လေဖြတ်ရောဂါအကြောင်း (အပိုင်း - 3 + 4 + 5)
လေဖြတ်လူနာအတွက် အစာအာဟာရ
လေဖြတ်လူနာတချို့ တစ်ရက်နှစ်ရက်အတွင်း ပြန်ကောင်းကြသော်လည်း တော်တော်များများသည် ရက်ရှည်၊ လကြာခံစားကြရသဖြင့် ထိုသူတို့အားလုံး အရည်ဓာတ် (ရေဓာတ်)နှင့် အာဟာရဓာတ်လုံလောက်စွာ ရရန်အရေးကြီးသည်။ ရေနှင့်အာဟာရဓာတ်တို့ ပြည့်ပြည့်၀၀ရရှိမှ ပြန်နာလန်ထ၊ ပြန်ကောင်းရန်မြန်ဆန် သည်။ နောက်ဆက်တွဲပြဿနာများ အ၀င်နည်းစေသည်။ ရေဓာတ်ခန်းခြောက်သူတို့သည် ခြေထောက်သွေးပြန်ကြော ပိတ်ရန်အလားအလာပိုများသည်။ ရက်လနှစ်ကြာ အာဟာရဓာတ်ချို့တဲ့သူသည် ခံနိုင်ရန်နည်း၊ ခုခံအားကျဆင်း၊ ကူးစက်ရောဂါမျိုးစုံ ၀င်လေ့ရှိသည်။
ပုံမှန်လူတို့သည် ပါးစပ်မှအစားစားသည်။ ရေသောက်သည်၊ အစာနှင့်ရေတို့သည် အစာမျိုရေမျိုပြွန်မှ တစ်ဆင့် အစာအိမ်နှင့်အူလမ်းကြောင်းသို့ရောက်သည်။ ထို့အတူ နှာခေါင်းမှ ရှူလိုက်သောလေသည် လေပြွန်မှတစ်ဆင့် အဆုတ်နှစ်ဖက်သို့ ရောက်သည်။ ပါးစပ်နှင့် နှာခေါင်းတို့၏ အနောက်ဖက်တွင် အစာလမ်းကြောင်းနှင့် အသက်ရှူလမ်းကြောင်းတို့၏ ၀င်ပေါက်များနီးကပ်စွာတည်ရှိနေကြသည်။ သောက်လိုက်သည့်ရေ၊ စားလိုက်သည့် အစာတို့ အစာလမ်းကြောင်းသို့ တန်းတန်းမတ်မတ်ရောက်ရန် အသက်ရှူလမ်းကြောင်းတွင်းသို့ အ၀င်မမှားရန် ထိုနေရာပတ်၀န်းကျင်ရှိ ကြွက်သားများက ထိန်းပေးသည်။ လေဖြတ်လူနာတို့တွင် ယင်းကြွက်သားများ၏ လုပ်ဆောင်ချက်ထိခိုက်ပျက်စီးသည်။
သတိမေ့မြောနေသော လေဖြတ်လူနာများအစာမျိုမရ၊ ရေသောက်မရဖြစ်လေ့ရှိကြသည်။ ထို့အတူ သတိမေ့မြောမှုမရှိသော လေဖြတ်လူနာများသည်လည်း ရေသောက်ရခက်၊ အစာမျိုမရဖြစ်ကြသည်။ သတိမပျက်၊ ခန္ဓာကိုယ်တစ်ခြမ်းလှုပ်မရ၊ စကားခပ်ဝါးဝါး လေဖြတ်လူနာရေသောက်နိုင်၊ အစာမျိုနိုင်မည်ထင်ရပေမယ့် တကယ်တမ်းသောက်ကြည့်၊ စားကြည့်မှ သီးသည်၊ ချောင်းတစ်ဟွတ်ဟွတ်ဆိုးသည်။ မိသားစု၀င်တို့က ရေသောက်လို့မရ မှန်းမသိ၊ မရိပ်မိ၊ ဇွတ်အတင်းတိုက်ရာ၊ ကျေွးရာမှ စားလိုက်သည့်အစာ၊ သောက်လိုက်သည့်ရေတို့ လေပြွန်မှတစ်ဆင့် အဆုတ်တွင်းသို့ရောက်၊ အဆုတ်ပွ၊ အဆုတ်ရောင်ရောဂါခံစားကြရသည်။ အစာနှင့်အတူပါလာသည့် ပြင်းထန်ရောဂါပိုးမျိုးစုံတို့ကြောင့် ယင်းအဆုတ်ရောင်နမိုးနီးယားသည် အခြားအဆုတ်ရောင်ရောဂါများထက် ပိုပြင်းထန်လေ့ရှိသည်။ ကုရခက်တတ်သည်။ အဆင့်မြင့် ပဋိဇီ၀ဆေးပြင်းသုံးရလေ့ရှိသည်။ ငွေကုန်ကြေးကျပိုများစေသည်။ တစ်ပူပေါ်နှစ်ပူဆင့် ပိုဆိုးလေ့ရှိသည်။ ဦးနှောက်အစိတ်အပိုင်းခပ်ကြီးကြီးနေရာထိသည့် လေဖြတ်ခြင်း၊ တစ်ကြိမ်မက နှစ်ကြိမ်သုံးကြိမ်ထပ်ခါထပ်ခါ လေဖြတ်ခြင်း၊ ဦးနှောက်အူတိုင် (Brain Stem) သွေးကြောပိတ်၊ ပေါက်၊ လေဖြတ်ခြင်းစသည်တို့တွင် ယင်းအဆုတ်ရောင်၊ နမိုးနီးယားပိုဖြစ်သည်ကိုတွေ့ရသည်။ တစ်ခါတစ်ရံ လေဖြတ်စဉ် အန်၊ အန်ဖတ်ဆို့သူတို့သည် အန်ဖတ်များ၊ အစာဟောင်းများအဆုတ်သို့ရောက်ပြီး နမိုးနီးယာ၀င်သည်။
လေဖြတ်လူနာဆေးရုံရောက်လာတိုင်း ရေသောက်ရ၊ မရ၊ အစာမျို ရ၊ မရ ဆရာ၀န်ကမေးသည်။ စမ်းသည်။ အကြီးအကျယ်လေဖြတ်ခြင်း၊ စကားပြောမပီခပ်ဝါးဝါးဖြစ်ခြင်း၊ လျာနှုတ်ခမ်းမသိမ်းနိုင်ခြင်း၊ ချောင်းဟန့်ခိုင်းလျှင် မဟန့်နိုင်ခြင်း၊ မျက်နှာပါးစပ်အာရုံကြောများ ထိခိုက်ပျက်စီးခြင်း၊ အသံမထွက်အသံ၀င်နေခြင်းတို့ရှိနေလျှင် မျိုရခက်မည်ဟု အကြမ်းဖျင်းခန့်မှန်းနိုင်သည်။ သိပ်တိတိကျကျမှန်သည်တော့မဟုတ်။ ထို့ကြောင့် လူနာ ရေမသောက်မီ၊ အစာမစားမီ မျိုနိုင်၊ မနိုင်ကို ဆရာ၀န်၊ ဆရာမများက ဂရုတစိုက်စမ်းလေ့ရှိသည်။ ရေသန့်သန့် အနည်းငယ်သောက်ခိုင်းခြင်း (Water Swellow Test) ကို လုပ်လေ့ရှိသည်။ အသုံးလည်း၀င်သည်။ ဤသို့ စမ်းသပ်မှု ပီပီပြင်ပြင်လုပ်ခြင်းကို လေဖြတ်ကုဌာနများ၏ အရည်အသွေးဆန်းစစ်ရာတွင် အချက်တစ်ချက်အဖြစ် သုံးကြသည်။ ရေသောက်ပြီး အာခေါင်မရှင်းဖြစ်နေလျှင်လည်း မျိုရခက်သည်ကိုပြသည်။ ရေနှင့် အစာသီး၊ အဆုတ်ရောင်နမိုးနီးယားဖြစ်နိုင်သည့် အန္တရာယ်များသည်ကိုလည်းပြသည်။ တချို့ဆေးရုံများတွင် ဆေးတစ်မျိုး (Barium) မျိုစဉ် ဗီဒီယိုလှုပ်ရှားမှုရိုက်ပြီး စမ်းသပ်လေ့ရှိသည်။
တစ်ရက်၊ နှစ်ရက်အတွင်း ပြန်ကောင်းသည့်မျိုရခက် လေဖြတ်လူနာများကို အကြောဆေး လုံလုံလောက်လောက်ပေးပြီး အာဟာရနှင့် ရေဓာတ်ဖြည့်သည်။ ရက်၊ လကြာရှည်လေဖြတ်လူနာ များကိုတော့ နှာခေါင်းပိုက်ထည့်ပြီး ရေနှင့်အစားအစာသွင်းသည်။ နှာခေါင်းပိုက် ထည့်ရန်လိုသည်ဟုပြောသည်နှင့် သတိရှိသည့်လူနာက ငြင်းသည်။ သတိမရတစ်ချက်၊ ရတစ်ချက်လူနာအတွက်တော့ မိသားစုကငြင်းသည်။ ပိုက်ထည့်လျှင် နာမည်စိုးသဖြင့် လူနာငြင်းသည်ကိုတော့ နားလည်၍ရသည်။ မိသားစုကတော့ ခံနိုင်ရည်ရှိပါ့မလား၊ အမြဲတမ်းပိုက်ကြီး ထည့်ထားရမှာလားစသည်ဖြင့် မေးကြသည်။ တချို့ မည်မည်ရရအကြောင်းပြချက် မရှိငြင်းသည်။ ကြိုးစားကျေွး ကြည့်ပါဦးမည်၊ ကြိုးစားတိုက်ကြည့်ပါဦးမည်စသည်ဖြင့် အချိန်ဆွဲလေ့ရှိသည်။ တစ်ခါတစ်ရံံ တစ်နေ့လုံး ရေ လေး၊ ငါး၊ ခြောက်ဇွန်းတိုက်ပြီး ကျေနပ်နေကြသည်။ ရေနှင့် အာဟာရဓာတ် မလုံလောက်၊ ချို့တဲ့မှု၏ အပြစ်ဆိုးကျိုး၊ လူနာကိုယ်တိုင် အားစိုက်ရန်မလို အရည်နှင့် အာဟာရဓာတ် လုံလုံလောက်လောက်ကို မပင်မပန်း၊ အချိန်မှန်သွင်းရုံနှင့် ရနိုင်ပုံတို့ကိုရှင်းပြရသည်။ နောက်ပိုင်းနှစ်များတွင် ခက်ခက်ခဲခဲ ရှင်းပြရန််မလို၊ အလွယ်တကူ လက်ခံလာကြ သည်။ ကျန်းမာရေးအသိခေတ်မီလာသည့် သဘောဖြစ်သည်။ တချို့ဆေးရုံများတွင် လချီပြီး နှာခေါင်းပိုက်ထည့်ရန်လိုသော လူနာများကို ၀မ်းဗိုက်အရေပြားကို ဖောက်၊ အစာအိမ်တွင်းပိုက်သွင်းပြီး အစာထည့်သည်။
နှာခေါင်းပိုက်မှ အစာထည့်ရာတွင် ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်သော ကယ်လိုရီ၊ ကစီ၊ အဆီ၊ အသားဓာတ်၊ ရေဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်စသည်တို့ စုံစုံလင်လင်၊ လုံလုံလောက်လောက် ပါ၀င်ရန်လိုသည်။ မြန်မာနိုင်ငံဆေးရုံများတွင် ဆရာ၀န်များက ကိုယ်တိုင်တွက်ချက်၍ ပေးကြသော် လည်း နိုင်ငံတကာဆေးရုံများတွင် အာဟာရပညာရှင် (Dietitian)က အဓိကဦးဆောင်တွက်ချက်ပေးကြ သည်။ မြန်မာနိုင်ငံအစိုးရ၊ ပုဂ္ဂလိကဆေးရုံ များတွင် ဖြည့်ဆည်းရန်လိုအပ်နေသော ကျန်းမာရေး၀န်ဆောင်မှု၊ ကွက်လပ်တစ်ခုဖြစ်နေသည်။ မကြာမီအချိန်တွင် ကျွမ်းကျင်သော အာဟာရပညာရှင်များ လုံလုံလောက်လောက် ဆေးရုံတိုင်းတွင် တာ၀န်ထမ်းဆောင်နိုင်အောင် မွေးထုတ်ကြရမည်ထင်သည်။
နှာခေါင်းပိုက်မှ ရေနှင့်အစားအစာများထည့်ရာတွင် လူတစ်ယောက်နေ့စဉ်လိုအပ်သည့် ရေနှင့် အာဟာရ ပမာဏရရန်တွက်ရသည်။ ရေတစ်နေ့ 30-35 မီလီလီတာ/ ခန္ဓာကိုယ်အလေးချိန် 1 ကီလိုဂရမ်၊ ကယ်လိုရီ တစ်နေ့ 20-40 ကယ်လိုရီ/ကီလိုဂရမ်၊ ပရိုတင်းတစ်နေ့ 0.5 ဂရမ်/ ကီလိုဂရမ်၊ ဆီုဒီယမ် 1 မီလီမိုလ်း/ ကီလိုဂရမ်၊ ပိုတက်ဆီယမ် 1 မီလီမိုလ်း/ ကီလိုဂရမ်လိုအပ်သည်ဟု အကြမ်းဖျင်းသတ်မှတ်ကြသည်။ ပုံမှန်ခန္ဓာကိုယ်အရွယ် (60 ကီလိုဂရမ်)ရှိ လူကြီးတစ်ယောက်အတွက် တစ်နေ့ ရေ 2 လီတာ၊ 2 လီတာခွဲခန့်၊ ကယ်လိုရီ 1500 မှ 2400၊ အသားဓာတ် တစ်နေ့ 30 ဂရမ် လိုအပ်သည်ဟု တွက်နိုင်သည်။ သွေးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါစသည်တို့ ယှဉ်တွဲရှိနေခြင်းပေါ်မူတည်ပြီး အစားအစာအမျိုးအစား၊ ပမာဏနှင့် အချိုးအစားကို ပြုပြင်ပြောင်းလဲရန်လိုသည်။ ထို့ကြောင့် အာဟာရပညာရှင်တို့၏ အကူအညီလိုသည်ဟု ဆိုရခြင်းဖြစ်သည်။
နှာခေါင်းပိုက်မှထည့်သည့် အစာရည်သည် မပျစ်လွန်း၊ ခပ်ကျဲကျဲဖြစ်ရန်လိုသည်။ သို့မှသာ ပိုက်မပိတ်၊ အလွယ်တကူ ထည့်နိုင်မည်ဖြစ်သည်။ ပုံမှန်အစာရည်သည် တစ်မီလီလီတာတွင် တစ်ကယ်လိုရီပါ၀င်လေ့ရှိသည်။ ထည့်စတွင် ခပ်ကျဲကျဲတစ်မီလီမီတာ 0.5 ကယ်လိုရီပါ အစာရည်ခပ်နည်းနည်းစသွင်းလေ့ရှိသည်။ သို့မှသာ ခပ်ပျစ်ပျစ်အရည်ကြောင့် ၀မ်းသက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။ တစ်ခါထည့် 200-300 မီလီမီတာနှုန်းဖြင့် 7 ကြိမ်မှ 10 ကြိမ်ထည့်လေ့ရှိသည်။ အစာထည့်နေစဉ်နှင့်ထည့်ပြီး တစ်နာရီကြာမျှ ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်ထောင်ထားရန်လိုသည်။
(7) လေဖြတ်ပြီး ဦးနှောက်ရောင်ခြင်း (Oedema)
လေဖြတ်လူနာ 5 မှ 10 ရာခိုင်နှုန်းခန့်တွင် လေဖြတ်သည့်ဦးနှောက်အစိတ်အပိုင်းသည် ရောင်တတ်သည်။ များသောအားဖြင့် လေဖြတ်ပြီး 2 ရက်၊ 3 ရက်တွင် အဆိုးဆုံးဖြစ်လေ့ရှိပြီး၊ ရက်သတ္တပတ်ခန့် ကြာမြင့်တတ်သည်။ ပြင်းပြင်းထန်ထန် လေဖြတ်လူနာများနှင့် rt.PA သွေးခဲပျော်ဆေးထိုးထားသည့် လူနာများတွင် ပိုဖြစ်သည်။ ရောင်သည့် ဦးနှောက်အစိတ်အပိုင်းသည် အခြားဦးနှောက်အစိတ်အပိုင်းသည် အခြားဦးနှောက်အပိုင်းများကို တွန်း၊ ပိတ်ခြင်းတို့ကြောင့် ဦးခေါင်းခွံတွင်း ဖိအားရုတ်တရက်မြင့်တက်လာတတ်ပြီး လူနာ၏အခြေအနေကို ရုတ်တရက်ဆိုးရွားစေတတ်သည်။ ဦးခေါင်းခွံတွင်း ဖိအားမြင့်တက်ခြင်း၏ လက္ခဏာများကို ဆရာ၀န်က သတိရှိရှိ စောင့်ကြည့်လေ့ရှိသည်။ ဦးနှောက်ရောင်ခြင်းကို CT Scan တွင် တွေ့နိုင်သည်။ ဦးနှောက်နောက်ဖက်အခြမ်းငယ် (Cerebellum)လေဖြတ်ခြင်းတွင် ဦးနှောက်ရောင်ခြင်းက ဆိုးသည်။ လေအနည်းငယ်ဖြတ်၊ ဦးနှောက်အနည်းငယ် ရောင်ရုံဖြင့် ဦးခေါင်းခွံတွင်း ဖိအားကိုရုတ်တရက် အပြင်းအထန်မြင့်တက်စေသဖြင့် ဦးနှောက်ပင်မရိုးတံ (Brain-Stem) ကို ဖိမိပြီး အသက်ဆုံးရှုံးရသည်ထိ ဖြစ်တတ်သည်။ ဦးခေါင်းခွံတွင်း ဖိအားမြင့်တက်ခြင်းကို နည်းမျိုးစုံသုံး ကုလေ့ရှိသည်။ လူနာကိုစက်ဖြင့် အသက်ရှူမြန်စေခြင်း၊ ဆီးဆေးထိုးခြင်း၊ ဦးနှောက်အမြှေးပါးတွင်းရှိ အရည်စုပ်ထုတ်ခြင်း စသည်ဖြင့်ဖြစ်သည်။ ဦးခေါင်းခွံအပိုင်းငယ်ကို ယာယီခွဲပြီးဖယ်ခြင်း (Hemicraniectomy) nice ကိုလည်း တချို့ဆေးရုံများတွင် သုံးသည်။ ထိရောက်သည်၊ လူနာသေဆုံးမှုကို လျော့နည်းစေသည်။ လူနာ နာလန်ထပိုမြန်၊ ပိုကောင်းစေသည်ဟုဆိုသည်။
(8) လေဖြတ်ပြီး ရုပ်ပိုင်းဆိုင်ရာနောက်ဆက်တွဲပြဿနာများ
လေဖြတ်လူနာများ ဆေးရုံမှဆင်းပြီးနောက် ဆေးခန်းသို့ပုံမှန်လာပြကြသည်။ တချို့လူနာများသည် လုံး၀ ပြန်ကောင်းကြသည်။ လေဖြတ်ခြင်း၏ ဒဏ်ရာဒဏ်ချက်တစ်ခုမျှမကျန်။ ကြည့်လိုက်လျှင် ယခင်ကလေဖြတ်ဖူးမှန်း ပင်မသိသာ။ ကံကောင်းသည့်လူနာများဖြစ်ကြသည်။ တချို့လူနာများမှာမူ ခန္ဓာကိုယ်၊ ခြေ၊ လက်မသန်ဖြစ်ပြီး ကျန်ခဲ့ကြသည်။ တချို့က မသန်ပေမယ့် စွမ်းသင့်သလောက်စွမ်းသေးသည်။ အကူမပါလမ်းလျှောက်နိုင်သည်။ ကိုယ်တစ်ခြမ်းပုံမှန်မလှုပ်ရှားနိုင်သဖြင့် ပုံမှန်တော့ မလျှောက်နိုင်။ လေဖြတ်ထားသည့်အခြမ်းဘက်မှ လက်က တံတောင်ဆစ်၊ လက်ကောက်၀တ်အဆစ်ကွေးနေသည်။ လက်ချောင်းလေးများက ကွေးမရ၊ ဖြန့်မရ၊ ကောက်နေ သည်၊ တောင့်နေသည်။ လက်တစ်ခုလုံးက ခန္ဓာကိုယ်၊ ရင်ဘတ်မှာ ကပ်နေသည်။ ခြေထောက်ကလည်း ပုံမှန် မကွေးနိုင်၊ မဆန့်နိုင်။ လမ်းလျှောက်တော့ ခြေထောက်က ခပ်တောင့်တောင့်၊ ခပ်ထောင့်ထောင့်၊ ပုံမှန်မလျှောက် နိုင်။ လေဖြတ်ထားမှန်းသိသာသည်။ ပုံမှန်မဟုတ်ပေမယ့် လမ်းလျှောက်နိုင်သည်။ အ၀တ်အစားကိုယ်တိုင်၀တ်နိုင်သည်။ ထမင်းကိုယ်တိုင်စားနိုင်သည်။ တစ်ကိုယ်ရေသန့်ရှင်းရေး ကိုယ်တိုင်လုပ်နိုင်သည်။ အိမ်အလုပ် အနည်းအကျဉ်းကူလုပ်နိုင်သည်။
တချို့လူနာများကျတော့ မသန်သလိုစွမ်းလည်းမစွမ်းတော့။ လမ်းမလျှောက်နိုင်၊ ကိုယ်တိုင်မစားနိုင်၊ ကိုယ်တိုင်အ၀တ်မ၀တ်နိုင်၊ ကိုယ်တိုင်တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်နိုင်၊ မိသားစု၀င်များက ၀ိုင်း၀န်းပြုစုကြ ရသည်။ ဆေးခန်းလာတော့ တွန်းလှည်းနှင့်လာသည်။ လေဖြတ်ပြီး နှစ်ကာလကြာပေမယ့် သိသိသာသာတိုးတက် လာသည်ကိုမတွေ့ရ။ မိသားစု၀င်များသိုင်းကြ၊ ၀န်းကြသဖြင့်သာ တော်သေးသည်။
လေဖြတ်ရောဂါသည် အသက် အရွယ်မရွေး ဖြစ်နိုင်သည်ဆိုသော်လည်း အသက် 50 အရွယ်ခန့်မှစပြီး အသက်အရွယ်ကြီးလာသည်နှင့် ဖြစ်ပွားမှုတဖြည်းဖြည်းများလာသည်။ လူ့ဘ၀၏ အကောင်းဆုံးအရွယ် အသက် 50 အရွယ်တွင် လေဖြတ်သူများမှာ ပြန်ကောင်းလျှင် တော်သေး သည်။ ပြန်မကောင်း၊ မသန်မစွမ်း နာတာရှည်ဖြစ်ပါက လူမှု၊ စီးပွားအားလုံး ဆုံးရှုံးကြရသည်။
သက်ကြီးရွယ်အို လေဖြတ်လူနာ၊ ပင်စင်စား၊ ၀င်ငွေလုံလုံလောက်လောက်မရှိ၊ ချို့ချို့ငဲ့ငဲ့ သုံးစွဲနေရသူ၊ သားသမီးကျောထောက်နောက်ခံမရှိသူများအတွက်ကတော့ ဒုက္ခအကြီးအကျယ်ရောက်ကြသည်။ ထို့ကြောင့် နောင်တစ်ချိန်တွင် နိုင်ငံအတွက် တစ်သက်လုံးတာ၀န်ထမ်းလုပ်အားပေးခဲ့သည့် ၀န်ထမ်းများမကြောင့်မကြ အိုနိုင်ကြရအောင် ထိရောက်သော၊ အားကိုးလောက်သော အစီအမံများချရန်လိုသည်ဟုထင်သည်။ တကယ်အလုပ်ဖြစ် မည့်သက်ကြီးရွယ်အိုဆေးရုံများ၊ သက်ကြီးရွယ်အိုပြုစုရေးဂေဟာများ ဖွင့်နိုင်အောင်အစိုးရရော၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများပါ ကြိုးစားကြဖို့သင့်ပြီထင်သည်။
(9) လေဖြတ်ပြီးစိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများ
လေဖြတ်လူနာများသည် ငိုလွယ်၊ ရယ်လွယ်ဖြစ်တတ်သည်။ ငိုစရာမဟုတ်ဘဲ ငို၊ ရယ်စရာမဟုတ်ဘဲ ရယ်။ စကားပြောလျက် တန်းလန်းငိုသည်လည်းရှိသည်။ အကောင်းကနေ ရုတ်တရက် ရယ်သည်လည်းရှိသည်။ မည်သို့ သောလေဖြတ်ခြင်းမျိုးတွင် ငိုလွယ်၊ ရယ်လွယ်ဖြစ်တတ်သည်ကို ခန့်မှန်း၍မရ၊ ငိုလွယ်၊ ရယ်လွယ်သည် ပေါ်ချင်တော့လည်း ရုတ်တရက်ပေါ်တတ်သကဲ့သို့ ကောင်းလျှင်လည်း ရုတ်ချည်းပြန်ကောင်းတတ်သည်။
လူအများစုသည် လေဖြတ်ခြင်း၏ အနိဋ္ဌာရုံကို နဂိုကတည်းကသိထားကြသဖြင့် တကယ်လေဖြတ်သည်နှင့် အကြီးအကျယ် တုန်လှုပ်ကြသည်။ စိုးရိမ်ပူပန်မှုဖြစ်ကြသည်။ တချို့စကားက မပြောနိုင်။ မျက်ရည်သာ တသွင်သွင်စီးငိုကြွေးကြသည်။ ရှေ့ရေးကို တွေး၊ ပြန်ကောင်းပါ့မလားဟု စိုးရိမ်၊ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသကဲ့သို့ ခံစားကြရ။ လေတစ်ခါဖြတ်ပြီးလျှင် နောက်တစ်ခါ ထပ်ဖြတ်နိုင်သည်ကို သိထားသဖြင့် စိုးရိမ်စိတ်ကများလာသည်။ ထို့နောက် စိတ်ဓာတ်ကျလာကြသည်။ လေဖြတ်ပြီးအသက်မသေဘဲ ကျန်ခဲ့သူအားလုံး၏ သုံးပုံတစ်ပုံခန့်သည် စိတ်ကျရောဂါကို ခံစားကြရသည်ဟုဆိုသည်။ အကြီးအကျယ်လေဖြတ်သူ၊ မှတ်ဉာဏ်ထိခိုက်သူများသည် စိတ်ဓာတ်ကျရောဂါပိုခံစားရသည်ဟုလည်းဆိုသည်။ ညာသန်ဦးနှောက်ဘယ်ဘက်အခြမ်းထိသည့် လေဖြတ် လူနာများသည်လည်း စိတ်ဓာတ်ကျပိုဖြစ်ကြသည်။ အမျိုးသားလူနာများတွင် ပိုတွေ့ရသည်။
လေဖြတ်လူနာ စိတ်ဓာတ်ကျလျှင် အကောင်းမြင်စိတ်နည်း၊ အရာရာမှောင်မိုက်၊ မျှော်လင့်ချက်မဲ့သလို ခံစားကြသဖြင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းပုံမှန်လုပ်ရန် စိတ်မ၀င်စား၊ မလုပ်ကြ၊ ပြန်နာလန်ထူခြင်းကို နှေးစေသည်။ ထို့ကြောင့် စိတ်ဓာတ်ကျသူများသည် အခြားလေဖြတ်လူနာများထက် မသန်မစွမ်းဖြစ်ပွားမှုနှုန်းပိုများသည်။
စိတ်ဓာတ်ကျခြင်းသည် များသောအားဖြင့် တဖြည်းဖြည်းပြန်ကောင်းကြသည်။ အချိန်က ကုစားသွားသည့် သဘောဖြစ်သည်။ စိတ်ဓာတ်ပြန်မတ်လာအောင် မိသားစု၀င်များက အားပေးမှု၊ ပံ့ပိုးမှုက အရေးကြီးသည်။ လူနာနှင့်စကားပြောပေး၊ စိတ်ပြေလက်ပျောက် TV အတူကြည့်၊ အပြင်အလည်အပတ်ထွက်၊ ဘုရားဖူး၊ မိတ်ဆွေများ အိမ်အလည်သွားစသည်တို့လုပ်ပေးရန်လိုသည်။ ထူးမှာမဟုတ်ပါဘူး၊ တိုးတက်မှာမဟုတ်ပါဘူးဆိုပြီး ပစ်မထားရန်အရေးကြီးသည်။ လိုအပ်ပါက စိတ်ရောဂါအထူးကုဆရာ၀န်နှင့် ပြရန် လိုတတ်သည်။ ဆေးကုရန်လိုတတ်သည်။
လေဖြတ်ပြီး ပြန်ကောင်း၊ ပြန်စကားပြောနိုင်ကြသူတချို့သည် မှတ်ဉာဏ်ထိခိုက်မှုရှိတတ်ကြသည်။ စကား ပြောနေရင်းတန်းလန်းနှင့်ပင် မေ့နေတတ်ရာ ဘေးလူက ထောက်ပေးရသည်။ အစပထမတော့ မိသားစုက မရိပ်မိကြ၊ နောက်မှ သတိထားမိကြသည်။ ကြိမ်ဖန်များစွာ၊ ထပ်ခါထပ်ခါ လေဖြတ်သူများတွင် ပိုထိခိုက်သည်။
ရှားရှားပါးပါး တချို့လူနာများသည် လေဖြတ်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းတွင် နာကျင်မှုေ၀ဒနာခံစားကြ ရသည်။ ပူစပ်ပူလောင်၊ နာလိုက်ပျောက်လိုက်ဖြစ်လေ့ရှိသည်။ ခံရသူက တော်တော်ဆိုးသည်ဟု ပြောကြ သည်။ လေဖြတ်ပြီး တစ်လ၊ နှစ်လအကြာတွင် ပေါ်တတ်သည်။ ဆရာ၀န်ဆေးမျိုးစုံသုံးပေမယ့် တစ်ခါတရံ ကုရခက်တတ်သည်။
လေဖြတ်လူနာပြုစုခြင်း အထွေထွေ
သတိမေ့မြောနေသော လေဖြတ်လူနာကို တစ်နာရီ၊ နှစ်နာရီတစ်ကြိမ် ဘယ်၊ ညာစောင်းပေးခြင်း၊ လှည့်ပေးခြင်းဖြင့် ခန္ဓာကိုယ်အလေးချိန်နှင့် ဖိမိသည့်ဒဏ်ကြောင့် ရသည့်အနာ (Pressure bed-sore) ဖြစ်ပွားမှု ကိုနည်းစေသည်။ လေအိတ်၊ ရေအိတ်မွေ့ရာများသုံးခြင်းသည်လည်း ယင်း Pressure-sore အနာများဖြစ်ပွားမှုကို သိသိသာသာကာကွယ်မှုပေးသည်။ Pressure-sore အနာများဖြစ်ပွားမှုရှိ၊ မရှိအမြဲသတိရှိနေရန် လိုသကဲ့သို့ စောစောစီးစီး ထိထိရောက်ရောက် ကုရန်လည်းလိုသည်။ နောက်ကျမှသိ၊ တော်တော်ကြီးသည့် အနာအကျက်ကြာသည်။ တော်တော်ကြိုးစားကုရန် လိုတတ်သည်။
သတိလစ်နေသော၊ သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသော လေဖြတ်လူနာတွင် ဆီး၊ ၀မ်းသွားခြင်းတို့ကိုလည်း ဂရုစိုက်စောင့်ကြည့်ရန်လိုသည်။ များသောအားဖြင့် ဆီးမသွားနိုင်၊ ဆီးအိမ်တင်းနေတတ်သည်။ မလိုအပ်ဘဲ ဆီးပိုက်ထည့်ခြင်းကိုရှောင်၊ တတ်နိုင်သလောက် ဆီးပိုက်မထည့်ဘဲ ကြိုးစားကြည့်ရသည်။ အထူး သဖြင့်အမျိုးသားလူနာများတွင် ဆီးလမ်းကြောင်းသည် ရှည်သည်၊ သန့်ရှင်းသည်၊ ဆီးပိုး၀င်ရန် အလားအလာနည်းသည်။ ထို့ကြောင့် မလိုအပ်ဘဲ ဆီးပိုက်ထည့်ခြင်းသည် နဂိုသန့်ရှင်းနေသည့်ဆီးလမ်းကြောင်းအတွင်း ပိုးအလွယ်၀င်နိုင်ရန် လမ်းကြောင်းဖွင့်ပေးလိုက်သည့် သဘောဖြစ်နေသည်။
ဆီးအိမ်တင်း၊ ဆီးလုံး၀မသွားနိုင် သို့မဟုတ် ဆီးမထိန်းနိုင်၊ တစ်စက်စက်ယိုနေလျှင်တော့ ဆီးပိုက်မဖြစ် မနေထည့်ရန်လိုလာသည်။ တင်းနေသည့်ဆီးအိမ်အတွင်း ဆီးလက်ကျန်က ဆီးပိုး၀င်ရန် ဖိတ်ခေါ်တတ်သည်။ ဆီးအိမ်အတွင်း တင်းနေသည့်ဆီးက အပြင်မထွက်နိုင်ဘဲ ကျောက်ကပ်ဆီသို့ နောက်ပြန်ပြန်တွန်းပြီး ကျောက်ကပ်ကို ပျက်စီးစေသည်။ ယိုနေသည့်ဆီးကလည်း ဆီးလောင်စေသည်။ ပေါင်ခြံအနာဖြစ်စေသည်။ ထို့ကြောင့် ဆီးမထွက်နိုင်၊ ဆီးအိမ်တင်းလျှင်တော့ ဆီးပိုက်ထည့်ရန် လိုလာခြင်းဖြစ်သည်။ျ အမျိုးသားလူနာများတွင် ဆီးပိုက် မသွင်းဘဲ လိင်အင်္ဂါကို ရာဘာလက်အိတ်နှင့်စွပ်၊ လက်အိတ်ကို ဆီးပိုက်နှင့် ဆက်ခြင်းသည်လည်း အသုံး၀င်သည်။ ဆီးလမ်းကြောင်းသို့ ဆီးပိုက်မသွင်းမိသဖြင့် ဆီးပိုး၀င်သည့်အန္တရာယ်ကင်း၊ အလွယ်တကူ ဆီးခံနိုင်သည့် နည်းဖြစ်သည်။
၀မ်းချုပ်ခြင်းသည်လည်း လေဖြတ်လူနာများတွင် အဖြစ်များသော ပြဿနာတစ်ခုဖြစ်သည်။ ရေအ၀င်နည်းခြင်း၊ အစာအာဟာရအမျိုးအမည်မစုံခြင်း၊ အစာအဖတ် (Fibre) ပါ၀င်မှုနည်းခြင်းတို့ကြောင့် ၀မ်းဖြစ်မှုနည်း၊ ၀မ်းချုပ်ခြင်းဖြစ်သည်။ ရေလုံလုံလောက်လောက် တိုက်ခြင်း၊ အမျှင်ဓာတ်ပါ၀င်သော အစာများကျေွးခြင်းဖြင့် ၀မ်းချုပ်ခြင်းကို ကာကွယ်နိုင်သည်။ လိုအပ်ပါက ၀မ်းပျော့ဆေး၊ ၀မ်းနုတ်ဆေးပုံမှန်သုံးရသည်။ ၀မ်းချူရသည်။ တစ်ခါတစ်ရံ ကျောက်ခဲနီးပါးမာသည့်စမြင်းတုံး လက်နှင့်ဖယ်ထုတ်ရသည်။ တစ်ခါတစ်ရံ အမာလွန်သည့်စမြင်းတုံးက စအို၀တွင် ဘူးဆို့လိုဆိုနေ၊ ဆို့နေသည့်စမြင်းအပေါ် ၀မ်းအိမ်တွင်းရှိ အစာဟောင်း၊ ၀မ်းကအရည်ပျော်ပြီး စမြင်းတုံးပေးပတ်လည်စအိုက တစိမ့်စိမ့်ယိုထွက်နေတတ်သည်။ ထိုအခါများတွင်လည်း ဆို့နေသည့်စမြင်းတုံး ဖယ်လိုက်ပါမှ တစိုစိုထွက်နေသည့်၀မ်း ရပ်တော့သည်။
လေဖြတ်လူနာများသည် ခန္ဓာကိုယ်အပူချိန်မြင့်တက်တတ်သည်။ ဖျားတတ်သည်။ ယင်းခန္ဓာကိုယ်အပူချိန် မြင့်တက်ခြင်း (အဖျား)သည်။ လေဖြတ်သည့် ဦးနှောက်အစိတ်အပိုင်းအရွယ်ကို ကြီးစေသည်။ လေဖြတ်လက္ခဏာကို ပိုဆိုးစေသည်။ ထို့ကြောင့် အဖျားမှန်သမျှကို ထိထိရောက်ရောက်ကုရသည်။ လေဖြတ်လူနာများတွင် အဖျားတက်စေသောအကြောင်းများမှာ များသောအားဖြင့် ဆီးပို၀င်းခြင်း၊ အဆုတ်ရောင်အဆုတ်ပွခြင်း၊ Pressure-sore အနာများတွင် ရောဂါပိုး၀င်ခြင်းတို့ကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ ရောဂါပိုးကြောင့်မဟုတ်။ ခြေထောက်သွေးပြန် ကြောပိတ်ခြင်းကြောင့်လည်း ဖျားတတ်သည်။ ဆေးကြောင့်လည်းများတတ်သည်။
လေဖြတ်လူနာ နာလန်ပြန်ထူအောင် ပြန်လည်ပြုစုပျိုးထောင်ခြင်း
(Rehabilitation)
လေဖြန်းသည့်လူနာ၊ လေအသေးစားဖြတ်သည့်လူနာ အများစုသည် ရက်ပိုင်းအတွင်း၊ တစ်လနှစ်လ အတွင်း ပကတိပြန်ကောင်းကြသည်။ တချို့ပုံမှန်နီးပါး ပြန်ကောင်းကြသည်။ မိသားစုအရေး ပြန်လုပ်နိုင်ကြ သည်။ အလုပ်ပြန်လုပ်နိုင်ကြသည်။ မူလ လူမှုစီးပွားဘ၀များ ပြန်လည်ရယူဆောင်ရွက်နိုင်ကြသည်။
အကြီးအကျယ် လေဖြတ်သူအများစုကတော့ ကာလရှည်ကြာ ခန္ဓာကိုယ်တစ်ခြမ်း မလှုပ်နိုင်၊ အကူအညီမလို ပုံမှန်လမ်းမလျှောက်နိုင်၊ စကားဖြေ စကားပြောမလုပ်နိုင်၊ တစ်ကိုယ်ရေသန့်ရှင်းရေး မိမိဘာသာမလုပ်နိုင်ကြ။ ယင်းလူနာများ ပုံမှန်ပြန်လှုပ်ရှားနိုင်အောင်၊ စကားပြန်ပြောနိုင်အောင် လူမှုစီးပွားဘ၀များ ပြန်လည် ရယူရှင်သန်နိုင်အောင် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ လုပ်ရသည်။ စကားပြောကျင့်ရသည်။ ပြင်းပြင်းထန်ထန် ကြိုးစားရသည်။ တစ်ရက်နှစ်ရက်မဟုတ်။ နေ့စဉ်ပုံမှန်လုပ်ရသည်။ အချိန်တော်တော်ကြာကြာ လုံး၀၊ ၀ီရိယစိုက်ထုတ်ရသည်။
လေဖြတ်ပြီးစအချိန်၊ လေဖြတ်ဖြစ်စဉ် မငြိမ်ခင်အချိန်တွင် လူနာကို အိပ်ရာပေါ် ဘယ်၊ ညာစောင်းသည်က လွဲပြီး၊ ပြင်းပြင်းထန်ထန် မလှုပ်ရှားသင့်ပေ။ ညင်ညင်သာသာ ပြုစုရသည်။ လေဖြတ်ပြီး စလူနာကို ရုတ်တရက် ထူလိုက်၊ ထောင်လိုက်လျှင် ဦးနှောက်သို့ သွေးစီးရုတ်တရက်ကျသွားသဖြင့် လေဖြတ် လက္ခဏာပိုဆိုးသွားလေ့ရှိသည်။ ထို့ကြောင့် လူနာကို ရွှေ့၊ ပြောင်း၊ စောင်းလျှင် ညင်ညင်သာသာ၊ ဖြည်းဖြည်းသက်သာရှိရသည်။ ခန္ဓာကိုယ်ခပ်ကြီးကြီးလေဖြတ်လူနာကို အိမ်သားများက မနိုင်မနင်းရွှေ့ခြင်း၊ ပြောင်းခြင်းကလည်း လူနာကို ဒဏ်ရာရစေနိုင်သည်။ လူနာလဲ ခြေကျိုးလက်ကျိုးဖြစ်နိုင်သည်ကို သတိရှိကြရန်လိုသည်။ အဖြစ်များသည်မှာ လူနာကိုအလိုက် သင့်မဆွဲ၊ မ, မသဖြင့် လက်မောင်းအဆစ်လွဲခြင်း၊ ပြုတ်ထွက်ခြင်းတို့ဖြစ်သည်။
လေဖြတ်ဖြစ်စဉ် ငြိမ်သည်နှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများ စလုပ်သည်။ မည်သည့်အချိန်တွင် စလုပ်သင့်သည်ဟု တိတိကျကျသတ်မှတ်ထားသည်မရှိသော်လည်း စောနိုင်သမျှ စောစောလုပ်လေ အကျိုးရှိလေ ဟုဆိုသည်။ စောစောလုပ်ခြင်းဖြင့် လေဖြတ်ခြင်း၏ နောက်ဆက်တွဲပြဿနာများဖြစ်ပွားမှုကို ပိုလျော့နည်းစေသည် ဟုဆိုသည်။ အိပ်ရာပေါ်မလှုပ်မရှားခပ်ငြိမ်ငြိမ် ရက်ရှည်နေခြင်းကြောင့်ဖြစ်သည့် အဆုတ်ရောင်၊ အဆုတ်ပွရောဂါ၊ ခြေထောက်သွေးကြောပိတ်ရောဂါ၊ Pressure-sore အနာဖြစ်ပွားမှုအားလုံး လျော့နည်းစေသည်။ ထို့ပြင် ရှေရှည် မလှုပ်မရှားခြင်းကြောင့်ဖြစ်သည့် ခန္ဓာကိုယ်အစိတ်အပိုင်း များ တောင့်တင်းခြင်း၊ ခြေလက်ကြွက်သားများ ခိုင်သွားခြင်း၊ ခြေလက်များကွေးနိုင် ဆန့်နိုင်ခဲယဉ်းသွားခြင်း စသည်တို့ကိုလည်း ကာကွယ်မှုပေးသည်။
ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းလုပ်ရာတွင် အကြောအဆစ်အထူးကု ဆရာ၀န်၊ ပြန်လည်သန်စွမ်းရေး အထူးကုဆရာ၀န်က ကြီးကြပ်၊ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း ပညာရှင်တို့က ကြပ်ကြပ်မတ်မတ်၊ အဖွဲ့လိုက် စုပေါင်းပြုစုကြသဖြင့် ရလဒ်ကောင်းများကို ရစေသည်။ ခေတ်မီနည်းပညာများ၊ နည်းစနစ်များ၊ ကုသရေးပစ္စည်းများ၏ စွမ်းဆောင်ရည်ကလည်း ရလဒ်များကို ပိုကောင်းစေသည်။
လေဖြတ်လူနာများ ပြန်လည်နာလန်ထူရန်၊ ကိုယ်လက်လှုပ်ရှားမှုပြန်လည်ကောင်းလာရန် အချိန်ယူ ရသည်။ တိုးတက်မှုဖြစ်စဉ်မှာ အလွန်နှေးလေ့ရှိသည်။ နှေးလွန်းသဖြင့် လူနာနှင့် မိသားစု၀င်များ စိတ်ဓာတ်ကျလေ့ရှိသည်။ စိတ်ဓာတ်ကျတော့ ဆက်လုပ်ချင်စိတ်မရှိ၊ ဆက်မလုပ်တော့ လုံး၀မတိုးတက်၊ ဆုတ်ယုတ် စသည်ဖြင့် ပြန်မကောင်းနိုင်သည့် လူနာများရှိသည်။ ခြေလက်များတောင့်တင်းခြင်း၊ လှုပ်သည်နှင့်နာခြင်းစသည်တို့ကလည်း ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းလုပ်ရာတွင် အဟန့်အတားဖြစ်စေ သည်။ လေ့ကျင့်ခန်းဆက်မလုပ်ချင်အောင် ဟန့်တားသည်။
လူနာရော၊ မိသားစု၀င်များပါ အကောင်းမြင်စိတ်ထားရသည်။ တိုးတက်မှုဘယ်လောက်နှေးနှေး၊ တစ်နေ့ ပြန်ကောင်းရမည်ဟု မျှော်လင့်ချက်ထားရသည်။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဟု စိတ်ထဲတွင် စွဲစွဲထင်ထင် ထားရသည်။ လူနာ၏ပြန်ကောင်းချင်စိတ်နှင့် မိသားစု၀င်တို့၏ အားပေးမှု၊ ပံ့ပိုးမှုက အခရာကျသည်။
လေမဖြတ်သည့်အကောင်းဘက်ခန္ဓာကိုယ်အခြမ်းကို မလှုပ်ရှားစေဘဲ ထိန်းထားပြီး လေဖြတ်သည့် လှုပ်မရသည့်အခြမ်းကိုသာ အားပြုပြီး လှုပ်ရှားစေခြင်းသည်လည်း ထိရောက်သည့်နည်းလမ်းတစ်ခုစြဖ်သည်။ ယင်းနည်းဖြင့် လေဖြတ်ပြီး နှစ်ကာလကြာနေပြီဖြစ်သည့် လူနာများပင် ပြန်လှုပ်ရှားလာနိုင်သည် ကို တွေ့ရသည်။ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သေနေသည့်၊ ငြိမ်နေသည့် အာရုံကြောလမ်းကြောင်းကို ပြန်လည် ရှင်သန်အလုပ်လုပ်နိုင်အောင် ဆွပေးနိုင်စွမ်းရှိသည်ကိုပြသည်။
Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)
Health Digest Journal




























