ရူမက်တွိုက် အဆစ်ရောင်ရောဂါအတွက် စားသုံးသင့်သည့် ဓာတ်စာများ
ရူမက်တွိုက် Rheumatoid Arthritis အဆစ်ရောင် ရောဂါဟာ ကိုယ်ခံအားစနစ် ပျက်ယွင်းတဲ့ရောဂါဖြစ်ပြီး၊ အသက်ရလာတဲ့ ယောကျာ်း၊ မိန်းမ မရွေးတွေ့ရတတ်ပါတယ်။ သိသိချင်း ဆေးကုသရင်တော့ အဆစ်တွေကွေးကောက်ပုံပျက်ပန်းပျက်ဖြစ်တာ ကာကွယ်နိုင်ပေမယ့် နောက်ကျသွားရင် လက်ချောင်း၊ ခြေချောင်းတွေ၊ ကွေးကောက်ကာ အမြင်မလှသလို၊ အကိုင်အတွယ်လည်း မမြဲတော့ပါဘူး။ ကိုယ်ခံအား ထိန်းညှိဆေးတွေ၊ စတီးရွိုက် အရောင်ကျ ဆေးတွေပေးကာ ကုသမှုကိုသက်ဆိုင်ရာ ဆရာ၀န်ကြီးများထံမှ စနစ်တကျခံယူထိုက်သလို၊ ရောဂါကို သက်သာပျောက်ကင်းဖို့တစ်ဖက်တစ်လမ်းက အကျိုးပြုတဲ့ အောက်ပါနည်းလမ်းတွေ လိုက်နာဖို့လည်းအကြံကောင်းပေးလိုပါတယ်။ နာတာရှည် အဆစ်ရောင်ရောဂါအဖြစ် တစ်သက်တာတစ်ပတ်လုံး၊ ဆေးဝါးတွေ မှီ၀ဲရင်း၊ အချိန်မှန်လေ့ကျင့် ခန်းလည်းလုပ်၊ စိတ်ဖိအားကိုလည်းလျှော့ချ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်နေထိုင်မယ်ဆိုရင် ဆိုးရွားတဲ့ အဲဒီရောဂါရဲ့ အန္တရာယ်လက္ခဏာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေလိုက်နာရင် အသုံးပြုတဲ့ ဆေးဝါးတွေရဲ့ အာနိသင်ကိုလည်း ပိုမိုထိရောက်စေပါတယ်။
1. ဂမ်မာ လီနိုလင်းနစ် အက်စစ်
Gamma Linolenic Acid-GLA ဖက်တီးအက်စစ်တစ်မျိုးဖြစ်တဲ့ ဒီအက်စစ်ကို ကိုယ်တွင်းရောင်ရမ်းမှုတွေ ကို လျှော့ချရာမှာ အသုံးများတယ်။
အဲဒါများများစားပေးရင် ရောင်ရမ်းကာ တင်းမာနေတဲ့ အဆစ်တွေအရောင်ကျရုံသာမကဘဲ အဆစ်လှုပ်ရှားမှုပါ ပျော့ပျောင်းလာစေတယ်။ GLA ပါတဲ့ အဆီတွေကတော့၊ ဘိုးရေ့အဆီ Borage oil, black currant oil, evening Primroses oil တို့ ဖြစ်ကြတယ်။ နောက်ဆုံးက အီးပီအဆီကို ညမွှေးပန်းအဆီ အဖြစ် ဈေးကွက်မှာ ၀ယ်လို့ရပါတယ်။
2. ဖက်တီးအက်စစ်များ (Fatty Acids)
အရိုးအဆစ်ရောင်နေသူကို သက်သာစေတယ်။ အစားအစာထဲမှာပါတဲ့ အိုမီဂါ ဖက်တီးအက်စစ်တွေက အဆစ်ရောင်နာကျင်တာ၊ တောင့်တင်းလှုပ်မရတာတွေ သက်သာလာစေတယ်။ အဲဒီ ဖက်တီးအက်ဆစ်တွေများစွာ ပါ၀င်တဲ့ ဆော်လမွန်ငါး၊ တူနာငါး၊ ဆားဒင်း ငါးသေတ္တာငါး၊ ငါးကြီးဆီ ဆေးလုံး၊ ငါးကွန်းရှပ်စတဲ့ ပင်လယ်ငါးအပါအ၀င် အဆီထူ ငါးအမျိုးမျိုး စားသင့်တယ်။ ငါးကြီးဆီ အိုမီဂါ-3 ပါတာ များများစားပေးရင် သွေးတွင်းအဆီကျစေပြီး သွေး မပျစ်အောင်၊ သန့်ရှင်းအောင် ပြုလုပ်ပေးနိုင်တယ်။
3. ရေနွေးစိမ်ခြင်း
အဆစ်အမျက်ရောင်ရမ်းသူတွေအနေနဲ့ ရေနွေးစိမ်ခြင်း၊ ရေပူစမ်းစိမ် ရေချိုးခြင်းကလည်း နာကျင်တာနဲ့ အဆစ်တောင့်တင်းတာကို သက်သာပျောက်ကင်းစေတယ်။ ဂျာကူဇီ ရေနွေးစိမ်ချိုးကန်အတွင်း တစ်ကိုယ်လုံး စိမ်ပြီး ရေချိုးပေးရင်လည်း ပိုမိုကောင်းမွန်စေပါတယ်။ ဒါမှမဟုတ် ရေနွေးနွေးနဲ့ ရေပန်းနဲ့ချိုးချိုး၊ ရေချိုးကန်ထဲမှာ ပဲစိမ်စိမ် ထပ်တူအကျိုးရရှိစေတယ်။ အရိုးအဆစ် ရောင်ရမ်းနာကျင်စဉ်မှာတော့ ရေအေးနဲ့ရေချိုးရင် လည်း ကောင်းပါတယ်။
ရောင်ရမ်းနေတဲ့၊ နေရာပေါ်ကို ရေခဲအိတ်၊ ရေခဲရေစိမ်ထားတဲ့ အ၀တ်စတစ်ခုခု တင်ထားပေးတာကလည်း နာကျင်မှု၊ ရောင်ရမ်းမှု ကျစေတယ်။ အဲဒီ အေးနေတဲ့ အ၀တ်စကို ရောင်ရမ်းနေတဲ့ အဆစ်ပတ်လည် ရစ်ပတ်ထားပြီး နွေးလာတော့ အေးတာပြန်တင်ပေးလိုက်နဲ့ အလဲအလှယ်လုပ်ပေးရင်လည်း ကောင်းပါတယ်။ အဲဒီလိုလုပ်ရုံနဲ့တော်တော်တန်တန် အဆစ်နာတာက သက်သာသွားတာများပါတယ်။ တကယ်လို့ ကောင်းကောင်း မသက်သာရင် ဆေးရုံ၊ ဆေးခန်း ပြသင့်ပါတယ်။
4. စိတ်နဲ့ ကိုယ်နှစ်မျိုးစလုံးအနားရတဲ့ လေ့ကျင့်ခန်းလုပ်ပါ
ရူမက်တွိုက် အဆစ်ရောင်သူတွေမှာ စိတ်ဖိအားများရင် များသလိုအဆစ်ရောင်ရမ်းတာ ပိုပိုဆိုးလာတတ်တယ်။ စိတ်ရောကိုယ်ပါ အနားရတဲ့ ကာယလေ့ကျင့်ခန်းတွေ အချိန်မှန်ပြုလုပ်ရင် စိတ်ဖိအားလျော့ကျစေပြီး၊ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့အတူ ဇီ၀ကမ္မစနစ်တွေပါ ကောင်းမွန်လာစေလို့ ရောဂါပိုသက်သာလာစေတယ်။ အဲဒီလိုလေ့ကျင့်ခန်းတွေက ယောဂ၊ ထိုက်ချိ အကြောလျှော့လေ့ကျင့်ခန်း Flexibility Exercise နဲ့ တရားထိုင်ခြင်း ပြုလုပ်တာတွေပဲဖြစ်တယ်။ နေ့စဉ် အဲဒီအထဲက နှစ်သက်ရာ တစ်မျိုးမျိုးကို နာရီ၀က်ခန့်နဲ့ တစ်ပတ်မှာအနည်းဆုံး စုစုပေါင်း 3 နာရီခန့် ကစားပေးသင့်တယ်။ အချိန်မရှိဘူးဆိုရင် အနားယူချိန်နဲ့ အိပ်ချိန်ထဲက ဖဲ့ယူပြီးလေ့ကျင့်ခန်း လုပ်သင့်တယ်။
5. ရောင်ရမ်းမှု ကျစေတဲ့ အစားအစာများ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေ ရွေးချယ်စားသောက်ရင် အဆိုပါအဆစ်ရောင်ရောဂါ သက်သာနိုင် တာတွေ့ရတယ်။ အဆစ်ရောင်သူတိုင်းလည်း ရောင်ရမ်းမှုကျစေနိုင်တဲ့ အစားအစာတွေ ရွေးချယ်စားသောက်သင့် ပါတယ်။ အဆီများတာတွေ၊ ဆားအငန်ကဲတဲ့ အစားအသောက်တွေ၊ ဘီယာနဲ့ ကြာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအစာနဲ့ အမြန်စာတွေကို လုံး၀ရှောင်ကြဉ်သင့်ပါတယ်။ ရောင်ရမ်းခြင်းဖြစ်စေတာတွေဆိုရင်လည်း မစားသင့်ပါဘူး။ ရောင်ရမ်းမှုကို လျော့နည်းစေတဲ့အောက်ပါတို့ကိုတော့ များများစားသင့်ပါတယ်။ အဲဒါတွေကတော့ အသီးအရွက် အမျိုးမျိုး၊ သံလွင်ဆီ၊ သိပ်ဖြူအောင်ဖွပ်မထားတဲ့ Whole Grain ကောက်နှံတွေ၊ White Tea၊ ဆေးဖက်၀င် သစ်ရွက် သစ်ခေါက်တွေ၊ ပဲအမျိုးမျိုးနဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေ များများစားပေးသင့်တယ်။ အဲဒီအစားအစာ အားလုံးဟာ အောဂဲနစ်သီးနှံတွေဖြစ်လေ ပိုကောင်းလေဖြစ်ပါတယ်။
6. ပရိုဘိုင်အိုတစ် အကျိုးပြု ဗက်တီးရီးယားများ
အစာအိမ်နဲ့ အူလမ်းကြောင်းမှာ လူကိုဒုက္ခပေးတဲ့ ဗက်တီးရီးယားတွေရှိနေရင် သူတို့က အဆစ်ရောင်ရမ်းခြင်း ကိုတောင် ပိုအားပေးပါသေးတယ်။ အဲဒီဗက်တီးရီးယားတွေ ဖယ်ရှားပစ်ဖို့နဲ့ ကာကွယ်ပေးဖို့ ပရိုဘိုင်အိုတစ်တွေပါတဲ့ ဒိန်ချဉ်တွေ probiotic, bioflor, smacta, innolac, trilac, bilac စတဲ့ ပရိုဘိုင်အိုတစ် အထုပ်လေးတွေကို အညွှန်းအတိုင်းသောက်သုံးရင် အဆစ်ရောင်ရမ်းတာ ပိုမဆိုးအောင် ကာကွယ်ပေးနိုင်ပါတယ်။ ၀မ်းလည်းမှန်စေတယ်။
7. ပူစပ်တဲ့ အစားအစာများ
ပူစပ်တဲ့ အစားအစာတွေမှာ ရောင်ရမ်းမှုကျစေတဲ့ သတ္တိရှိကြတယ်။ ဆေးဖက်၀င် အများစုမှာလည်းပူစပ်တဲ့ အရသာပါကြတယ်။ အဲဒါကြောင့် နနွင်း၊ ကာကူမင်နဲ့ ချင်း၊ ငရုတ်သီးတွေကို နေ့စဉ်ဟင်းချက်တဲ့ အမည်တိုင်းမှာထည့် ချက်စားပေးသင့်တယ်။ စာရေးသူမှာ ရူမက်တွိုက်မဟုတ်တဲ့ အဆစ်ရောင် ဖြစ်နေတဲ့အတွက် ကယ်လ်စီယမ်ဖြည့်စွက်ဆေးနဲ့ နနွင်းဆေးလုံးစွဲမြဲစားလိုက်တာ ခြောက်လအတွင်း သက်သာပျောက်ကင်းလာတာ ကိုယ်တွေ့ဖြစ်ပါတယ်။ ဈေးထဲက နနွင်းမှုန့်မသုံးဖြစ်ဘဲ နနွင်းတက်၀ယ်အဖျင်းတွေပယ်၊ သေချာရေဆေး အခြောက်လှန်းပြီး ကြိတ်စက်ကို အပ်လိုက်တော့ စိတ်ချရတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အမှုန့်ရရှိပါတယ်။ အဲဒါကိုမှ အလောတော် လက်ဖက်ရည် ပန်းကန်လုံးလောက် နနွင်းမှုန့်ကို ပျားရည်နဲ့ သံလွင်ဆီ သုံးချိုးနှစ်ချိုးနဲ့ ရောစပ်နယ်ပြီး လက်သန်းလက်သည်းခွံလောက် အလုံးလေးတွေကိုယ်တိုင်လုံးပါတယ်။ အရိပ်ထဲမှာ တစ်ညနဲ့ တစ်နေ့အခြောက်ခံပြီး မနက်သုံးလုံး၊ ညနေသုံးလုံး အစာစားပြီးတိုင်းသောက်ပေးတာ အဆစ်ရောင်နာကျင်တာလည်း သက်သာပျောက်ကင်း အသားအရေလည်း စိုပြည်စေပါတယ်။ နနွင်းလုံးလေးတွေကို လေလုံတဲ့ဘူးထဲမှာ ရေငွေ့စုပ်တဲ့ အထုပ်လေး 2 ထုပ်ပါ ထည့်သိမ်းထားတော့ အာနိသင်လည်းမပျက်၊ အထားလည်းခံပါတယ်။ အမေရိကန် Nature’s Blend က ထုတ်တဲ့ Turmeric 500 mg Cpasule နနွင်းဆေးတောင့်၀ယ်လို့ရရင်လည်း မနက်နဲ့ ညတစ်တောင့်စီ သောက်ပေးရင် ထပ်တူအကျိုးရှိစေတယ်။
8. ဆေးဖက်၀င် ဖြည့်စွက်စားစရာများ
ရူမက်တွိုက် အဆစ်ရောင်ရောဂါအတွက် သီးသန့်ဖော်စပ်ထားတဲ့၊ ဆေးဖက်၀င်ဆေးတွေ အများကြီးရှိပါတယ်။ နိုင်ငံခြားမှာတော့ Alternative Medicine ပညာရှင်တွေနဲ့ဖြစ်စေ၊ ဓာတ်စာကုထုံးပညာရှင်တွေနဲ့ဖြစ်စေ၊ တိုင်ပင်ကာ ကုသမှုခံယူနိုင်တယ်။ ဆေးဖက်၀င်ဖြည့်စွက်ဆေး အဖြစ်သုံးနိုင်တာတွေက နာနတ်သီးမှရတဲ့ ဘရိုမီလိန် Bromelain၊ အိုလီနိုးလက်အက်ဆစ် Oleanolic Acid၊ လက်ဖက်စိမ်းအဆီအနှစ် Green Tea Extract၊ ကမ်ဘာဦးပင် Ginkgo၊ Thunder God Vine နဲ့ Indian Frankincense စတာတွေရဲ့ ဖြည့်စွက်ဆေးတွေကို အသုံးချပြီးကုသပေးနိုင်ပါတယ်။ အထက်ပါ အစားအစာတွေ၊ နည်းလမ်းတွေက ရူမက်တွိုက်ရောဂါကို သက်သာပျောက်ကင်းဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းကောင်းတွေပဲ ဖြစ်ကြတယ်။ ဘယ်သူမဆိုအလွယ်အသုံးပြုနိုင်တာမို့ ရောဂါကုသရာမှာ ဆရာ၀န်ညွှန်ကြားတဲ့ ဆေးဝါးတွေကိုပါ အထောက်အကူပြုနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
Credit; ဒေါက်တာအေးမြချယ်
Health Digest Journal
Vol: 13, No: 27, 30-3-2016






























