/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/လူးပပ်စ်-ခေါ်-အရေပြားကိုထိခိုက်စေတဲ့-သွေးလေးဖက်နာအကြောင်း

လူးပပ်စ် ခေါ် အရေပြားကိုထိခိုက်စေတဲ့ သွေးလေးဖက်နာအကြောင်း အမေးအဖြေ - 1

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ကျွန်မရဲ့ညီမမှာ SLE ဆိုတဲ့ရောဂါရှိပါတယ်။ အဲဒါ ဘာလဲ။

        အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ရောဂါဆိုးတစ်ခုရှိတယ်။ ကူးစက်ရောဂါလည်းမဟုတ်၊ ကင်ဆာလည်း မဟုတ်၊ အစားအသောက်နဲ့လည်းမဆိုင်ဘဲ ဖြစ်တဲ့ရောဂါပါ။ ဆေးပညာအရ Systemic Lupus Erythematosus (SLE) လို့ခေါ်တယ်။ အတိုကောက်အနေနဲ့တော့ လူးပပ်စ်ပေါ့။ ကိုယ်ခန္ဓာအနှံ့ဖြစ်တတ်ပေမဲ့ အရေပြား၊ အဆစ်နာနဲ့ ကျောက်ကပ်တွေမှာ လက္ခဏာအများဆုံးဖြစ်တယ်။ မြန်မာလို သွေးလေးဖက်နာလို့ဘာသာပြန်ကြတယ်။

 

လူးပပ်စ်ဆိုတာ ဘာလဲဆိုတာ ထပ်ရှင်းပြပေးပါဦး။

        ကိုယ်ခန္ဓာရောဂါခုခံမှုစနစ် အမှားအယွင်းကြောင့် လူးပပ်စ်ခေါ် သွေးလေးဖက်နာရောဂါဖြစ်တာပါ။ ရောဂါခုခံ မှုစနစ်က မိမိကိုယ်အင်္ဂါတွေကို မှားယွင်းပြီးတိုက်ခိုက်လို့ ရောင်ရမ်းမှုနဲ့ အင်္ဂါပျက်စီးမှုတွေဖြစ်တာပါ။ အရေပြားမှာ လက္ခဏာအများဆုံးပေါ်တယ်။ အဆစ်အမျက်နာတာလည်း တွဲတတ်တယ်။ သိပ်ဆိုးရွားရင် နှလုံး၊ ကျောက်ကပ်နဲ့ အခြားအရေးကြီးအင်္ဂါတွေကို ထိခိုက်စေတယ်။

          ဖြစ်တဲ့အကြောင်းရင်းက အတိအကျမသိရှိလို့ ကုသဖို့ခက်ခဲတယ်။ ဒါပေမဲ့ ကုသမှုကြောင့်လက္ခဏာတွေ သက်သာတယ်။ ကိုယ်အင်္ဂါပျက်စီးမှု လျော့စေတယ်။

 

ရောဂါကြောင့် အဆစ်ရောင်တာ၊ အဆစ်နာတာအကြောင်းပြောပြပါ။

        ကြွက်သားနဲ့ အဆစ်တွေရောင်တာ၊ နာတာဟာ သွေးလေးဖက်နာရဲ့ အရင်ဆုံးပေါ်တဲ့လက္ခဏာဖြစ်တတ်တယ်။ ဘယ်ညာနှစ်ဖက်လုံးတစ်ပြိုင်နက် နာတယ်။ လက်ကောက်၀တ်၊ လက်၊ တံတောင်ဆစ်၊ ဒူးနဲ့ ခြေကျင်း၀တ်တွေ အဖြစ်များတယ်။ ရောင်ရမ်းနေပြီး ကိုင်ကြည့်ရင် ပူနေတတ်တယ်။

 

ကျွန်မညီမ မျက်နှာမှာ အနီကွက်တွေ ပေါ်နေပါတယ်။ အဲဒါဘာကြောင့်လဲ။

        မျက်နှာ၊ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ အနီကွက်ပေါ်တာလည်း အရေးကြီးတဲ့လက္ခဏာတစ်ခုပါ။ နေရောင်ခြည်ကို တုံ့ပြန်မှုများတယ်။ အနီဖုတွေ၊ အဖက်ကွာတဲ့အကွက်တွေ မျက်နှာ၊ လည်ပင်း၊ လက်မောင်းနဲ့ တခြားကိုယ်ခန္ဓာ အရေပြားနေရာတွမှာ ပေါ်တတ်ပါတယ်။ တချို့ဆို နှုတ်ခမ်းခြောက်တာ၊ ကွဲတာ၊ ကြမ်းတာအပြင် ပါးစပ်အနာတွေပါ ထွက်တတ်တယ်။

 

လက်သည်း၊ ခြေသည်းမှာ အရောင်ပြောင်းလဲမှုတွေ မြင်ရပါသလား။

        သွေးလေးဖက်နာမှာ လက်သည်း၊ ခြေသည်းတွေ ကွဲကာ၊ ဖွာတာ၊ ကွာထွက်တာတွေ ဖြစ်တတ်တယ်။ အရောင်ပြောင်းတာ၊ လက်သည်းအခြေမှာ အနီစက်ထွက်တာလည်း ဖြစ်တတ်တယ်။ ဒီအနီစက်တွေဟာ လက်သည်း အောက်ခြေက သွေးကြောငယ်တွေထုံးလာလို့ ဖြစ်တာပါ။ လက်ချောင်းထိပ်ရောင်ရင် လက်သည်းတစ်၀ိုက်မှာ နီရဲပြီး လက်ထိပ်ခပ်လုံးလုံးဖြစ်နေတတ်တယ်။

 

မကြာခဏ ဖျားတာ၊ မောပန်းလွယ်တာတွေလည်း ဖြစ်တတ်တယ်နော်။

        လူးပပ်စ်ေ၀ဒနာရှင်အများစုဟာ အလွယ်တကူအကြောင်းမဲ့ မောပန်းလွယ်တာရှိတယ်။ တချို့ဆို လေ့ကျင့်ခန်း နဲ့နိစ္စဓူ၀ကိစ္စတွေတောင် မလုပ်နိုင်ကြဘူး။ အဖျားငွေ့ငွေ့ရှိတာလည်းမကြာခဏ ဖြစ်တတ်ကြတယ်။ အကြောင်းမရှိဘဲ ဖျားဖျားနေရင် ဂရုပြုစရာပါ။

 

ဆရာ၀န်က နေရောင်ခြည်ရှောင်ဖို့လည်း မှာထားပါတယ်။ အဲဒါကိုလည်း ပြောပြပေးပါ။

        သွေးလေးဖက်နာေ၀ဒနာရှင်တွေဟာ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ကို သာမန်ထက် တုံ့ပြန်မှုများ တယ်။ နေလောင်လွယ်တာလည်း ဖြစ်တတ်တယ်။ အ၀တ်အစားအပြင်ဘက် ပေါ်နေတဲ့ အရေပြားနေရာအနှံ့မှာ နေရောင်ခြည်တုံ့ပြန်မှုများပြီး အနီကွက်၊ အနီဖုတွေ ထွက်တတ်ပါတယ်။ တချို့ဆေးတွေကလည်း ဒီလိုလူတွေမှာ နေရောင်တုံ့ပြန်မှုပိုများစေတတ်တယ်။

 

ဆံပင်ကရော ဘာလို့ ကျွတ်တာလဲ။

        ဒီရောဂါရဲ့လက္ခဏာတွေက ပေါ်လိုက်၊ ပျောက်လိုက်ဖြစ်တတ်တယ်။ ဆံပင်ကျွတ်တာလည်း ဒီလိုပဲ။ ခေါင်းမှာ ဆံပင်ပါးလာတာ၊ အပြုံလိုက်ကျွတ်တာမျိုးတွေ အဖြစ်များတယ်။ ရောဂါကြွနေတဲ့အချိန်မှာ ပိုဆိုးပါတယ်။ ပြီးရင် ကျွတ်တာ ပြန်သက်သာသွားပြန်ရော။

 

မနက်စောစော ရေအေးကိုင်လိုက်ရင် လက်တွေပြာနှမ်းသွားတာတွေလည်း ဖြစ်ပါတယ်။ ဘာဖြစ်တာပါလဲ။

        အဲဒါကို ရေးနော့စ်လက္ခဏာစု (Raynaud’s Syndrome) လို့ခေါ်ပါတယ်။ သွေးလေးဖက်နာ မှာ ပေါ်တတ်ပါတယ်။ ခြေချောင်းလက်ချောင်းတွေ ရာသီအေးတဲ့အခါ၊ စိတ်ဖိစီးတဲ့အခါတွေမှာ နာကျင်တာ၊ ထုံကျဉ်တာတွေ ဖြစ်တာပါ။ ခြေလက်ထိပ်က သွေးကြောငယ်တွေ ကျုံ့သွားလို့ ဒါမျိုးပေါ်လာတာပါ။ ဖြစ်ပြီဆိုရင် အရင်ဆုံးခြေထိပ် လက်ထိပ်တွေဖြူသွားတယ်။ နောက်ပြာနှမ်းနှမ်းဖြစ်လာပြီး နောက်ဆုံးမှာ နဂိုအနီရောင် ပြန်သမ်းလာတယ်။ လူတချို့ကတော့ လူးပပ်စ်နဲ့ တခြားရောဂါမရှိဘဲ ဒီလို ရေးနော့စ်လက္ခဏာစု ပေါ်တတ်တယ်။

 

သွေးလေးဖက်နာမဟုတ်ဘဲ အခြားရောဂါဖြစ်နိုင်သလား။

        သွေးလေးဖက်နာအစမှာ တချို့ရောဂါတွေနဲ့ဆင်တူတတ်တယ်။ ဥပမာ - RA ခေါ် ရိုးရိုးအဆစ်ရောင်ရောဂါပါ။ သူ့မှာလည်း အဆစ်နာတာ၊ ရောင်တာ၊ မောပန်းတာတွေလည်းရှိပါတယ်။ ဒါပေမဲ့ သွေးလေးဖက်နာမှာ အဆစ်ရောင် တာတင်မကဘဲ အရေပြားလက္ခဏာတွေ ဖြစ်လေ့ရှိတယ်။ ပိုသေချာအောင် ဓာတ်ခွဲစစ်ဆေးချက်တွေလုပ်ရတယ်။

 

သွေးလေးဖက်နာကို ရောဂါဘယ်လိုသတ်မှတ်ပါသလဲ။

        လူးပပ်စ်ရောဂါသတ်မှတ်ရတာ ခက်ခဲတယ်။ လွတ်သွားတတ်တယ်။ ဒီရောဂါဟာ တချို့ရောဂါတော်တော် များများနဲ့ ဆင်တူလို့ပါ။ ေ၀ဒနာရှင်တိုင်းလည်း ဖြစ်တဲ့ပုံမတူဘူး။ ကွဲပြားမှုရှိလို့ပါ။ တချို့ဆိုလက္ခဏာ မပေါ်ခင် နှစ်အကြာကြီးကတည်းက ရောဂါရှိနေပြီ။

          အဓိကအနေနဲ့ သွေးစစ်ရတာပါ။ ANA ခေါ် ဓာတ်တစ်မျိုးကို အဓိကစစ်ဆေးရတယ်။ အဲဒါအပြင် ရိုးရိုးသွေး စစ်ချက်၊ ကျောက်ကပ်နဲ့ တခြားစစ်ဆေးချက်တွေလိုတယ်။ အသားစခွဲစိတ်စစ်ဆေးတာလည်း လုပ်သင့်ရင် လုပ်ရတယ်။

 

ဘယ်လိုလူတွေ သွေးလေးဖက်နာအဖြစ်များပါသလဲ။

        ပြောရမယ်ဆိုရင် လူတိုင်းဖြစ်ချင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ 60% ကျော် မိန်းမတွေပါ။ အထူးသဖြင့် အသက် (15) နှစ်နဲ့ (45) နှစ်ကြား အာရှအနွယ်၀င်တွေ၊ လူမည်း၊ လက်တင်အနွယ်၀င်တွေ ဖြစ်ပါတယ်။ မိဘဆွေမျိုးထဲမှာ သွေးလေးဖက်နာရာဇာ၀င်ရှိသူဟာ အဖြစ်နိုင်ဆုံးပါ။

 

လူးပပ်စ်ရောဂါမျိုးအစားတွေ ထပ်ခွဲထားတာရှိသေးလား။

        အဓိကအဖြစ်များတာက SLE ခေါ် သွေးလေးဖက်နာရောဂါပါ။ အဲဒါအပြင် အရေပြားတစ်ခုတည်းမှာပဲဖြစ်တဲ့ Cutaneous Lupus (DLE) ဆိုတာရှိတယ်။ သူက အရေပြားအပြင် တခြားအင်္ဂါတွေကို မထိခိုက်ဘူး။ ဆေးဝါးတွေကြောင့် ရောဂါခဏဖြစ်ပွားတဲ့ Drug-Induced Lupus ဆိုတာလည်း ရှိတယ်။

 

ရောဂါကုသမှုကရော ဘယ်လိုပါလဲ။

        ရောဂါကုသရာမှာ အဓိကကျတာက လက္ခဏာတွေ သက်သာအောင် ထိန်းချုပ်ကုသမှုပါ။ ကော်တီဆုန်း လိမ်းဆေးများနဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဦးစားပေးသုံးတယ်။ ငှက်ဖျားဆေးတချို့လည်း အဆစ်နာအတွက် သုံးတယ်။ ဒီထက်ဆိုးရင် ရောဂါခုခံမှုစနစ်ထိန်းညှိဆေးများလည်း သုံးကြတယ်။

 

ေ၀ဒနာရှင်လိုက်နာသင့်တဲ့ ဂရုပြုစရာအချက်တွေကိုလည်း ပြောပြပေးပါ။

        သွေးလေးဖက်နာပြန်မထအောင် ပိုမဆိုးအောင် ဂရုစိုက်စရာအချက်တွေထဲမှာ နေရောင်ခြည်ရှောင်ဖို့အထူး အရေးကြီးတယ်။ နေကာလိမ်းဆေး အမြဲလိမ်းရမှာပါ။ ဆေးလိပ်မသောက်ရပါဘူး။ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချနည်းလမ်းတွေကို စွဲစွဲမြဲမြဲ လုပ်ဆောင်ဖို့တွေလည်း အရေးကြီးပါတယ်။

 

 

 

Credit; ဒေါက်တာစိုး၀င်ဦး (အရေပြားအထူးကုဆရာ၀န်ကြီး)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 243, April 2015