ရောဂါမဟုတ်သော ပြဿနာ
ရောဂါေ၀ဒနာဟူသည် ခံစားချက်နှင့် ဒွန်တွဲနေတတ်လေသည်။ ခံစားချက်တွင် နာကျင်ခြင်း၊ ကိုက်ခဲခြင်း အစရှိသော လက္ခဏာများစွာရှိ၏။ သွားနှင့်ခံတွင်းရောဂါများအနက် အဖြစ်များသော သွားဆွေးမြည့်ခြင်း၊ သွားပိုးစားရောဂါနှင့် သွားဖုံးရောင်ရောဂါတို့တွင် နာကျင်ကိုက်ခဲခြင်းသာမက အစားအစာကြိတ်ဝါးရ ခက်ခဲခြင်းစသည့် ေ၀ဒနာများကို ခံစားရလေသည်။ ထို့အပြင် သွားမျက်နှာပြင်များ ပျက်စီးပြုန်းတီး လာလျှင်လည်း ရေပူရေအေးသောက်သည့်အခါ ကျဉ်သောေ၀ဒနာကို ခံစားရပါသည်။
သို့ရာတွင် အချို့သောသွားနှင့်ခံတွင်းဆိုင်ရာ ချို့ယွင်းချက်များသည် အထက်တွင်ဖော်ပြ ထားသော ေ၀ဒနာမျိုးမခံစားရပါချေ။ ထိုအထဲတွင် သွားများမညီညာခြင်း၊ သွားတွင်အစွန်းအထင်များ ဖြစ်ပေါ်ခြင်းစသည်တို့ ပါ၀င်လေ၏။
ယင်းအတွက်ကြောင့် ေ၀ဒနာမခံစားရသော်လည်း လူမှုပြဿနာကို ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် လူအများရှေ့တွင် စကားပြောဆိုဆက်ဆံရာ၌ ကန့်သတ်မှုများရှိလာပါလိမ့်မည်။ ကမ်ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသော ကျန်းမာရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ -
“ကျန်းမာရေးဟူသည် ရောဂါကင်းစင်ရုံ၊ ခန္ဓာကိုယ်သန်စွမ်းရုံနှင့် မပြီးသေးဘဲ ကိုယ်စိတ်နှင့်လူမှုရေးပြဿနာ များ ကင်းစင်မှသာ ပြည့်စုံသည်” ဟု ဖော်ပြပါရှိလေသည်။
သို့ဖြစ်ပါလျှင် သွားနှင့်ခံတွင်းတွင် တစ်စုံတစ်ရာသော ချို့ယွင်းချက်ကြောင့် လူမှုရေးပြဿနာများ ဖြစ်ပေါ်နေရခြင်းကို မည်သည့်ေ၀ဒနာမျှမခံစားရသည့်တိုင် ကျန်းမာသောသူတစ်ပါးအဖြစ် မသတ်မှတ်နိုင်ပါချေ။
ဤနေရာတွင် မြန်မာနိုင်ငံ၏ အချို့ဒေသမျးတွင် တွေ့ရှိနေရသည့် သောက်သုံးရေတွင် ဖလိုရိုဒ်ဓာတ်ပမာဏ လိုအပ်သည်ထက် ပိုမိုများပြားနေခြင်းကြောင့် သွားအရောင်အဆင်းပုံမှန်အတိုင်း မဟုတ်ဘဲ ပြောင်းလဲနေခြင်းကို ဆွေးနွေးလိုပါသည်။ အဆိုပါအနေအထားတွင် သွားများသည် ပုံမှန်အားဖြင့် ပုလဲရောင်ဖြစ်နေရမည့်အစားဖြူဆွတ်ခြင်း၊ အညိုရောင်သန်းခြင်းနှင့် ပုံစံပျက်ယွင်းနေသည်အထိ ဖြစ်ပေါ်နေ တတ်ပါသည်။
ပုံမှန်အနေနှင့် သောက်သုံးရေတွင် ဖလိုရိုဒ်ဓာတ်ပမာဏသည် အပုံတစ်သန်းပုံလျှင် တစ်ပုံမျှသာ ပါ၀င်ရပါမည်။ ယင်းကို One Part Per Million (ppm) ဟုခေါ်ပါသည်။ အမှန်စင်စစ်ဖလိုရိုဒ်ဓာတ်ကို အသွားနှစ်ဖက်ရှိသော ဓားနှင့် နှိုင်းယှဉ်လေ့ရှိ၏။ အကြောင်းမှာ ဖလိုရိုဒ်ဓာတ်ပါ၀င်မှုနှုန်းထားနည်းပါးလွန်းပါလျှင် သွားများလွယ်လင့်တကူ ဆွေးမြည့်ပျက်စီးနိုင်ပြီး လိုအပ်သည်ထက်ပို၍ပါ၀င်နေပါကလည်း အထက်တွင် ဖော်ပြခဲ့သော သွားအရောင်အဆင်း ပြောင်းလဲခြင်းစသည်တို့ကြောင့် ဖြစ်ပေသည်။
တိတိကျကျဆိုရလျှင် ဖလိုရိုဒ်ဓာတ်သည် 0.7ppm ထက်နည်းလျှင် သွားမျက်နှာပြင်သည် ဆွေးမြည့်ပျက်ဆီး ရန်လွယ်ကူပြီး 1.2ppm ထက်များပါက သွားအရောင်အဆင်းပြောင်းလဲနိုင်ပေသည်။ ယင်းသို့ သွားအရောင်ပြောင်းလဲခြင်းသည် မြန်မာနိုင်ငံရှိ အချို့ဒေသများ (ဥပမာ ၀က်လက်၊ မြင်းခြံ စသည်) တွင် တွေ့ရှိရတတ်ပေသည်။ ဤသို့ သွားအရောင်ပြောင်းလဲခြင်းကို ဒေသခံများက “သွားအကြောင်သည်” ဟု ခေါ်ကြ၏။
ဤဖြစ်ရပ်ကိုပင် ဆေးပညာအလိုအရ Fluorosis ဟုခေါ်ပါသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရသည် မှာ သောက်သုံးရေတွင် ဖလိုရိုဒ်ဓာတ်ပါ၀င်မှုနှုန်းထားများပြားနေခြင်းကြောင့် ပင်ဖြစ်ပေသည်။
အမှန်တွင် ဤပြဿနာကို စတင်သတိပြုမိကြသည်မှာ နှစ်တစ်ရာခန့်ရှိပြီဖြစ်သည်။ ကုန်လွန်ပြီးဖြစ်သော 21 ရာစု၏ အစပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်ရှိ ကော်လိုရာဒိုစပရင်းမြို့တွင် သွားဘက်ဆိုင်ရာ ဆရာ၀န်ဖရက်ဒရစ်မကေ္ကးက စာသင်ကျောင်းများတွင် စစ်ဆေးကြည့်ရှုရာမှ ကျောင်းသား၊ ကျောင်းသူများ၏ သွားပေါ်မှာ အစွန်းအထင်းများကို တွေ့ရှိခဲ့ရ၏။ သို့အတွက် ယင်းခေတ်ကာလက ကော်လိုရာဒိုအစွန်းအထင်းများ (Colorado Stains) ဟုခေါ်ေဝါ်ခဲ့ကြလေသည်။
ဖရက်ဒရစ်မကေ္ကးသည် ၎င်း၏တွေ့ရှိချက်ကို သေချာစွာ ဆန်းစစ်ကြည့်ခဲ့ရာ ယင်းကလေးငယ်များ ၏ သောက်သုံးရေကို သင်္ကာမကင်းဖြစ်ခဲ့သဖြင့် ယင်းရေနမူနာများကို ဓာတုဗေဒဓာတ်ခွဲခန်းသို့ ပို့ဆောင်ဓာတ်ခွဲကြည့်စေခဲ့သည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် အဆိုပါ သောက်သုံးရေ၌ ဖလိုရိုဒ်ဓာတ်ပမာဏ ပုံမှန်ထက်ပိုမိုနေကြောင်းတွေ့ရှိခဲ့ရသည်။
သို့ဖြစ်ရာမှ သောက်သုံးရေတွင် ဖလိုရိုဒ်များပြားခြင်းနှင့် သွားကြောင်ခြင်းတို့ ဆက်စပ်နေပုံကိုသိရှိနားလည် သဘောပေါက်လာကြသည်။ မြန်မာနိုင်ငံ အထက်အရပ်ဒေသရှိ အချို့သော နေရာများတွင် သောက်သုံးရေများ၌ ဖလိုရိုဒ်ဓာတ်များပြားနေကြောင်း တွေ့ရှိထားပြီးဖြစ်ပေသည်။ သို့ရာတွင် သောက်သုံးရေအမျိုးအစားအလိုက် တွင်းရေတွင် အများအပြားပါ၀င်နေပါသည်။
လတ်တလော တွေ့ရှိချက်များအရ မြန်မာနို်င်ငံအထက်ပိုင်း၀က်လက်၊ မြင်းခြံမြို့နယ်များတွင် သွားကြောင် ခြင်းပြဿနာများကို တွေ့ရှိခဲ့ရ၏။ အဆိုပါမြို့နယ်များရှိ သောက်သုံးရေတွင်လည်း ဖလိုရိုဒ်ဓာတ် သာမန်ထက်ပိုမိုကြောင်းကိုပါ စစ်ဆေးတွေ့ရှိခဲ့လေသည်။ ရွှေဘိုမြို့နယ်တွင်မူ သွားကြောင်ခြင်း ပြဿနာမှာ အထက်ဖော်ပြပါမြို့နှစ်မြို့ ထက်စာလျှင် နည်းပါးကြောင်းကိုပါ တွေ့ရှိခဲ့ရလေသည်။
ထိုမှတစ်ဆင့် သောက်သုံးရေအမျိုးအစားကို ဆန်းစစ်ကြည့်ရှုရာ၀က်လက်၊ မြင်းခြံမြို့နယ်များတွင် တွင်းရေကို အသောက်များပြီး ရွှေဘိုမြို့နယ်တွင်ကား ကန်ရေနှင့် အခြားရေများကိုသာ သောက်သုံးကြကြောင်းတွေ့ရှိရလေသည်။ တစ်ချိန်တည်းမှာပင် ၀က်လက်၊ မြင်းခြံနှင့် ရွှေဘိုမြို့နယ်များရှိ တွင်းရေများတွင် ဖလိုရိုဒ်ဓာတ် ပါ၀င်မှုနှုန်းထား များပြားသော်လည်း ရွှေဘိုမြို့နယ်ရှိ ကန်ရေတွင်ကား ဖလိုရိုဒ်ဓာတ်ပါ၀င်မှု ပုံမှန်အနေအထားတွင် ရှိနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
ဖလိုရိုဒ်ဓာတ်၏ ပုံမှန်အနေအထားသည် သောက်သုံးရေ၏ အပုံတစ်သန်းပုံတစ်ပုံ (One Part Per Million) တွင်ရှိလျှင် အကောင်းဆုံးဖြစ်ကြောင်းအထက်တွင် ဖော်ပြပြီးဖြစ်လေသည်။ ရွှေဘိုမြို့နယ်၏ ကန်ရေတွင် ဖလိုရိုဒ်ဓာတ်ပါ၀င်မှုနှုန်းထားသည် 0.85 ppm သာရှိရာ ယင်းသည် အကောင်းဆုံး အနေအထားထဲတွင် ပါ၀င်သည်ဖြစ်ရကား ရွှေဘိုမြို့နယ်၏ 12 နှစ်သားကလေးများတွင် သွားပိုးစားဖြစ်ပွားမှုနှုန်းထားသည် အလွန်နည်းသော အနေအထားတွင်ရှိနေကြောင်းတွေ့ရပေသည်။
သောက်သုံးရေတွင် ပါ၀င်သော ဖလိုရိုဒ်ဓာတ်များသည် သွား၏အပြင်ဘက်ဆုံးသော အလွှာဖြစ်သည့် ကြွေသွားလွှာများ စတင်ဖြစ်တည်သည့်အချိန်တွင် ခိုအောင်းလေ့ရှိပါသည်။ ထိုဖြစ်စဉ်သည် မိခင်၀မ်းဗိုက်အတွင်း သနေ္ဓသားအခြေအနေမှစတင်၍ မွေးဖွားပြီး အသက် 7 နှစ်ခန့်အထိ အကျုံး၀င်လေသည်။
သို့ဖြစ်ရာ ဖလိုရိုဒ်ဓာတ်များသောကြောင့် သွားကြောင်လေ့ရှိသော အရပ်ဒေသများတွင် ကိုယ်၀န်ဆောင်မိခင် များနှင့် ကလေးသူငယ်များ၏ အသက် 7 နှစ်အထိ တွင်းရေကို မသောက်သုံးဘဲ ကန်ရေ သို့မဟုတ် ရေသန့်စသော အခြားသောသောက်သုံးရေများကို သုံးစွဲခြင်းဖြင့် ဖလိုရိုဒ်ဓာတ်ကြောင့် သွားအရောင်အဆင်းပြောင်းလဲခြင်း ကို ရှောင်လွှဲနိုင်မည်ဖြစ်ပါသည်။
ယခုဤဆောင်းပါးတွင်သောက်သုံးရေ၌ ဖလိုရိုဒ်ပါ၀င်မှု နှုန်းထားများပြားနေသော လူထုအနေနှင့် နောင်မျိုးဆက်သစ်များ၏ သွားမျက်နှာပြင် အရောင်အဆင်းမပြောင်းလဲစေရန် ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများကိုသာ အဓိကထား၍ တင်ပြထားခြင်းဖြစ်ပါသည်။ ထိုသို့ကာကွယ်ရာတွင် မိဘများ၏ ကဏ္႑သည် များစွာအရေးပါလေသည်။ အဆိုပါ မိဘများက အသိတရားဖြင့် လိုက်နာခြင်းသည် အနာဂတ်ကလေးငယ်များ၏ လူမှုပြဿနာကို ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။
Credit; ပါမောက္ခဒေါက်တာစောထွန်းအောင်
Health Digest Journal
Vol. (13), No. (6), 4-11-205






























