မေမေရေ သားကိုချစ်ရင် ဒီအဆိပ်ငွေ့တွေနဲ့ ေ၀းေ၀းနေပေးပါနော်
သမီးလေး ဆောင်းနှင်းမြူ
မျက်လုံးလေးကို မှေးစင်း၊ နှုတ်ခမ်းလေးမှာ မထိတထိလေး၊ တင်ထားတဲ့ စီးကရက်လေးက မီးခိုးငွေ့ဖြူဖြူ အတန်းလေးက မိုးပေါ်ကို တလွင့်လွင့်၊ နှုတ်ခမ်းလေးကို အသာလေးချွန်၊ မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့၀ိုင်း၀ိုင်းလေးက တွန့်တွန့်လိမ်လိမ်လေး မိုးပေါ်ပျံတက်သွားတာ လှမှလှ။ သမီး မြင်ဖူးတယ်ဟုတ်။ သမီးတော့မသိဘူး။ ဦးဦးငယ်ငယ် တုန်းက အဲဒီလိုမြင်ကွင်းလေးတွေကို မြင်တွေ့ရတာနဲ့ကို သူတို့တွေဒီလောက်တောင် မက်မက်မောမောနဲ့ ဇိမ်ခံနေရလောက်အောင် ဘယ်လိုများထူးခြားတဲ့ အရသာလဲလို့ မြည်းစမ်းကြည့်ချင်စိတ်တွေ တဖွားဖွားပေါ်လာခဲ့တော့တယ်။
စီးကရက်ဖြူဖြူလေးကို နှုတ်ခမ်းမှာ အသာတေ့၊ မြင်ခဲ့ဖူးတဲ့ရုပ်ရှင်မင်းသားစတိုင်လ်နဲ့ အားရပါးဖွာရှိုက်၊ အခန်းတံခါးကိုပိတ်ပြီး တစ်ယောက်တည်း ဆေးလိပ်ခိုးသောက်ခဲ့တဲ့ ကလေးဘ၀က အဖြစ်လေးကို ပြန်ပြောင်း သတိရမိသေးတယ်။ ဟိုးအခန်းရဲ့ထိပ်လွတ်နေတဲ့အပေါက်ထဲက မီးခိုးတွေထွက်လာတာကို အိမ်ပေါ်ကို ဆွမ်းတော်ကပ်ဖို့ တက်လာတဲ့ အမေတွေ့သွားလို့ ကောင်းကောင်းကြီး ဆော်ပလော်တီးခံခဲ့ရတာ မမေ့နိုင်စရာပါပဲ။
စတိုင်လ်မိုက်မိုက်နဲ့ စီးကရက်ခဲနေတဲ့ ဟန်ပန်က အားကျအတုယူချင်စရာကောင်းလှတာမို့ အတုမြင် အတတ် သင်ရင်း သောက်မိတဲ့လူတွေကို နောက်မသောက်ရ မနေနိုင်လောက်အောင် စွဲလမ်းယစ်မှုးစေတဲ့အရာ၊ အဲဒီစွဲလမ်းမှုရဲ့ နောက်ကွယ်မှာ ပိုက်ဆံတွေ သုံးဖြုန်းမီးရှို့ပစ်လိုက်သလိုဖြစ်တာ၊ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ်ကင်ဆာ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ အဲဒီနောက်ကနေ သေမင်းတမန်က တိတ်တိတ်ကလေးကပ်ပြီး လိုက်ပါလာတာ သိသိကြီးနဲ့လူတွေဟာ စွဲလမ်းခြင်းနွံထဲမှာပဲ ပျော်ပျော်ကြီး ကူးခတ်ရင်း သေမင်းရဲ့ခေါ်ဆောင်ရာကို ကောက်ကောက်ပါ အောင် လိုက်ပါသွားကြတယ်။
ကိုယ့်ကိုယ်ကို သေမင်းနဲ့လိုက်တမ်းပြေးတမ်းကစားချင်တာလား၊ သေမင်းပင်လယ်ထဲခုန်ချခုန်ချ၊ ဒါပေမယ့် ဟောဒီကမ်ဘာလောကကြီးထဲအခုမှ၀င်ရောက်လာတော့မယ့် နုနယ်ဖြူစင်လှတဲ့ အူ၀ဲလေးကို တကယ်ချစ်ခင်ကြင်နာ သနားရင် ဒီဆေးလိပ်ငွေ့တွေနဲ့ လုံး၀မထိတွေ့စေသင့်ဘူး။ မိဘတွေအနေနဲ့ ကိုယ့်မျိုးဆက်ရင်သွေးလေးကို တကယ်ချစ်ခင်သနားရင် ဒါလေးတစ်ခုကိုတော့ ကြပ်ကြပ်ကြီး သတိထားစေချင်မိတယ်။ အဲဒါကတော့ ဆေးလိပ်မီးခိုး အဆိပ်ငွေ့တွေနဲ့ အူ၀ဲလေး ေ၀းေ၀းနေပေးဖို့ပါပဲ။
မိခင်ကိုယ်တိုင်ပဲ သောက်သောက်၊ သူများ (ဖခင်) သောက်လိုက်တဲ့ ဆေးလိပ်ငွေ့ကိုပဲ ရှူမိရှူမိ၊ ဒီဆေးလိပ် ငွေ့တွေက အမေ့ရဲ့အဆုတ်ထဲက တစ်ဆင့် သွေးထဲ၀င်ရောက်သွားတယ်။ အဲဒီသွေးတွေက အူ၀ဲလေးဆီရောက်မယ်။ ဆေးလိပ်ငွေ့ထဲက ကာဗွန်မိုနောက်ဆိုဒ်တွေကြောင့် အူ၀ဲလေးမှာ အောက်စီဂျင်ကောင်းကောင်းမရတော့ဘူး။ ဆေး လိပ်ငွေ့ထဲက နီကိုတင်းဓာတ်တွေက အူ၀ဲရဲ့ နှလုံးခုန်နှုန်းကို မြန်ဆန်စေတယ်။ အူ၀ဲဟာ ကောင်းကောင်းမကြီးထွား၊ မသန်စွမ်းနိုင်တော့ဘူး။ ကိုယ်၀န်စောစောပိုင်းမှာပဲ ပျက်ကျပြီး ဘ၀ဆုံးချင်ဆုံး၊ အဲသလို မဆုံးခဲ့ရင်လည်း တဖြည်း ဖြည်း လရင့်လာလေလေ၊ အောက်စီဂျင်ကောင်းကောင်းမရလေဖြစ်ပြီး လမစေ့ဘဲ အစောကြီးမွေးသွားတာ၊ အမေ့ဗိုက် ထဲမှာပဲ အောက်စီဂျင်ပြတ်ပြီး အသေဆိုးနဲ့ သေသွားတာ၊ ပေါင်မပြည့်တဲ့့ အူ၀ဲညှက်ညှက်လေးမွးတာ စတဲ့အန္တရာယ် ဆိုးတွေနဲ့အူ၀ဲလေး ရင်ဆိုင်ရတော့မယ်။ အချိန်မတိုင်ခင် အချင်းကွာသွေးဆင်းပြီးတော့လည်း မိခင်ရော၊ ကလေးပါသေနိုင်တယ်။ ဒီပေါင်မပြည့်၊ လမစေ့ဘဲ ညှက်စိလေးဟာ အပြင်လောကရဲ့ အပူ၊ အအေး ရာသီဥတုဒဏ်ကို မခံနိုင်ဘူး။ ရောဂါပိုးမွှားတွေ အလွယ်တကူ၀င်ရောက်နှိပ်စက်နိုင်တယ်။ ပုခက်ထဲထားရင်း ရုတ်တရက် သေဆုံးသွာတာမျိုးတွေလည်း ပိုဖြစ်စေနိုင်တယ်။ အသက်ရှူရ ခက်ခဲတဲ့ရောဂါမျိုးတွေ ပိုရနိုင်တယ်။ ဒီလိုမျိုးမွေးလာကတည်းက လူစဉ် မမီတဲ့ရောဂါသည်၊ ဒုက္ခသည်လေး မိမိရဲ့ ရင်သွေးဖြစ်သွားမှာကို မစိုးရိမ်ဘူးလားလို့ မိခင်လောင်း၊ ဖခင်လောင်းတွေကို မေးကြည့်လိုက်ချင်တယ်။
ဒါကြောင့် မိခင်လောင်း၊ ဖခင်လောင်းတွေဟာ မိမိတို့မိသားစုအတွက် အူ၀ဲလေးတစ်ယောက် ယူတော့မယ်လို့ စိတ်ကူးကတည်းက ဆေးလိပ်ငွေ့တွေနဲ့ ေ၀းေ၀းရှောင်ရမယ်။ ဖခင်က ဆေးလိပ်သောက်ရင် သူ့ရဲ့ေ၀ှးစေ့ထဲက ထုတ်လုပ်ပေးမယ့် သုတ်ကောင်လေးတွေရဲ့ အရည်အသွေးကို ထိခိုက်စေနိုင်တယ်။ အူ၀ဲလေးမျိုးအောင်ဖို့ အခက်အခဲတွေ့စေနိုင်တယ်။
ဒါကြောင့် မိခင်လောင်း၊ ဖခင်လောင်းတွေဟာ မိမိတို့အတွက်ရော၊ မိမိတို့ရဲ့ ရင်သွေးလေး အတွက်ပါ ဆေးလိပ်ငွေ့တွေနဲ့ ေ၀းေ၀းရှောင်ရမယ်။ ကိုယ်တိုင်လည်း မသောက်နဲ့၊ သောက်တဲ့လူတွေ နားလည်းမသွားနဲ့၊ သောက်နေတဲ့ မိဘတွေကလည်း ဆေးလိပ်ကို ဖြတ်ကိုဖြတ်ရမယ်။
တစ်သက်လုံး နှစ်ပေါင်းများစွာမသောက်ရ မနေနိုင်အောင် ချစ်ခင်စွဲလမ်းနေတဲ့ သူဆို ဆေးလိပ်ကိုဖြတ်ဖို့ဆိုတာ အလွန့်အလွန်ခက်ခဲလှတယ်။ ဆေးလိပ်မှ မဟုတ်ပါဘူး။ ဘယ်စွဲလမ်းမှုမျိုးမဆို စွဲမိပြီဆိုရင် ဖြတ်ဖို့ခက်တာချည်းပဲ၊။ စွဲလမ်းခြင်းနွံကြီးထဲက လွတ်အောင်ရုန်းထွက်ဖို့ဆိုတာ ခက်မှခက်၊ ရုန်းလေ နွံထဲပိုနစ်လေဆိုတဲ့ပုံစံမျိုးပေါ့။
နွံထဲနစ်နေတဲ့ လှည်းဘီးကြီးကို ၀ိုင်းကူပြီးတွန်းပေးမှ၊ ပြိုင်တူတွန်းမှ ရွေ့နိုင်မှာ။ ဒါကြောင့် တစ်ယောက်အားနဲ့ ဆောင်ရင်မရ၊ အဖော်အပေါင်းတွေရဲ့ ၀ိုင်း၀န်းတဲ့ အားတွေလိုတယ်။ ဘယ်တော့ စ,ဖြတ်မလဲ။ မသိမှုအမှောင်ကို အသိဉာဏ်အလင်းရောင်နဲ့ ထွင်းဖောက်ပြီး ဒီဆေးလိပ်ရဲ့ မကောင်းတဲ့အန္တရာယ်ကို သိသိချင်းဖြတ်ရမယ်။ မိမိဆေး လိပ်ဖြတ်တော့မယ်ဆိုတဲ့အကြောင်းကို မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေ အားလုံးသိသွားအောင် ကြေညာပစ်လိုက်၊ ဒါဟာ ဆေးလိပ်ဆိုတဲ့ စွဲလမ်းစေတဲ့ရန်သူကို ရဲရဲဝံ့ဝံ့ စစ်ကြေညာ၊ အတိအလင်းစိမ်ခေါ်လိုက်တဲ့ သဘောဖြစ်တယ်။
ကိုင်း - ပထမဆင့်ရန်သူကို စစ်ကြေညာလိုက်ပြီးပြီ။ ဒုတိယအဆင့် ဘယ်ပုံဘယ်နည်း တိုက်ခိုက်မှာတဲ့လဲ။ ရန်သူကို အနိုင်တိုက်နိုင်ဖို့ တန်ခိုး ဣတ္တိပါဒ် 4 ပါးလိုတယ်။ ပြင်းပြတဲ့ဆန္ဒရယ်၊ ခိုင်မာတဲ့ ထက်သန်တဲ့ စိတ်ဓာတ်ရယ်၊ မလျှော့တဲ့ဇွဲလုံ့လ၀ီရိယရယ်၊ ထက်မြက်တဲ့ ဉာဏ်ပညာရယ်၊ အဲဒီတန်ခိုး 4 မျိုး လိုအပ်တာအမှန်ပဲ။ ဒါမှသာ အင်အားကြီးမားတဲ့ ရန်သူကို အနိုင်တိုက်နိုင်မှာ။
အဲဒီရန်သူက မိမိရဲ့စိတ်ထဲမှာ မိမိရဲ့ကိုယ်အတွင်းမှာရှိနေတာ။ ပြင်ပကရန်သူအထောင်အသောင်း ကို အောင်နိုင်ခြင်းထက်၊ မိမိရဲ့ စိတ်ထဲကရန်သူကို အောင်နိုင်းခြင်းက အဆပေါင်းများစွာ ပိုပြီးမြတ်တယ်လို့ ဗုဒ္ဓဘုရားရှင်က ဓမ္မပဒထဲမှာ အတိအလင်း ဟောကြားထားတယ်။ ဒီဆေးလိပ်ဆိုတဲ့ စွဲလမ်းခြင်းရန်သူကို ဗုဒ္ဓဘုရားရှင်က မူလပဏ္ဏာသ ပါဠိတော်၊ သီဟနဒ၀ဂ်၊ ၀ိတက္ကသဏ္႑ာနသုတ်ထဲမှာ ဆိုဆုံးမခဲ့တဲ့အတိုင်း အဆင့်ငါးဆင့်နဲ့ ဖြတ်တောက်ပစ်ရမှာဖြစ်တယ်။
ပထမဆုံးအဆင့်ကတော့ ဆေးလိပ်သောက်ချင်စိတ် ဖြစ်လာရင် အာရုံပြောင်းပြီး တခြားကုသိုလ်နဲ့ စပ်တဲ့ အကြောင်းလေးတွေကို နှလုံးသွင်းခြင်းပဲဖြစ်တယ်။ ဥပမာ - ဆေးလိပ်သောက်ချင်တဲစိတ်ဖြစ်တဲ့ အခါ ဆေးလိပ်မသောက်ဘဲ လမ်းလျှောက်တာ၊ စာအုပ်တစ်အုပ်အုပ်ကို ဖတ်တာ၊ ဇာထိုးပန်းထိုး အလုပ်တစ်ခုခုလုပ်တာ၊ ပီကေဝါး စားတာ၊ တခြားကိုယ်စိတ်၀င်စားတဲ့ အလုပ်တစ်ခုခုကိုလုပ်ပြီး အဲဒီဆေးလိပ်သောက်ချင်တဲ့ စိတ်အာရုံကိုလွှဲပေးလိုက်တာမျိုးကို ဆိုလိုတယ်သမီးရေ။
ဒုတိယအဆင့်ကတော့ ဆေးလိပ်သောက်လိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေကို၊ အပြစ်တွေကို ဆင်ခြင်နှလုံးသွင်းခြင်းပဲဖြစ်တယ်။ ဆေးလိပ်သောက်ခြင်းဟာ အဆိပ်ငွေ့တွေရှူနေတာပဲ။ မိမိကိုယ်တိုင်ရဲ့ အသက်အန္တရာယ်ရှိသလို၊ မိမိရဲ့ဗိုက်ထဲက ရင်သွေးလေးရဲ့ အသက်ကိုလည်း သေရင်သေ၊ မသေရင် ဒုက္ခိတဖြစ်စေမှာဆိုတဲ့ ကြောက်မက်ဖွယ်အဖြစ်တွေကို ဆင်ခြင်နှလုံးသွင်းခြင်း အားဖြင့် ဆေးလိပ်သောက်ရမှာကို ရွံမုန်းကြောက်ရွံ့ သွားအောင်လုပ်ရတာဖြစ်တယ်။
တတိယအဆင့်ကတော့ ဆေးလိပ်သောက်ချင်စိတ် ပေါ်လာရင် အဲဒီစိတ်ကို သတိမထား၊ နှလုံးမသွင်း၊ ဂရုမစိုက်ဘဲ နေလိုက်ခြင်းဖြစ်တယ်။ ဆေးလိပ်သောက်ချင်စိတ်ပေါ်ပေမယ့် အဲဒီစိတ်က စေခိုင်းတာကို လိုက်မလုပ်ဘဲ မသိချင်ယောင်ဆောင်နေလိုက်ခြင်းပဲဖြစ်တယ်။ ကိုယ့်ကို လက်ဆောင်တစ်ခုလာပေးတယ်။ ကိုယ်ကလက်မခံဘဲ နေလိုက်ရင် သူ့ဘာသာသူ ပြန်ယူသွားရတဲ့ ဥပမာလို့ပဲပေါ့ကွယ်။
စတုတၳအဆင့်ကတော့ ဒီဆေးလိပ်သောက်ချင်တဲ့၊ စွဲလမ်းတဲ့စိတ်တွေ ငါ့မှာဘာကြောင့်ဖြစ်လာရတာလဲဆိုတဲ့ အကြောင်းရင်းကို ဆင်ခြင်သုံးသပ်ခြင်းပဲဖြစ်တယ်။ ဒီလောက်တောင် ကြောက်စရာ၊ ရွံမုန်းစရာကောင်းတဲ့၊ လူကိုသေစေနိုင်တဲ့မသေခင် ဒုက္ခိတဖြစ်စေနိုင်တဲ့ အဆိပ်ငွေ့တွေကို မိုက်မိုက်မဲမဲ ပိုက်ဆံတွေအကုန်ခံပြီး နေ့တိုင်း မရှူ၊ မသောက်ရ မနေနိုင်အောင် စွဲလမ်းခြင်းရဲ့ အစတရားခံက ဘာလဲ၊ ဘယ်သူကမှ ကိုယ့်ပါးစပ်ထဲ အတင်းထိုးထည့်တာမဟုတ်ဘူး။ “မည်သူမပြု မိမိမှု” ဆိုတဲ့ စကားလိုပဲ ကိုယ့်ဘာသာကိုယ် မနေနိုင်၊ မထိုင်နိုင်ရှည်ကဲပြီးစခဲ့တဲ့အမှု၊ စပြီးတော့လည်း ထပ်ခါထပ်ခါဆက်လုပ်ခြင်းနဲ့ စွဲလမ်းသွားတာ။ ဒီတော့ တရားခံက မိမိကိုယ်တိုင်ပဲ။ ဒီတော့ ဒီစွဲလမ်းမှုကိုဖြတ်တောက်ဖို့လည်း မိမိကိုယ်တိုင်ပဲလုပ်မှရမယ်။ ဆေးလိပ်မသောက်ခြင်းဆိုတဲ့ အမှုကို နေ့စဉ်ထပ်ခါထပ်ခါပြန်လုပ်ခြင်းနဲ့ ဒီစွဲလမ်းခြင်းကို ဖြတ်တောက်ရမှာဖြစ်တယ်။
ပဉ္စမနဲ့ နောက်ဆုံးအဆင့်ကတော့ ဒီဆေးလိပ်သောက်ချင်စိတ်ပေါ်လာတိုင်း ဒီမကောင်းတဲ့စိတ်ကို ကောင်းတဲ့စိတ်နဲ့ ဖိနှိပ်ချေမှုန်းပစ်ရမှာဖြစ်တယ်။ ဒီလိုစွဲလမ်းစိတ်၀င်လာတိုင်း ၀င်လာတိုင်း အဲဒီအချိန်မှာကောင်းတဲ့စိတ်နဲ့ ဖိနှိပ် နေရာယူပစ်ရမှာဖြစ်တယ်။ တရားစာဖတ်မယ်၊ တရားနာမယ်၊ ပုတီးစိပ်မယ်၊ တရားထိုင်မယ်၊ လူမှု၀န်ထမ်း ကိစ္စတစ်ခုခုလုပ်မယ်၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စုပေါင်းပြီး ကုသိုလ်ကောင်းမှုတစ်ခုခု၊ ပရဟိတလုပ်ငန်းတစ်ခုခုလုပ်မယ် စသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် နိုင်နင်းတယ်ဆိုရင် ဒီမကောင်းတဲ့ ဆေးလိပ်ကိုစွဲလမ်းတဲ့စိတ်ကို အမြစ်ပြတ်အပြီးအပိုင် ချေမှုန်းအနိုင်ယူနိုင်မှာပဲဖြစ်တယ်။
ကိုင်း - သမီးလေးနှင်းရေ။ ဆေးလိပ်ဆိုတာ တကယ်တမ်းကျတော့ အင်မတန့်ကို ကြောက်မက် ဖွယ်ကောင်းတဲ့ အဆိပ်ငွေ့တွေဖြစ်တယ်။ ဒီအဆိပ်ငွေ့တွေကို မိမိတို့ကိုယ်တိုင်ပိုက်ဆံတွေ အကုန်ခံပြီး နေ့တိုင်း မက်မက်မောမော နှစ်နှစ်ခြိုက်ခြိုက်ကြီးသောက်ရှူနေကြတာ ဘယ်လောက်တောင် အံ့သြဖွယ်ရာ ထူးဆန်းလှတဲ့အဖြစ်လဲ။ ဒီထက်ပိုဆိုးတာက အဲဒီအဆိပ်ငွေ့တွေနဲ့ မိမိတို့ရဲ့ ရင်ထဲကဖြစ်လာတဲ့ ရင်သွေးအူ၀ဲလေးကို ရက်ရက်စက်စက် သတ်ပစ်နေတာပဲဖြစ်တယ်။ ဒါကြောင့် အမေ့ဗိုက်ထဲက အူ၀ဲလေးသာ စကားပြောတတ်မယ်ဆိုရင်၊ “မေမေရေ သားကိုချစ်ရင် ဒီအဆိပ်ငွေ့တွေ့နဲ့ေ၀းေ၀းနေပေးပါ” လို့ သနားစဖွယ်တောင်းဆိုနေမှာ အမှန်ပဲဖြစ်တယ် သမီးရေ။
Credit; ဒေါက်တာစိုးလွင်
Health Digest Journal (Vol. 12, No. 34)






























