မျက်နှာကို V Shape ပြုလုပ်ခြင်း
Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
V Shape ပြုလုပ်ခြင်း ဟာ Hallyu လို.ခေါ်ကျတဲ့ Korea wave နဲ.အတူပါလာတဲ့ ယဉ်ကျေးမှုအသစ် လို့ဘဲပြောပါရစေ။ အရင်ကတော့ Western Movie ( Hollywood Movie )တွေထဲက မင်းသား၊ မင်းသမီးတွေလို ပါးရိုးမြင့်မြင့် မျက်နှာလေးထောင့်ဆန်တဲ့ပုံကိုမှ သဘောကျခဲ့ကြတာပါ။ ပြောချင်တာက Beauty Definition အလှကိုမြင်တဲ့ အမြင်က နေရာဒေသ၊ အချိန်အခါပေါ်မှာ မူတည်ပြီးပြောင်းလဲတတ် တယ်။ ဒါကြောင့် V Shape လုပ်ပြီးမှ မကြိုက်တော့တာမျိုးဖြစ်နိုင်ပါတယ်။ မလုပ်ခင် စဉ်းစားသင့်တဲ့အချက်တချက်ပါ။ V Shape ကို ခွဲစိတ်ပြီးပြုပြင်နိုင်သလို မခွဲစိတ်ဘဲလည်းပြုပြင်နိုင်ပါတယ်။
မြန်မာပြည်မှာကတော့ မခွဲစိတ်ဘဲ V Shape လုပ်ကြတာများပါတယ်။ ခွဲစိတ်ပြုပြင်တာ ကတော့ ဘေးထွက်ဆိုးကျိုးများပါတယ်။ Surgery ဖြစ်တဲ့အတွက် မေ့ဆေးလဲသုံးဖို့လိုပါတယ်။ ဆေးရုံမှာ အနားယူဖို့အချိန်လဲလိုအပ်လိမ့်မယ်။ အကုန်ကျ တအားများတယ်။ အားသာချက်ကတော့ ရလဒ် ပိုကောင်းတယ်။ မခွဲစိတ်ဘဲပြုပြင်တာကတော့ ဘေးထွက်ဆိုးကျိုးနည်းတယ်။ ခွဲစိတ်တာနဲ့ နှိုင်းယှဉ်ရင် ဈေး သက်သာတယ်လို့ပြောနိုင်တယ်။ အကန့်အသတ်အချို့တော့ရှိတယ်။ လူတိုင်းလုပ်လို့မရဘူး။ ဥပမာ- မေးရိုးကြောင့် မျက်နှာလေးထောင့်ဖြစ်တာဆို လုပ်လို့မရဘူး။ မေးရိုးကြောင့်မဟုတ်ဘဲ မေးရိုးအပေါ် က ကြွက်သားကြီးနေတဲ့ လူတွေအတွက် အသင့်တော်ဆုံးနဲ့ ရလဒ်အကောင်းဆုံးတွေ့ရတယ်။
Botox ဆိုတဲ့ ထိုးဆေးကို ကြီးနေတဲ့ ကြွက်သားထဲ ရွေးခြယ် ထိုးသွင်းပြီး ပုံသွင်းယူရတယ်။ ရလဒ်ကို ၃လအကြာမှာတွေ့နိုင်တယ်။ အကြမ်းဖျင်း ဘေးထွက်ဆိုးကျိူ းနည်းတယ်လို့ ပြောနိုင်တယ်။ ထိုးပြီးပြီးချင်း ပှံမှန်တနေ့တာ အလုပ်တွေ ဆက်လုပ်နိုင်တယ်။ အနားယူစရာမလိုဘူး။ အဲတော့ ထိုးထားမှန်းလဲ ဘယ်သူမှ မသိလိုက်ဘူးပေါ့။ အချို့ကျတော့ ကြွက်သားကြီးတာ မဟုတ်ဘူး။ ပါးဖောင်းပြီး အဆီများနေတာ။ ဒါမျိုးကို ကျတော့ Threadlift လို.ခေါ်တဲ့ အပ်ချည်မျှင် ထည့်ပြီး ပင့်တင်နိုင်တယ်။ အချို့ ကျပြန်တော့ မေးစေ့ချွန်အောင် Filler ထိုးပြီး V Shape လုပ်ပေးရတယ်။ အဲတော့ တစ်ယာက်နဲ့တစ်ယောက် V Shape ပြုလုပ်ပုံခြင်း မတူနိုင်ဘူး။ Botox, Filler, Threadlift သုံးမျိုးလုံး လိုတာမျိုးဖြစ်နိုင်သလို Botox နဲ့ Filler နှစ်မျိုးဘဲလိုတာ လဲဖြစ်နိုင်တယ်။ အကြမ်းဖျင်း သတ်မှတ်ရင်တော့ ဆိုးကျိုးနည်းတယ်လို့ဆိုနိုင်ပေမယ့် Facial Design Planning လုပ်တဲ့ ဆရာ၀န်ရဲ့ Skill ရယ်၊ Artistic အနုပညာဆန်မှု ပေါ်မူတည်ပြီး ရလဒ် နဲ့ ဆိုးကျိုးကွဲပြားနိုင်တယ်။
V-Shaped face နဲ. ဖြစ်နိုင်ချေ ရှိတဲ့ ဆိုးကျိုး
======================
ခွဲစိတ်မယ်ဆိုရင်တော့ မေးရိုးကို ချိုးပစ်တာဖြစ်တဲ့အတွက် အနားယူဖို့အချိန် လနဲ့ချိီပြီးလိုပါတယ်။ ခွဲစိတ်မှုအကြီးစားဖြစ်တဲ့ အတွက် မေးရိုးတင် မကပါဘူး၊ အခြားနောက်ဆက်တွဲ ပြဿနာတွေအများကြီးရှိပါတယ်။ မခွဲစိတ်ဘဲမျက်နှာကို ထိုးဆေးနဲ့ ပြုပြင်တာကတော့ မေးရိုးနဲ့ သက်ဆိုင်မှု မရှိပါဘူး။ ကြွက်သားထဲကိုသာ Botox ထိုးတာဖြစ်တဲ့အတွက် ကြွက်သားအားနည်းပြီး ထမင်းစားရင် ပါးညောင်းသလိုမျိုးဖြစ်တတ်ပါတယ်။ ဒါကလဲခဏပါ ။ ပြီးတော့ ဆေးထိုးတဲ့နေရာ သို့မဟုတ် အပ်ချည်ကြိုးသွင်းတဲ့နေရာတွေမှာ သွေးချေဥတာ မျိုးလောက်ဘဲ ဖြစ်နိုင်ပါတယ်။
ကုသချိန် နှင့် ငွေကြေးကုန်ကျမှု
===============
Botox နဲ. ပါးရိုးပေါ်က ကြွက်သားသေးဖို. V Shape ဖြစ်လာဖို့ ၃လခန့် အချိန်လိုအပ်ပါတယ်။ ကုန်ုကျ စရိတ်အနေ နဲ့ ၃ သိန်းမှ ၅သိန်း ၀န်းကျင်ဖြစ်နိုင်ပါတယ်။ Brand နဲ့ ဆရာ၀န် ရဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဈေးကွာကြပါတယ်။ မေးချွန်ဖို. Filler ထိုးမယ်ဆိုရင် ၅သိန်း၀န်းကျင်ခန့် ကုန်ကျနိုင်ပါတယ်။ ရလဒ်ကိုတော့ ချက်ချင်းတွေ့နိုင်ပါတယ်။ ပါးကအဆီပိုတွေကို တင်းရင်းသွယ်လျအောင်(Threadlift) အပ်ချည်သွင်းမယ် ဆိုရင်တော့ အပ်ချည်အရေအတွက်ပေါ်မူတည်ပြီး ၁၅ သိန်းမှ သိန်း ၃၀ လောက်ထိ ကျနိုင်ပါတယ်။ ရလဒ်ကို တလခန့်အကြာတွင် စတင်တွေ့နိုင်ပြီး အကောင်းဆုံးရလဒ်ကို မြင်ရဖို. ၆လခန့်စောင့်ရပါတယ်။
V Shape နဲ့ ကြာရှည်ခံမှု
=============
အကြမ်းဖျင်းခြုံပြောရရင် ၁ နှစ်ခန့် တာရှည်ခံပါတယ်။ V Shape ဖြစ်သွားပြီး နောက်ပိုင်း ပြန်ထိုးရမယ့် Touch up procedure တွေက V Shape မဖြစ်ခင်ကုန်ကျစရိတ်ထက် သက်သာနိုင်ပါတယ်။ ဥပမာပြောရရင် V Shape ဖြစ်ဖို. Botox ၁၀သိ်န်းဖိုးထိုးရရင် V Shape ဖြစ်ပြီး မျက်နှာသွယ်အောင်ထိန်းထားဖို. Botox ၃သိန်းဖိုးသာကုန်ကျမှာပါ ။
V Shape ပြုလုပ်စဉ် ဆောင်ရန်၊ ရှောင်ရန်
=====================
ဆရာ၀န်ဆိုတိုင်း V Shape ပြုလုပ်နိုင်တဲ့ အရည်အချင်း ပြည့်မီပြီလား ဆိုတာတော့ မေးခွန်းထုတ် စရာပါ။ ရလဒ်ကောင်း မကောင်းဆိုတာ ထိုးတဲ့ဆရာ၀န် ရဲ့ Skill ပေါ်မှာ မူတည်လို့ပါ။ ဒါကြောင့် အားမနာပါနဲ့။ ဘယ်လို training မျိုးရထားတာလဲမေးပါ။ ဆရာ၀န် ကိုယ်တိုင်ထိုးထားတဲ့ Before / After ပုံတွေတောင်းကြည့်ပါ။ မထိုးခင် ဆရာ၀န်နှင့် ဆောင်ရန်၊ ရှောင်ရန်တွေကို အသေးစိတ်ဆွေးနွေးပါ။ ပြီးရင် ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပေးပါ။
အသက်အရွယ် အပိုင်းအခြား
==============
အသက်အရွယ် ကန့်သတ်ချက် တိတိကျကျတော့ မရှိပါဘူး။ V Shape လုပ်ဖို. လူငယ်တွေ ပိုစိတ်၀င်စားကြပါတယ်။ ကျွန်တော်အမြင်မှာတော့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ ၁၈ နှစ် အထက်မှသာ လုပ်သင့်ပါတယ်။ ပြီးတော့ အသက် ၅၀ ကျော်သွားရင်လဲ V Shape ထက် Face Lifting (အသားရေတင်းရင်းစေမယ့် ကုသမှုမျိုး)ကို ပိုလုပ်သင့်ပါတယ်။
V Shape ပြုလုပ်ခြင်း နဲ့ Golden Ratio စံနှုန်း
=======================
V Shape ပြုလုပ်တဲ့နေရာမှာ မျက်နှာအချိုးညီအောင်ပါ ထည့်သွင်းစဉ်းစားပြီး ပြုလုပ်ပေးရပါတယ်။ မျက်နှာကိုအထက်အောက် သုံးပိုင်း (ဆံစပ်က မျက်ခုံးထိ တပိုင်း၊ မျက်ခုံးက နှာ၀ထိ တပိုင်း၊ နှာ၀ က မေးစေ့ထိတပိုင်း) အချိုး ညီရပါမယ်။ ထိုနည်းတူစွာ မျက်နှာကို ဘေးတိုက် ၅ပိုင်း ပိုင်းပါကလည်း တပိုင်း နဲ့ တပိုင်း အချိုးညီနေရပါမယ်။ ဒါကို အလှအပ ပညာရှင် တွေက Golden Ratio စံနှုန်းအဖြစ် သတ်မှတ်ထားပါ တယ်။ ဥပမာ Botox ထိုးပြီးလို့ မျက်နှာသွယ်သွားပြီ၊ ဒါပေမယ့် သူဟာ မေးစေ့တိုနေတယ်ဆိုရင် သူမအလှဟာ တခုတခုလိုနေပါလိမ့်မယ်။ ဒါဟာ ဘာကိုပြလဲဆိုရင် Golden Ratio အရ (နှာ၀ကမေးစေ့ အပိုင်း)အောက်ဆုံးအချိုးက အပေါ်နှစ်ပိုင်း နဲ့မညီလို့ ဖြစ်ပါတယ်။ အချိုးညီအောင် မေးစေ့ကို Filler နဲနဲထိုးပေးလိုက်ရုံနဲ့ သူမအလှက ပိုပြီးပြည့်စုံသွားမှာပါ။
V Shape အပေါ် ဆရာ၀န် တယောက်ရဲ ့ မှတ််ချက်
===========================
မျက်နှာအချိုးအစားကို ထည့်သွင်းစဉ်းစားပြီးမှ V shape လုပ်သင့်မလုပ်သင့် ဆုံးဖြတ်သင့်ပါတယ်။ ပြီးတော့ ယောကျ်ားလေးတိုင်း V Shape နဲ့ မလိုက်ပါဘူး။ မိန်းမသိပ်ဆန်သွားနိုင်တယ်။ နောက်တချက်က လူငယ်တွေက စောင့်ရတာစိတ်မရှည်ကျပါဘူး။ Internet မှာကြော်ငြာ တဲ့ Before/After ပုံတွေ မိနစ်ပိုင်း တွင်းပြောင်းသွားတာကြည့်ပြီး တကယ် တခဏတွင်း ရုတ်ချည်း ပြောင်းလဲသွားမယ် ထင်တတ်ကြတယ်။ ကျွန်တော်တို့ဟာ realistic expectation ရှိရပါမယ်။ V Shape ရလဒ်ကောင်းတခုရဖို့ လအနည်းငယ် အချိန်ယူရမယ်ဆိုတာ၊ လက်ခံထားရပါမယ်ဆိုတာ ပြောချင်ပါတယ်။
Dr.ရဲသွင် (Clinique de Skin)





























