုတော့ 10 ရာခိုင်နှုန်း ဗီနီကာရည်ဖြင့် လောင်း၍ စက္ကန့် 30 မှ 60  (1 ​မိနစ်ခန့်)ထားပြီးမှ ခြောက်အောင်ပြန်သုတ်ပါ။ ထို့အတူပဲ လက်ကိုင်အိတ်၊ လက်ဆွဲအိတ်၊ ထမင်းချိုင့်၊ လေအေးပေးစက်၊ တီဗီ Remote Control၊ သော့၊ သော့ချိတ်တွေ၊ လျှပ်စစ်ပစ္စည်းတွေဖြစ်တဲ့ ပေါင်မုန့် မီးကင်စက်၊ ရေနွေးကျိုစက်၊ ထမင်းပေါင်းအိုး၊ ရေခဲသေတ္တာလက်ကိုင်နှင့် မျက်နှာပြင်များ (အတွင်းအပြင်) စသည်တို့ကိုလည်း အမြဲသန့်ရှင်းပေးဖို့လိုတယ်။ ၎င်းပစ္စည်းတွေမှာလည်း ဗက်တီးရီးယားပိုးတွေရှိနေနိုင်တာမို့ ၎င်းတို့ကူးစက်ခံရပါက လူဟာဖားနာနိုင်တာပဲမို့ အိမ်တွင်းမီးဖိုချောင်နှင့် အခြားနေရာများမှ ပစ္စည်းတွေအားလုံးကိုလည်း သန့်စင်ပေးဖို့ လိုပါတယ်။

 

 

Credit; ဒေါက်တာ ရည်ညွှန့်မေ

Health Digest Journal