ရင်သားကင်ဆာမှာ ဟော်မုန်းဆေးများ အသုံးပြုကုသခြင်း
မေး။ ။ ဆရာရှင့်။ ကျွန်မအမည် ဒေါ်ေ၀ေ၀ပါ။ လွန်ခဲ့တဲ့ သုံးနှစ်က ရင်သားကင်ဆာရောဂါကို ကုသခံခဲ့ရ ပြီး လက်ရှိ Tamoxifen ခေါ်တဲ့ ဟော်မုန်းဆေးကို ငါးနှစ်သောက်နေရပါတယ်ဆရာ။ အခုဆို အဲဒီဆေးသောက် နေတာ နှစ်နှစ်ကျော်လာပြီပေါ့။ ကျွန်မရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက်လည်း လွန်ခဲ့တဲ့ ငါးလလောက်က ရင်သားကင်ဆာဖြစ်လို့ ခွဲစိတ်ဖြတ်တောက်ပြီး ကင်ဆာဆေးသွင်းခဲ့ရပါတယ်။ သူ့ကိုပေးတဲ့ ဟော်မုန်းဆေးကျ တော့ Tamoxifen မဟုတ်တော့ဘူးဆရာ။ Letrozole အမည်ရတဲ့ ဟော်မုန်းဆေးတစ်မျိုးဖြစ်နေပါတယ်။ ကျွန်မ သိချင်တာက အဲဒီဆေးက ပိုကောင်းလားဆရာ။ ပြောင်းသောက်ဖို့ လိုအပ်ပါသလား။ သောက်မယ်ဆိုရင်လည်း ဘယ်လောက် ကြာကြာသောက်ရမလဲ ရှင်းပြပေးစေချင်ပါတယ်ရှင့်။
ဖြေ။ ။ အရင်ဆုံး ဟော်မုန်းဆေးများကို ဘာအကြောင်းနဲ့ ကင်ဆာရောဂါများမှာ သုံးနေကြသလဲဆိုတာ ရှင်းပြ ချင်ပါတယ်။ အများသိကြတဲ့အတိုင်း ဟော်မုန်းဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဂလင်းတွေက သဘာ၀အတိုင်း ထွက်နေကြတာပေါ့။ ထုတ်လွှတ်ပေးလိုက်တဲ့ ဂလင်းတွေဆီကနေ သွားလိုတဲ့အင်္ဂါတွေဆီ သွေးထဲကနေတစ်ဆင့် သွားရောက်ကြတာဖြစ်ပါတယ်။ အမျိုးသားများမှာ Testosterone ခေါ်တဲ့ ကျားဟော်မုန်းက ဆီးကျိတ်ကင်ဆာမှာ နာမည်ကြီးသလို အမျိုးသမီးများရဲ့ ရင်သားကင်ဆာမှာလည်း Estrogen နဲ့ Progesterone အမည်ရ မ ဟော်မုန်းများဟာ နာမည်ကြီးပါတယ်။
ရင်သားကင်ဆာများဟာ Estrogen အမည်ရ အမျိုးသမီးဟော်မုန်းနဲ့ တိုက်ရိုက်ဆက်စပ်မှု ရှိနေတာကို တွေ့ရှိရတာကစလို့ ဒီ မ ဟော်မုန်းကို ဖိနှိပ်ထားခြင်းအားဖြင့် ရင်သားကင်ဆာကို ထိန်းချုပ်ထားနိုင်တယ်လို့ သိလာကြရတာဖြစ်ပါတယ်။ ရင်သားကင်ဆာတိုင်းမှာတော့ ဒီ မ ဟော်မုန်းတွေ ရှိနေကြတာ မဟုတ်ပါဘူး။ ရင်သားကင်ဆာများရဲ့ တစ်၀က်ကျော်လောက်က အဲဒီဟော်မုန်းများနဲ့ ဆက်စပ်မှု ရှိနေကြတာကိုတွေ့ရပါတယ်။ ER, PR ခေါ်တဲ့ ဟော်မုန်းစစ်ဆေးမှုများကို ခွဲစိတ်ဖြတ်တောက်လိုက်တဲ့ ကင်ဆာဖြစ်သော ရင်သားမှာ စစ်ဆေးကြရတာပါ။ ER, PR တွေ ရှိနေတယ်ဆိုမှ မဟော်မုန်း ထိန်းချုပ်ဆေးတွေကို အသုံးပြုဖို့ လိုတာဖြစ်ပါတယ်။
Tamoxifen အမည်ရ ဆေးက မဟော်မုန်းဖြစ်တဲ့ Estrogen ကို ဆန့်ကျင်တဲ့ ဆေးဖြစ်ပါတယ်။ 1950 ပြည့်နှစ်၀န်းကျင်ကာလများ ကတည်းက ပေါ်လာခဲ့တာပါ။ စပေါ်စဉ်ကတော့ သားဆက်ခြားဆေးအဖြစ် အသုံးချ ဖို့ မျှော်မှန်းခဲ့ပေမယ့် နောက်ပိုင်းမှာ ရင်သားကင်ဆာ ကာကွယ်ကုသဆေးဖြစ်လာခဲ့ပါတယ်။ Tamoxifen ဆေးဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ Estrogen ထုတ်လုပ်ပေးသော နေရာတွေကိုသွားပြီး အဲဒီဟော်မုန်းထုတ်လုပ်မှုတွေကို ပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့အခါမှာလည်း ရင်သားတွင်းမှာရှိတဲ့ Estrogen ထုတ်လုပ်ပေးတဲ့နေရာတွေမှာ သွားရောက်ပိတ်ဆို့လိုက်ခြင်းဖြင့် ရင်သားကင်ဆာ ပြန်မဖြစ်အောင် ကာကွယ်နိုင်တာပါ။
ရင်သားကင်ဆာကို တခြား နည်းလမ်းများနဲ့ မကုသဘဲ Tamoxifen ဆေးသောက်တာနဲ့တင် တစ်နှစ် အတွင်း ကင်ဆာပြန်ကြွလာနှုန်းကို 30 ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ Tamoxifen ကို တစ်နှစ်၊ နှစ်နှစ်တည်းသောက်တဲ့ လူနာထက် ငါးနှစ်သောက်တဲ့ လူနာများက ရင်သားကင်ဆာပြန်ဖြစ်နှုန်း ပိုနည်းတယ်ဆိုတာ ခိုင်မာတဲ့ သက်သေတွေရှိတယ်။ အဲ - ငါးနှစ် နောက်ပိုင်း ဆယ်နှစ်အထိ သောက်တယ်ဆိုရင်လည်း ပိုပြီးကောင်းတယ်လို့ တချို့သုတေသနတွေကဆိုတယ်။ ဒါပေမယ့် လက်ရှိကာလအထိတော့ Tamoxifen ကို ငါးနှစ်ကျော်တဲ့အထိ ဆက်သောက်သင့်တယ်လို့ မပြောကြသေးဘူး။ အကြောင်းက Tamoxifen ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပါ။ ခြေထောက်မှာ သွေးကြောပိတ်ပြီး အဲဒီသွေးခဲက ပြုတ်ထွက်လို့ အဆုတ်ထဲရောက်ပြီး သေနိုင်တယ်။ သားအိမ်ကင်ဆာ (Endometrial cancer) ဖြစ်စေနိုင်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ လူနာပေါင်း 5000 ပါ၀င်တဲ့ Tamoxifen ဆယ်နှစ်ကြာ သောက်သုံးတဲ့ သုတေသနကြီးတစ်ခုကို ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာ သားဥအိမ်ကနေ Estrogen ကို အများဆုံး ထုတ်ပေးတယ်ဆိုပေမယ့် Estrogen ဟော်မုန်းကို တခြားခန္ဓာကိုယ် အနှံ့အပြားကနေ ထုတ်ပေးနေတာလည်းရှိပါတယ်။ အဲဒီဟော်မုန်းတွေဟာ အဆီဓာတ်တွေကို အခြေခံပြီး ဖြစ်လာကြတာ။ ဒါ့ကြောင့် ရင်သားကင်ဆာဟာ အ၀လွန်ခြင်းနဲ့ တိုက်ရိုက် ဆက်စပ်တယ်လို့ ပြောနေကြတာပေါ့။ Estrogen ဟော်မုန်းကို Androgen ဆိုတဲ့ ကျားဟော်မုန်းကနေလည်း ပြောင်းလဲထုတ်လုပ် ပေးလို့ရပါတယ်။ Letrozole ဆိုတဲ့ဆေးကတော့ အဲဒီပြောင်းလဲမှုကို ပိတ်တဲ့ဆေးပေါ့။ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေမှာ Letrozole ဆေးက Tamoxifen လောက် Estrogen ကို မထိန်းချုပ်နိုင်ဘူး။ ဒါ့ကြောင့် Letrozole ကို သွေးဆုံးပြီးတဲ့ ရင်သားကင်ဆာ အမျိုးသမီးလူနာတွေမှာ ပိုသုံးကြတာပါ။ သွေးဆုံးတယ်ဆိုတာက သားဥအိမ် အလုပ်မလုပ်တော့တာကိုပြောတာ မဟုတ်လား။ သားဥအိမ် အလုပ်လုပ်နေသေးသရွေ့ Letrozole ကို မသုံးချင်ဘူးဆိုတဲ့ သဘောပေါ့။
နောက်တစ်ချက်က ဟော်မုန်းဆေးတွေကို ကင်ဆာဆေးများနဲ့ တွဲပြီးပေးလေ့မရှိဘူး။ ဓာတ်ရောင်ခြည်ပေးနေတဲ့အချိန်မှာ ပေးလေ့မရှိဘူး။ အဲဒီကုသမှုတွေပြီးတော့မှ ငါးနှစ်သောက်ကြရတာဖြစ်ပါတယ်။
တချို့ ရင်သားကင်ဆာလူနာတွေမှာ ဟော်မုန်းဆေးဆိုပြီး သုံးလတစ်ခါဆေးထိုးရတာ ရှိပါတယ်။ အဲဒါ ကတော့ LHRH Agonist ဆိုတဲ့ ဆေးတစ်မျိုးကို ထိုးတာပါ။ ခန္ဓာကိုယ်မှာ LH ဆိုတဲ့ ဟော်မုန်းက အမျိုးသားတွေမှာ ကျားဟော်မုန်း၊ အမျိုးသမီးတွေမှာ မ ဟော်မုန်းထွက်လာအောင် နှိုးဆွပေးရတာ။ ဒီဆေးကို ထိုးလိုက်ခြင်းဖြင့် အဲသလို နှိုးဆွပေးတာ အားလျော့သွားပါတယ်။ အမျိုးသမီးတွေမှာဆို Estrogen ဟော်မုန်းအထွက်နည်းသွားစေလို့ ရင်သားကင်ဆာအတွက် သုံးလို့ရတယ်။ ဒီဆေးကိုပဲ အမျိုးသားတွေမျာ ထိုးရင် Testrosterone ဟော်မုန်း အထွက်နည်းသွားလို့ ဆီးကျိတ်ကင်ဆာ ကုသရေးမှာ အရေးပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြားမှာ ဆေးသွား ကုပြီးပြန်လာကြတဲ့ လူနာတွေ အသုံးများကြတာမို့ ဒီနေရာမှာ ကြုံကြိုက်လို့ ရှင်းပြလိုက်တာပါ။
ဒေါ်ေ၀ေ၀က သွေးမဆုံးခင်မှာ ရင်သားကင်ဆာဖြစ်လို့ Tamoxifen ပေးတာဖြစ်ပြီး မိတ်ဆွေအမျိုးသမီးကိုတော့ သွေးဆုံးပြီးမှ ရင်သားကင်ဆာဖြစ်တာမို့ Letrozole ဆေးကို ပေးတာဖြစ်ပါ လိမ့်မယ်။ ဆေးတစ်မျိုးချင်းစီးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့မို့ သက်ဆိ်ုင်ရာ ဆရာ၀န်က ရွေးချယ်ပေးပါလိမ့်မယ်။ ဘယ်လောက်ထိ သောက်ရမလဲဆိုတာကတော့ အခုလောလောဆယ်အထိကတော့ ငါးနှစ်ထိပဲ သောက်သုံးပါလို့ ဖြေကြားလိုက်ပါတယ်။
Credit; ဒေါက်တာလွှမ်းမိုးဟန်
Health Digest Journal (No.24)






























