ရုတ်ခြည်း ဆီးသွားမရ ကျားတို့ဒုက္ခ
ရုတ်ခြည်းဆီးသွားမရခြင်း (Acute Retention) ရောဂါဟာ အမျိုးသားများမှာ ပိုအဖြစ်များပါတယ်။ လူနာ အနေနဲ့တော့ ဆီးသွားမရတာ အဓိကဖြစ်လို့ ဆီးအိမ်ထဲမှာ ဆီးတွေစုနေပြီး အပြင်ကိုစွန့်ထုတ်လို့မရတဲ့ Acute Retention လား၊ ကျောက်ကပ်တွေက ပျက်စီးပြီး ဆီးမထုတ်လုပ်နိုင်လို့ ဆီးအိမ်ထဲမှာ ဆီးမရှိတာမို့ ဆီးမသွားနိုင်တဲ့ Anuria လားဆိုတာကို သမားတော်က ခွဲခြားသိပြီး လိုအပ်သလို ပြုစုကုသပေးရမှာဖြစ်ပါတယ်။ တကယ်တော့ ကျောက်ကပ်တွေ ပျက်စီးပြီး ဆီးမထွက်လာတဲ့အခြေအနေက ပိုစိုးရိမ်စရာဖြစ်ပေမဲ့ ဆီးအိမ်ထဲမှာ ဆီးမရှိတော့ ဆီးအိမ်ဖောင်းကားပြီး နာကျင်မှုကိုလည်း မဖြစ်စေပါဘူး။ ရုတ်ခြည်း ဆီးသွားမရခြင်း (Acute Retention) မှာတော့ ဆီးတွေက ဆီးအိမ်ထဲမှာ စုနေလို့ ဆီးအိမ်ဟာဖောင်းကားနေပြီး ဆီးခုံစပ်ဟာ ဖောင်းတင်းနေပါတယ်။ ဆီးအိမ်ကြွက်သားတွေတင်းနေပြီး ဆီးတွေကို ကြိုးစားညှစ်ထုတ်နေရလို့ လူနာဟာဆီးခုံစပ်မှာနာပြီး အော်ဟစ်ညည်းညူနေရတတ်ပါတယ်။ ဆီးစပ်ကိုလည်း ထိမခံနိုင်ဘဲ လက်ချောင်းလေးတွေနဲ့ အသာခေါက်ကြည့်တဲ့အခါမှာ အသံဟာမာနေပါတယ်။ Dullness ပါပဲ။ ဒီလို ဆီးသွားမရတဟာ ရုတ်ခြည်းမဟုတ်ဘဲ နာတာရှည်ဖြစ်လေ့ဖြစ်ထရှိတဲ့အခါမှာတော့ နာကျင်တာ သိပ်မရှိတော့ဘဲ၊ ဆီးခုံဖောင်းတင်းကာ ဆီးတွေယိုစီးမှု (Retention with Overflow) ဖြစ်နေတာတွေ့ရပါတယ်။ အထူးသဖြင့်တော့ ကျောရိုးမကြီးအတွင်းက အာရုံကြောတွေ ထိခိုက်ပျက်စီးတဲ့အခါမှာ ဖြစ်တာများပါတယ်။
သာမန်အားဖြင့် အမျိုးသားများ၏ ဆီးလမ်းကြောင်း (Urethra) ဟာ ဆီးအိမ်အ၀ကနေ လိင်တံထိပ်အထိ 6 လက်မကနေ 8 လက်မခန့်အထိ ရှည်ပြီးကြွက်သားအရွတ်ပြားတွေကိုဖြတ်ပြီး တင်ပါးဆုံအရိုးကွင်းကြားက ထွက်လာကာ ဆီးကျိတ် (Prostate)ကိုလည်း ဖြတ်သန်းခဲ့ရပါတယ်။ အမျိုးသမီးတွေမှာတော့ ဒီဆီးလမ်းကြောင်းဟာ 1 လက်မ - 1 လက်မခွဲခန့်သာရှည်ပြီး ထိခိုက်ဒဏ်ရာလည်း ဖြစ်ခဲပါတယ်။ သားဖွားလမ်းကြောင်းနဲ့ သားအိမ်က ဒီဆီးလမ်း ကြောင်းနဲ့ ဆီးအိမ်နောက်မှာကပ်ရှိနေလို့ နောက်ဘက်ကို လန်နေတဲ့ Retroverted Gravid Uterus ရှိသူတွေမှာတော့ သားအိမ်ခေါင်း၀က ဖိထားလို့ တစ်ခါတစ်ရံ ရုတ်ခြည်းဆီးသွားရ ခက်ခဲတတ်ပါတယ်။ အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရတဲအခါမှာတော့ (Spinal Injury) ဆီးအိမ်ကြွက်သားတွေ ညှစ်အားနည်းပြီး ဟန်ချက်မညီတဲ့အခါတွေမှာ ဆီးအိမ်အတွင်း ထွက်ပေါက်မှာ ကျောက်တည်ပိတ်ဆို့တဲ့အခါမှာတော့ ရုတ်ခြည်း ဆီးမသွားနိုင်မှုဟာ ကျား၊ မ မရွေး မှာဖြစ်တတ်ပါတယ်။ ဒီရောဂါဒဏ်ရာတွေက အမျိုးသားတွေမှာတော့ ပိုဖြစ်တတ်တာမို့ ရုတ်ခြည်းဆီးသွားမရတာ အမျိုးသားတွေမှာ ပိုတွေ့ကြုံရပါတယ်။
တကယ်တော့ ကျောက်ကပ်က ထုတ်ပေးလိုက်တဲ့ ဆီးတွေဟာ Ureter ဆိုတဲ့ ဆီးပြွန်နှစ်ခုကနေ ဆီးအိမ်ထဲ စီးဆင်းစုအောင်းပြီး ကျောရိုးထဲက အာရုံကြောမကြီးနဲ့ ဦးနှောက်ရဲ့ထိန်းချုပ်မှုဖြင့် ဆီးအိမ်ကြွက်သားများ ညှစ်အားဖြင့် ဆီးတွေကို တွန်းထုတ်လိုက်ခြင်းဖြင့် ဆီးထွက်ကျလာတာဖြစ်ပါတယ်။ ဆီးထွက်လာတာကို ဆီးအိမ်အတွင်းမှာ ဆီးတွေစုထားပြီး အာရုံကြောကြွက်သားတွေ ပုံမှန်အလုပ်လုပ်နိုင်ဖို့ လိုအပ်သလို၊ ဆီးအိမ်ကနေ လိင်တံထိပ် အပေါက်၀အထိ ဆီးပြွန် (Urethra) မှာ ရောဂါဒဏ်ရာတွေကြောင့် ပိတ်ဆို့နေမှုမရှိဖို့ လိုအပ်ပါတယ်။ နောက်ပြီးလူနာ၏စိတ် အနေအထား၊ ခန္ဓာကိုယ်အနေအထားတွေကလည်း အဆင်ပြေလျောက်ပတ်ဖို့ လိုအပ်လှပါတယ်။ တချို့လူနာတွေမှာတော့ အထူးသဖြင့် စအိုပိုင်းခွဲစိတ်ထားသူတွေ၊ သားဖွားလမ်းကြောင်း ခွဲစိတ်ပြီးစသူတွေမှာ ဆီးမသွားနိုင်ကြတာတွေ့ရပါတယ်။ ဒီအခါမှာ အနာသက်သာတဲ့ ဆေးတွေပေးပြီး ဆီးသွားစေဖို့ အားပေးတိုက်တွန်းခြင်း၊ ရေနွေးအိတ် ကပ်ပေးခြင်းများက ဆီးကိုမချူရဘဲ အလိုလိုထွက်ကျလာစေဖို့ အထောက်အကူဖြစ်စေပါတယ်။
ယောကျာ်း (ကလေးငယ်) တွေမှာတော့ လိင်တံထိပ်အရေပြားအပေါက် (Prepuce) အပေါက်ကျဉ်းလွန်းတဲ့ Phimosis ရောဂါ၊ ဆီးပြွန်ချောင်းထိပ်ကျဉ်းလွန်းတဲ့ Pinhole Meatus နဲ့ ဒီပြွန်ထိပ်၀မှာ ကျောက်တည်ပိတ်ဆို့နေမှု၊ လိင်တံထပ်အရေပြားကို အတင်းဆွဲလှန်တဲ့အခါမှာ ဒီအရေပြားအပေါက်က ဖိညှစ်ထားလို့ ဆီးပြွန်ပိတ်ဆို့ကာ ဆီးမသွားနိုင်ဘဲဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုတော့ ရောဂါရာဇ၀င်မေးမြန်းခြင်းအပြင် ကိုယ်တွေ့စစ်ဆေးခြင်းဖြင့် အလွယ်တကူတွေ့ရှိသိရှိပြီး ကျဉ်းနေတဲ့နေရာတွေကို ခွဲစိတ်ချဲ့ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အရွယ်အတော်အသင့်ရောက်လာပြီ ထုပ်တန်း သစ်ကိုင်း စတာတွေပေါ် ခွလျက်ကျပြီး ဆီးပြွန်ဒဏ်ရာရတဲ့အခါ အခြားမတော်တဆဒဏ်ရာရတဲ့အခါ ရန်ဖြစ်သတ်ပုတ်တဲ့အခါတွေမှာလည်း Ruptured Urethra ဆိုတဲ့ ဆီးပြွန် စုတ်ပြဲပွန်းပဲ့ ရောင်ရမ်းမှုတွေကြောင့် ဆီးပြွန်ပိတ်ပြီး ဆီးမသွားနိုင်ဘဲလည်း ဒုက္ခတွေဖြစ်တတ်ပါတယ်။ ဒီဆီးပြွန် စုတ်ပြဲတဲ့နေရာက ဆီးတွေယိုစီးပြီး ကပ်ပယ်အိတ်၊ ဆီးခုံတွေမှာ ဆီးတွေစုေ၀းကာ ဗက်တီးရီးယားပိုးတွေ ၀င်ရောက် ဒုက္ခပေးပါက သွေးဆိပ်ပါတက်ပြီး ဒုက္ခရောက်တတ်လို့ ဒီလိုအခြေအနေမှာတော့ အထူးကု ဆီးရောဂါခွဲစိတ် ဆရာ၀န်ကြီးများနှင့် ပြသဖို့လိုအပ်ပါတယ်။ သာမန်သမားတော်အနေနဲ့တော့ ဒီလိုဒဏ်ရာဖြစ်နိုင်တဲ့သူတွေမှာ ညင်သာစွာ ဆီးပိုက် (Catheter) ကိုကြိုးစားထည့်ကြည့်သင့်ပါတယ်။ အားသုံးပြီး ကြမ်းတမ်းစွာ ဆီးပိုက်ထည့်ခြင်း၊ ဆီးပြွန်လမ်းကြောင်းကို ထိုးဆွမွှေနှောက်ခြင်းမလုပ်ဘဲ ဆီးအိမ်ထဲက ဆီးတွေကို ဆီးခုံမှာ အပေါက်ဖောက်ပြီး Suprapubic Cystotomy မျှသာ ဆောင်ရွက်ပေးပြီး အထူးကုထံပို့ဆောင်ပေး ရမှာဖြစ်ပါတယ်။ ဒီအရွယ်မှာ အခြားဖြစ်တတ်တဲ့ ရောဂါတွေကတော့ ကာလသားရောဂါဖြစ်ကာ ဆီးပြွန်ရောင်ရမ်းကာ ပြည်ပုပ်၊ သွေးပုပ်တွေထွက်တဲ့ Urethritis ဖြစ်ပါတယ်။ ဒီရောဂါကို ပိုးသတ်ဆေးများဖြင့် သက်သာပျောက်ကင်းစေနိုင်သော်လည်း ဆီးပြွန်ကျဉ်းမြောင်း (Urethral Sticture) သွားနိုင်ပါတယ်။ ဒီအခါမှာတော့ ဒီဆီးပြွန်ကို Dilators များဖြင့် ပြန်ချဲ့ပေးခြင်း၊ Optical Urethroplasty ကိရိယာဖြင့် ကျဉ်းသောနေရာများကို ဖြတ်ပေးခြင်း၊ နောက်ဆုံး Urethroplasty ခေါ်တဲ့ ပြန်လည် ပြုပြင်တဲ့ ခွဲစိတ်မှုကို အထူးခွဲစိတ်ကုဆရာ၀န်ကြီးတွေက ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒီလိုမဖြစ်ဖို့ကတော့ Prevention is better than cure ဆိုသလို ကာလသားရောဂါကူးစက်မခံရစေရန် ရှောင်ရှားခြင်း၊ အကာအကွယ်အသုံးပြုခြင်းများကို လိုက်နာကြရမှာဖြစ်ပါတယ်။
သက်ကြီးရွယ်အိုတွေမှာတော့ ဆီးကျိတ်ကြီးမားမှုဟာ အဓိကပြဿနာဖြစ်ပါတယ်။ အသက် 50 ခန့်မှာတော့ သဘာ၀အရ ဟော်မုန်းဓာတ်တွေ ပြောင်းလဲမှုကြောင့် ဆီးကျိတ်ကြီးလာတတ်ပါတယ်။ တချို့မှာ ရောဂါ လက္ခဏာတွေပေါ်လာတတ်ပေမဲ့ တချို့မှာတော့ ဘာရောဂါလက္ခဏာမှ မပေါ်ပါ။ သာမန်အားဖြင့် ဆီးသွားရတာ ခက်ခဲပြီး ကြာတတ်သလို ဆီးလုံးကလည်း အားလျော့ကာ ဆီးမထိန်းနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဆီးစသွားရတာ ခက်ခဲပြီးကြာတတ်သလို ဆီးလုံးကလည်း အားလျော့ကာ ဆီးမထိန်းနိုင်ဘဲ ဖြစ်တတ်ပါတယ်။ ဆီးစသွားရတာ ခက်ခဲသလို ဆီးသွားပြီးပါကလည်း တစ်စက်ချင်း ကျတတ်ကာ ညပိုင်းမှာ ဆီးမကြာခဏ သွားရတတ်ပါတယ်။ ပုံမှန်အားဖြင့် ဆီးလမ်းကြောင်း ပိတ်ဆို့မှု မရှိသော်လည်း အိပ်ပျော်နေလို့ပဲဖြစ်ဖြစ်၊ ဆီးသွားချင်စိတ်ရှိနေတဲ့ အချိန်မှာ အောင့်ထားလွန်းလို့ပဲဖြစ်ဖြစ်၊ ကြာရှည်ဆီးမသွားဘဲ နေတဲ့အခါ ဆီးအိမ်ထဲက ဆီးတွေက ဆီးကျိတ်အတွင်းက သွေးပြန်ကြောတွေကိုဖိထားမိပြီး ဆီးကျိတ်ရုတ်ခြည်းကြီးမားလာကာ ဆီးပြွန်ကို ဖိညှပ်ပိတ်ဆို့မှု ဖြစ်သွားလို့ရုတ်ခြည်း ဆီးမသွားနိုင်ဘဲ ဆီးစပ်ဖောင်းတင်းကာ ကယ်ပါ၊ ယူပါ တစာစာ အော်ရင်း ဆေးရုံဆေးခန်းကို ပြေးကြရတတ်ပါတယ်။ ဦးစွာတော့ အနာသက်သာအောင် ဆေးတွေပေးပြီး ကိုယ့်ဘာသာဆီးသွားနိုင်စေရန် အားပေးရပါတယ်။ ရေနွေးအိတ်ကပ်ခြင်း၊ အသာအယာ ဖိပေးခြင်းများ ပြုလုပ်ပေးလို့မှ မရတဲ့အခါမှာတော့ ဆီးပိုက်အသေးလေးနဲ့ ဆီးချူရပါတယ်။ ပျော့ပျောင်းတဲ့ ဆီးချူပိုက်နဲ့ ချူလို့ရပါတယ်။ နည်းနည်းမာတဲ့ပိုက် သို့မဟုတ် Metal Catheter သို့မဟုတ် Dilator နဲ့ချဲ့ပြီး ပိုက်သေးသေးဖြင့် ထပ်ချူကာသွေးကြောများ နဂိုအနေပြန်ဖြစ်သည်အထိ ဆီးပိုက်ကို တစ်ပတ်ခန့်အထိ ထည့်ထားရပါတယ်။ ဒီလို ဆောင်ရွက်ပေးတဲ့အခါမှာ ဆီးလမ်းကြောင်းကို မထိခိုက်စေဖို့ ညင်ညင်သာသာ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုဆောင် ရွက်ပေးလို့မှမရပါက ဆီးခုံမှာ အပေါက်ဖောက်ပြီး Suprapubic Cystotomy လုပ်ပေးကာ ဆီးကျိတ်ကို ပိုးသတ်ဆေး များပေးပြီးမှ ခြစ်ထုတ်ပေးတဲ့ TURP (Transurethral Resection of Prostate) ခွဲစိတ်မှုကိုပြုလုပ်ပေးခြင်းဖြင့် ရုတ်ခြည်းဆီးသွားမရ၊ ကျားတို့ ဒုက္ခကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်းဖြင့် ယခုတစ်လအတွက် နိဂုံးချုပ်အပ်ပါသည်။
Credit; ပါမောက္ခဦးမြသိန်းဟန် (ခွဲစိတ်အထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 240, January 2015






























