မုန့်ချိုအိတ်ကင်ဆာခွဲစိတ်ပြီးနောက် ပြန်ဖြစ်ခြင်း
ဆရာခင်ဗျား
ကျွန်တော့်အမည် ဦးသောင်းပါ။ မုန့်ချိုအိတ်ကင်ဆာလူနာတစ်ဦးဖြစ်ပါတယ်။ ကင်ဆာစဖြစ်ခါစမှာ သိခဲ့လို့ ဘန်ကောက်မှာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီး Gemcitabine အမည်ရ ကင်ဆာဆေးတစ်မျိုးနဲ့ ဆက်လက်ကုသ ခံခဲ့ပါတယ်။ CA 19.9 ဆိုတဲ့ မုန့်ချိုအိတ်ကင်ဆာမှာ တက်လေ့ရှိတဲ့ Tumor marker ဟာ မခွဲစိတ်ခင်က သုံးထောင်ကျော်ရှိခဲ့ရာက ခွဲစိတ်ပြီးတော့ တစ်ရာအောက်ထိကျသွားခဲ့ပါတယ်ဆရာ။ အခုကင်ဆာဆေးသွင်းတာ ခြောက်ကြိမ်ပြည့်ပါပြီ။ CA 19.9 ဟာ ကင်ဆာဆေးသုံးကြိမ်မြောက်ကစလို့ တဖြည်းဖြည်း ပြန်တက်လာလိုက်တာဟာ အခုဆို 300 ကျော် အထိပြန်ဖြစ်လာပါပြီဆရာ။ ဘန်ကောက်က ကင်ဆာဆရာ၀န်ကြီးကတော့ ကင်ဆာဆေးလေးကြိမ်မြောက်သွင်းပြီးတုန်းက ကွန်ပျူတာ ဓာတ်မှန်ပြန်ရိုက်ခိုင်းပြီးတော့ အဖြေကောင်းတယ်ပြောပါတယ်ဆရာ။ အခု ကျွန်တော် နေလည်းကောင်းပါ တယ်။ CA 19.9 တက်လာတာကလွဲပြီး တခြားဘာမှ ပြဿနာမရှိပါဘူး ဆရာ။ အခုလက်ရှိအခြေအနေမှာ ကျွန်တော့်အတွက် ဘယ်လိုအန္တရာယ်တွေရှိလာနိုင်မလဲ။ ဘာဆက်လုပ်သင့်သလဲသိချင်ပါတယ် ဆရာ။ နောက်တစ်ခုက မုန့်ချိုအိတ်ကင်ဆာဖြစ်ပြီးမှ ကျွန်တော့်မှာ ဆီးချိုဖြစ်လာလို့ အခုဆို အင်ဆူလင် ထိုးနေရတဲ့အဆင့် ရောက်နေပါပြီဆရာ။ ဒါကရော ဘယ်လိုကြောင့်ပါလဲ၊ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ အကြံပေးပါခင်ဗျား ။
ဦးသောင်းရဲ့ မုန့်ချိုအိတ်ကင်ဆာ (Pancreas Cancer) ဟ ကင်ဆာကျိတ်ကို ခွဲစိတ်ထုတ်ပစ်လို့ရနိုင်တဲ့ အဆင့်မှာ သိရှိခဲ့တာဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း CA 19.9 သိသိသာသာကိုပဲ ကျဆင်းသွားခဲ့တာပါ။ ပြီးတော့ ဦးသောင်းရဲ့ အီးမေးလ်ထဲမှာ Whipple operation ဆိုတဲ့ မုန့်ချိုအိတ်ခွဲစိတ်မှုပြုလုပ်ထားတယ်ဆိုတာ တွေ့ရပါတယ်။ အဲသလို ခွဲစိတ်မှုမျိုးဟာ မုန့်ချိုအိတ်ကင်ဆာကို R0 ခေါ်တဲ့ အကုန်အစင်ရှင်းထုတ်ပစ်နိုင်တဲ့ အဆင့်ထိ မျှော်မှန်းသော ခွဲစိတ်မှုမျိုးဖြစ်ပါတယ်။ ကင်ဆာအကျိတ်က နှစ်စင်တီမီတာအောက်မှာရှိတယ်၊ ဘေးပတ်၀န်းကျင် က သွေးကြောတွေကိုလည်း ၀င်ရောက်ပျံ့နေတာမျိုးလည်းမရှိဘူးဆိုတဲ့ မုန့်ချိုအိတ်ကင်ဆာများမှာ Whipple operatioin ကို ပြုလုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် အဲသလို ခွဲစိတ်နိုင်တဲ့အဆင့်မှာ မုန့်ချိုအိတ်ကင်ဆာကို သိလိုက်တာဟာလည်း ဦးသောင်းအတွက် ကံကောင်းတဲ့အချက်ပေါ့။
မုန့်ချိုအိတ်ကင်ဆာကို အကုန်အစင်ခွဲစိတ်ထုတ်ပစ်ပြီးတဲ့နောက် အခုဦးသောင်းကို ကုသခဲ့တဲ့ Gemcitabine ဆေးတစ်မျိုးတည်းနဲ့ ဆက်လက်ပြီးဆေးသွင်းကုသရင် မသွင်းတဲ့လူနာများထက် လပေါင်းများစွာ အသက်ပိုရှည်နိုင်ပါတယ်။ အဲဒီဆေးကိုမှမသုံးချင်ရင် 5FU/Leucovorin ဆိုတဲ့ဆေးအတွဲနဲ့ ကုသလို့ရပါတယ်။ ကျွန်တော်တို့ကင်ဆာဆရာ၀န်များအနေနဲ့ Gemcitabine ကို အရင်က နာရီ၀က်အတွင်းမှာ အပြီးသွင်းလေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ ဒီထက်အချိန်ပိုယူပြီးသွင်းမှ ( ဥပမာ - 10mg/m2/min) ဆေး အာနိသင်ပိုရှိမယ်ဆိုတဲ့ သုတေသနတွေရှိလာတဲ့အတွက် ဆေးသွင်းချိန် ကို ပြောင်းလဲပြီးသွင်းလာရတာတွေရှိပါတယ်။
ဦးသောင်းတို့လိုခွဲစိတ်ပြီး ဆေးသွင်းနေတဲ့လူနာတွေမှာ CA 19.9 နဲ့ ကွန်ပျူတာဓာတ်မှန်နှစ်မျိုး နဲ့ စောင့်ကြည့်စစ်ဆေးလေ့ရှိပါတယ်။ သုံးလတစ်ကြိမ်၊ ခြောက်လတစ်ကြိမ်ဆိုသလို ပြန်လည်စစ်ဆေးပြီး 2 နှစ်ပြည့်သည့် တိုင်အောင် စောင့်ကြည့်ရပါတယ်။ 2 နှစ်ကျော်သွားရင်တော့ တစ်နှစ်တစ်ကြိမ်မှသာ စစ်ဆေးလေ့ရှိပါတယ်။ CA 19.9 ပြန်တက်လာရုံနဲ့ မုန့်ချိုအိတ်ကင်ဆာပြန်ဖြစ်လာပြီလို့ ပြောလို့မရသေးပါ။ ကွန်ပျူတာ ဓာတ်မှန် ပြန်ရိုက်၊ လိုအပ်ရင် PET/CT ခေါ်တဲ့ အဆင့်မြင့်ကွန်ပျူတာဓာတ်မှန်ပြန်ရိုက်ပြီး မူလနေရာဟောင်းမှာ ကင်ဆာပြန်ကြွသလား၊ အေ၀းတစ်နေရာမှာ ကင်ဆာပျံ့နေသလား စစ်ဆေးရှာဖွေရဦးမှာဖြစ်ပါတယ်။ မသင်္ကာစရာအဖုအကျိတ် တွေ့လာရင်တော့ မုန့်ချိုအိတ်ကင်ဆာနဲ့ ဆက်စပ်မှုရှိ၊ မရှိ အသားစပြန်ယူရမှာဖြစ်ပါတယ်။ မုန့်ချိုအိတ်ကင်ဆာ သေချာတော့မှ ဘယ်လိုဆက်ကုကြမလဲစဉ်းစားရမှာပါ။
မုန့်ချိုအိတ်ကင်ဆာပြန်ဖြစ်တာသေချာပြီဆိုရင်တော့ ကင်ဆာဆေးသွင်းပြီး ခြောက်လအတွင်းဖြစ်တာဆိုရင် ကင်ဆာဆေးအသစ်၊ နောက်ထပ်တစ်မျိုးနဲ့ပြောင်းပြီးသွင်းရမယ်။ ဆေးကုသမှုယူပြီး ခြောက်လကျော်မှ ပြန်ဖြစ်တာ ဆိုရင်တော့ မူလကင်ဆာဆေး (ဥပမာ ဦးသောင်းမှာဆိုရင် Gemcitabine ဆေး)ကို ပြန်အသုံးပြုလို့ရပါတယ်။ လူနာကတော့ ခံနိုင်ရည်ရှိနေဖို့လိုတာပေါ့။ ခံနိုင်ရည်မရှိတော့ဘူး၊ အားနည်းနေတယ်ဆိုရင် ကင်ဆာဆေးထပ်မသွင်းသေးဘဲ စောင့်ကြည့်ပြီးလိုအပ်တဲ့ ကုသမှုတွေပေးမှာဖြစ်ပါတယ်။ Best Supportive Care လို့ခေါ်ပါတယ်။ ဒါက ဦးသောင်းစိုးရိမ်နေတဲ့ CA 19.9 တက်လာတာနဲ့ပတ်သက်တဲ့အကြောင်းပါ။
မုန့်ချိုအိတ်ကင်ဆာကြောင့် ဆီးချိုရောဂါဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့လူနာတွေ၊ ဆီးချို မျိုးရိုးမရှိတဲ့လူနာတွေ၊ ကိုယ်အလေးချိန်ကျသွားတဲ့ မုန့်ချိုအိတ်လူနာတွေမှာ ဆီးချိုပိုဖြစ်လာတတ်ပါတယ်။ အပြန်အလှန်အားဖြင့် နဂိုကတည်းက ဆီးချိုရှိပြီးသူများမှာလည်း ဆီးချိုရောဂါသက်တမ်း 2 နှစ်မှ 8 နှစ်အတွင်း ရောက်လာတဲ့အခါ မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေပိုများလာကြပါတယ်။ ဆီးချိုလူနာများဟာ အ၀လွန်နေသူတွေ လည်းဖြစ်နေတတ်တာမို့ အ၀လွန်ရောဂါကိုယ်တိုင်ကိုကလည်း မုန့်ချိုအိတ်ကင်ဆာဖြစ်နိုင်ခြေ များတတ်တယ်ဆို တာသတိပြုဖို့လိုပါလိမ့်မယ်။ အင်ဆူလင်ထိုးဆေးနဲ့ Sulfonylureas ဆီးချိုထိန်းဆေးတွေဟာလည်း မုန့်ချိုအိတ် ကင်ဆာဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသနတွေလည်းရှိနေပါတယ်။ ဒီနေရာမှာ ထူးခြားချက်တစ်ခုက ဆီးချိုထိန်း ဆေးတစ်မျိုးဖြစ်တဲ့ Metformin သောက်ဆေးဟာ ဆီးချိုဖြစ်နေတဲ့ မုန့်ချိုအိတ်ကင်ဆာလူနာများအသုံးပြုရင် အသက်ရှည်စေတယ်ဆိုတဲ့ ထင်ရှားသေချာတဲ့ သုတေသနတွေရှိတယ်ဆိုတာပါ။
Metformin ဆေးဟာ မုန့်ချိုအိတ်ကင်ဆာသာမက တခြားသောကင်ဆာများကို မဖြစ်ပွားအောင်ကာကွယ်နိုင်၊ ဖြစ်လာရင်လည်း အသက်ရှည်လာအောင် အာနိသင်ရှိစေနိုင်ပါတယ်။ ဦးသောင်းမှာလည်း ဒီဆေးကို သောက်သုံးနေရလိမ့်မယ်ထင်ပါတယ်။ ဒီလောက်ဆိုရင် ဦးသောင်းသိချင်တာတွေ သိလောက်ပြီလို့ ထင်ပါတယ် ခင်ဗျား။
Credit; ဒေါက်တာ လွှမ်းမိုးဟန်
Health Digest Journal
Vol; 12, No; 16, 14-1-2015





























