/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/မှဲ့အမျိုးမျိုးနှင့်-မှဲ့ဖျက်ခြင်းအကြောင်း

မှဲ့အမျိုးမျိုးနှင့် မှဲ့ဖျက်ခြင်းအကြောင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်စုရီဌေး

          “ဒေါက်တာရေ ကျွန်မမျက်နှာမှာ မှဲ့ခြောက်တွေများသထက်များလာတယ်။ ကျွန်မမေမေလိုအများကြီးဖြစ် လာမှာစိုးတယ်”

          “ဆရာမရေ သမီးရဲ့မျက်ရည်ခံမှဲ့ကိုမကြိုက်ဖူး ဖျက်ချင်တယ်။ ဖျက်လို့ရလားဟင်။”

          “အန်တီ့လည်ပင်းက မှဲ့အသားပိုလေးတွေက ဆွဲကြိုးနဲ့ငြိပြီး သွေးထွက်တယ် ဒေါက်တာရယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ”

          “ကျွန်မအဖေမျက်နှာက ဟောဒီမှဲ့ကြီးက ကြီးသည်ထက်ကြီးလာတယ် ဆရာမရယ်။ ကင်ဆာဖြစ်မှာစိုးလို့  လာပြတာ”

          အထက်ပါ မေးခွန်းများသည် အရေပြားပေါ်မှ မှဲ့နဲ့ပတ်သက်၍ ဆရာ၀န်နှင့် တိုင်ပင်လေ့ရှိသော အဓိက မေးခွန်းများဖြစ်သည်။

 

          မှဲ့ဖျက်ချင်ကြသော အကြောင်းရင်းများမှာ ယေဘုယျအားဖြင့် အောက်ပါအတိုင်းဖြစ်သည်။

(1)     အလှအပရှုထောင့်အရ မလိုချင်သောနေရာတွင်ရှိခြင်း။

(2)     ဗေဒင်ကိန်းခန်းအရ မလိုချင်သောနေရာတွင်ရှိခြင်း။

(3)     အိုမင်းရင့်ရော်သော အသွင်အပြင်ကို ဖြစ်ပေါ်စေခြင်း (အိုမှဲ့နှင့် မှဲ့နီများ)

(4)     ဆွဲကြိုး၊ အကျႌအ၀တ်အစားတို့နှင့်ငြိ၍ သွေးထွက်နာကျင်ခြင်း

(5)     ကင်ဆာဖြစ်မှာစိုးရိမ်ခြင်း

          “မှဲ့” ဟုဆိုလိုက်လျှင် အရေပြားပေါ်တွင် ကာလကြာမြင့်စွာ မပြောင်းမလဲ တည်ရှိနေတတ်သည့် အနက် ရောင်မှဲ့လေးများကို အများအားဖြင့် ဆိုလိုသော်လည်း မှဲ့နီ၊ မှဲ့ညို၊ မှဲ့ခြောက်စသည်တို့ကိုလည်း မှဲ့အမျိုးအစားတွင် ထည့်သွင်းပြောဆိုလေ့ရှိကြသည်။ အရပ်သုံးစကားတွင် မှဲ့နက်၊ မှဲ့နီ၊ အိုမှဲ့၊ မှဲ့ခြောက်၊ အမည်းစက်၊ နေလောင်ကွက် စသည်တို့ကို ရောထွေးပြောဆိုတတ်ကြသော်လည်း တစ်ခုချင်းစီ၏ အခြေခံ (Origin)တို့မတူညီဘဲ ကွဲပြားခြားနားလေသည်။

 

       အရေပြားဆိုင်ရာ ဆေးပညာတွင်မူ Melanocytic (အမဲရောင်ခြယ်ထုတ်သည့် ဆဲလ်မှဖြစ်သော အဖု/မှဲ့) နှင့် Non-melanocytic (မယ်လနင်ထုတ်သည့် ဆဲလ်မှဖြစ်ခြင်းမဟုတ်သော  အဖု/မှဲ့) ဟု ယျေဘုယျခွဲခြားနိုင်သည်။

 

အမဲရောင်ခြယ်ထုတ်သည့်ဆဲလ်မှဖြစ်သောမှဲ့ (Melanocytic Nevus)

       ၎င်းတို့သည် အများအားဖြင့်  အနက်ရောင်ရှိပြီး ရိုးရိုးမှဲ့ဟုလည်းခေါ်တတ်ကြသည်။ အများအားဖြင့် မွေးရာပါ သို့မဟုတ် ကလေးနှင့်လူငယ်ဘ၀ကတည်းက ပေါ်လာတတ်ပြီး အချိန်ကာလကြာမြင့်စွာမပြောင်းမလဲ တည်ရှိတတ်သည်။ အချို့တွင် အနည်းငယ်ကြီးလာခြင်း၊ သေးသွားခြင်းများရှိတတ်သော်လည်း ပုံမှန်အားဖြင့် ဒုက္ခမပေးတတ်ပေ။

       မှဲ့ကင်ဆာအဖြစ်သို့ ပြောင်းလဲလာပါက ပထမအဆင့်အနေဖြင့်  အရွယ်အစားသိသိသာသာကြီးလာခြင်း၊  အရောင်မညီမညာဖြစ်လာခြင်း၊ မှဲ့အနားသတ် မညီမညာဖြစ်လာခြင်းတို့နှင့်အတူ ယားယံခြင်း၊ သွေးထွက်ခြင်းတို့ လည်းဖြစ်ပေါ်လာတတ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အရေပြားဆရာ၀န်နှင့်ပြသ၍ ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးသင့်သည်။ ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိပါက အသားစအဖြေရယူကာ ကုသမှုကို ခံယူသင့်ပါသည်။

 

အခြားမှဲ့များ (Non-melanocytic Origin)

(1)    မှဲ့ခြောက် သို့မဟုတ် သက်ကြီးမှဲ့ သို့မဟုတ် အိုမှဲ့ (Seborrheic Keratosis)

        အတွေ့ရအများဆုံးမှဲ့အမျိုးအစားဖြစ်ပြီး အခေါ်အေဝါ်အားဖြင့် အမျိုးမျိုးခေါ်ေဝါ်ကြသည်။ အရေပြားပေါ် တွင်ကပ်နေသည့် အသားပိုအဖုပုံစံတည်ရှိပြီး မူလအသားရောင်ထက် အနည်းငယ်ညိုသည်။ အသက် 30 နောက်ပိုင်း၊ သက်လတ်ပိုင်း၊ သက်ကြီးပိုင်းတို့တွင်  များသထက်များလာသည်။ မိဘ၊ ဘိုးဘွားတို့တွင် အလားတူ အိုမှဲ့များရှိပါက မိမိတွင်လည်းရှိလာရန်ရာနှုန်းများသည်။ နေရောင်ခြည်ဒဏ်မှ ကာကွယ်ခြင်း၊ အရေပြားအတွက် သင့်လျော်ကောင်းမွန်သော အစားအစာများ စားသုံးခြင်းဖြင့် အိုမှဲ့ဖြစ်ပေါ်မှုနည်းရန် ကာကွယ်နိုင်ပါသည်။

       အိုမှဲ့များကြောင့် အသားအရေအလှပျက်သော်လည်း ၎င်းကြောင့် သက်သက်ဖြင့် လူကိုအန္တရာယ်မဖြစ်စေနိုင်ပါ။ သို့သော် အချို့ကြွက်နို့နှင့် အရေပြားကင်ဆာ (SCC)တို့မှာ အိုမှဲ့နှင့်ဆင်တူတတ်သောကြောင့် မသေချာပါက ကျွမ်းကျင်သော ဆရာ၀န်နှင့် ပြသစစ်ဆေးသင့်ပါသည်။

        အိုမှဲ့သည် သာမန်အားဖြင့် လူကိုအန္တရာယ်မပြုသော်လည်း အိုမင်းရင့်ရော်မှု၏ လက္ခဏာတစ်ရပ်ဖြစ်သဖြင့် မလိုချင်ကြပေ။ မျက်နှာတွင်ရှိသော အိုမှဲ့များက မိတ်ကပ်လိမ်းရန်ခက်ခဲစေခြင်း၊ လည်ပင်းတွင်ရှိသော အိုမှဲ့များက ဆွဲကြိုးဖြင့်ငြိ၍ သွေးထွက်ခြင်းဖြင့် စိတ်အနှောင့်အယှက်ဖြစ်ကြရသည်။ ယခုအခါ လေဆာ၊ လျှပ်စစ်အပူကိရိယာ စသည်တို့ဖြင့် ထိရောက်စွာ ဖယ်ရှားနိုင်ပြီဖြစ်သည်။

 

(2)    မှဲ့နီ (Cherry Angioma)

        အနီရောင် သို့မဟုတ် နီညိုရောင်ရှိပြီး သွေးကြောမျှင်များကျယ်ဖောင်းရာမှ ဖြစ်လာသည်။ အသက် 30 ခန့်တွင် စတင်ပေါ်လာတတ်ပြီး တဖြည်းဖြည်းမျာလာတတ်သည်။ အသက်ကြီးသူ၊ အိုမင်းသူနီးပါးတိုင်းတွင် တွေ့နိုင်၍ အိုမင်းခြင်း၏ လက္ခဏာတစ်ရပ်ဟုပင် ဆိုနိုင်သည်။ အလှအပရှုထောင့်မှကြည့်လျှင် မလိုချင်မနှစ်သက်ကြသော်လည်း ကျန်းမာရေးရှုထောင့်မှမူ မည်သည့်ဆိုးကျိုးမှမရှိပါ။ အလှအပဆိုင်ရာ လိုအပ်ချက်အရ ဖယ်ရှားလိုပါက လျှပ်စစ်အပူနည်း သို့မဟုတ် လေဆာနည်းသုံး၍ ဖယ်ရှားနိုင်ပါသည်။ ကျွမ်းကျင်သောဆရာ၀န်နှင့် ဆောင်ရွက်သင့်ပါသည်။

 

(3)    အမဲစက်၊ မှဲ့ခြောက်များ (Freckles)

         ဤမှဲ့ခြောက်အမျိုးအစားသည် 0.5cm ထက်သေးသယ်သော အမဲစက်ကလေးများဖြစ်ပြီး နေရောင် ထိတွေ့မှုများသော အရေပြားဖြစ်သည့် မျက်နှာ၊ လည်ပင်း၊ ပခုံးနှင့် လက်ဖမိုးဧရိယာများတွင် အများအပြားတွေ့ရသည်။ နေလောင်ကွက်များနှင့်တွဲ၍ တွေ့ရတတ်ပြီး အသက်ကြီးသည်နှင့်အမျှ ပိုမိုများပြားလာတတ်သည်။ နေရောင်ခြည်ကို ထိရောက်စွာကာကွယ်ခြင်းဖြင့် ဤမှဲ့ခြောက်နှင့် နေလောင်ကွက်များဖြစ်ပေါ်မှုကို ကာကွယ်နိုင်သည်။ ဗိုက်တာမင် A လိမ်းဆေးများ၊ လေဆာစသည်တို့ဖြင့် ကုသနိုင်ပါသည်။

 

မှဲ့ဖျက်နည်းအမျိုးမျိုး

1.     ခွဲစိတ်ခြင်း

        မှဲ့ရှိနေသော အရေပြားကို ခွဲစိတ်ထုတ်ယူ၍ ကျန်ခဲ့သော ဒဏ်ရာကို ပြန်ချုပ်ရသောနည်းဖြစ်သည်။ ချုပ်ရိုး ဒဏ်ရာကျန်နိုင်သည်။ အသားစအဖြေရယူနိုင်သောကြောင့် ကင်ဆာဖြစ်နိုင်သည်ဟု သံသယရှိသောမှဲ့များအတွက် သင့်လျော်သည်။

 

2.     လေဆာ သို့မဟုတ် လျှပ်စစ်အပူနည်း

        အိုမှဲ့များ၊ မှဲ့နီများ ဖျက်ရာတွင် တွင်ကျယ်စွာအသုံးပြုပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသည်။ အသားစအဖြေ မရယူနိုင်သောကြောင့် ကင်ဆာဟုသံသယရှိသော မှဲ့များတွင် မသုံးသင့်ပါ။

 

3.     စားလောင်စေသောဆေးရည်များ၊ တို့ဆေးများ

        ကြွက်နို့နှင့် အသားပိုများအတွက် ရည်ရွယ်ထုတ်လုပ်သော ဓာတုဆေးရည်များဖြစ်သည်။ ၎င်းတို့သည် မှဲ့အမျိုးမျိုးရှိရာ အရေပြားကိုလည်း စားလောင်သွားစေတတ်သောကြောင့် မှဲ့ဖျက်ရာတွင် အသုံးပြုသင့်သော နည်းလမ်းကောင်းတစ်ခုတော့မဟုတ်ပေ။

 

ဆောင်ရန်၊ ရှောင်ရန်

-   မှဲ့များကို သွားမဆွသင့်ပါ။ လက်သည်းဖြင့် ကုတ်ခြင်း၊ မိမိဘာသာဆေးရည်တို့ခြင်းတို့ကို ရှောင်ကြဉ်ပါ။

-   မှဲ့၏ ပုံသဏ္႑ာန်ပြောင်းလဲပါက ကင်ဆာဟုတ်၊ မဟုတ် စစ်ဆေးရန်အရေပြားဆရာ၀န်နှင့် တိုင်ပင်ပါ။

-   မလိုချင်သော မှဲ့များ၊ အိုမှဲ့များကို ဖယ်ရှားလိုပါက ကျွမ်းကျင်သော ဆရာ၀န်နှင့် စနစ်တကျ ဆောင်ရွက်ပါ။

 

 

Credit; ဒေါက်တာ စုရီဌေး (အရေပြား)

Health Digest Journal

www.drmyanmar.com