လေးဖက်နာနှင့် ဖြည့်စွက်အစားအစာများ
လေးဖက်နာရောဂါသည်တွေဟာ ရောဂါထကြွလာတဲ့အချိန် (Flare-up) မှာပဲ ဖြစ်ဖြစ်၊ ၀မ်းလျှော၊ ၀မ်းပျက်၊ ဖျားနာလို့ပဲ ဖြစ်ဖြစ် ထမင်းစားပျက်တဲ့အချိန်တွေလည်းရှိပါတယ်။ ရောဂါသိပ်ဆိုးလို့ အိပ်ရာပေါ်လဲနေပြီး ထမင်းမ၀င်တော့ဘဲ နှာခေါင်းပိုက်ကနေ အစာသွင်းပေးရတာ၊ ပိုဆိုးလာလို့ရှိရင် သွေးပြန်ကြောထဲက အာဟာရသွင်းပေးတာတွေ ကြားဖူးမှာပါ။ ဒီလိုအခါတွေမှာ ဘယ်လိုအစားအစာ၊ ဖြည့်စွက်စာတွေ သင့်တော်မလဲဆိုတာ ပြောပြချင်ပါတယ်။
ဖြည့်စွက်စာများ
လူနာတွေက နည်းနည်းအစားပျက်ရင် ဟောလစ်၊ အိုဗာတင်း၊ Ensure စတာတွေ သောက်လို့ရလား လို့ မေးတတ်ပါတယ်။ သောက်လို့ရပါတယ်။ တစ်နေ့တာလိုအပ်ချက်ဖြစ်တဲ့ ကယ်လိုရီ 2000၊ အသားဓာတ် 50 ဂရမ်၊ ဆားဓာတ် (ဆိုဒီယမ်) 50 မီလီမိုး၊ အချဉ်ဓာတ် (ပိုတက်ဆီယမ်) 50 မီလီဖိုးထက်မပို၊ မလိုအောင်တော့ ကိုယ်သောက်မယ့်အထဲမှာ ဘာတွေပါလဲဆိုတာ ဘူးခွံပေါ်မှာရေးထားတဲ့ အညွှန်းကိုကြည့် ပြီး သောက်ဖို့လိုတာပေါ့နော်။
လက်ဖက်ရည်၊ ကော်ဖီသောက်လို့ရလားလို့မေးလေ့ရှိပါတယ်။ သူက လူလန်းတာကလွဲလို့ အာဟာရဓာတ် သိပ်မပါတာမို့ နာလန်ထဖို့၊ အားရှိဖို့တော့ အထောက်အကူမပြုဘူးပေါ့နော်။ တစ်နေ့ နှစ်ခွက်၊ သုံးခွက်ထက် ပိုမသောက်ရ။ အန္တရာယ်တော့မရှိပါဘူး။ ပိုသောက်ရင်တော့ ရင်တုန်တာ၊ ကောင်းကောင်းအိပ်မပျော်လို့ အနားမရတာ၊ ပိုနုံးတာဖြစ်လာတတ်တာမို့ ဆင်ခြင်ရပါမယ်။ လက်ဖက်ရည်ကြမ်းနဲ့ ဘလက်ကော်ဖီမှာဆိုရင် ကယ်လိုရီမပါပါဘူး။ ၀ှိုက်ကော်ဖီလို့ခေါ်တဲ့ နို့နဲ့ သကြားတစ်ဇွန်းထည့်ထားတဲ့ ကော်ဖီ၊ လက်ဖက်ရည်မှာတော့ ကယ်လိုရီ 100 ထွက်ပါ တယ်။ ဈေးကွက်မှာရောင်းတဲ့ သရီးအင်၀မ်းအသင့်ဖျော်ကော်ဖီထုပ်တွေကလည်း ကယ်လိုရီ 100 ထွက်ပါတယ်။
လူတစ်ယောက်က ကယ်လိုရီ 200 လိုတယ်ဆ်ိုရင် တစ်၀က် (1000) ကနေ ကာဗိုဟိုက်ဒရိတ်က ရသင့်ပြီး ကျန်တစ်၀က်က အသားဓာတ်နဲ့ အဆီဓာတ်ကနေ 500 စီ ရသင့်တာဖြစ်ပါတယ်။ ထမင်းလေးဇွန်းစားရင် ကယ်လိုရီ 100 ရတာမို့ မနက်စာ 12 ဇွန်း၊ ညစာ 12 ဇွန်း စားရင် ထမင်းဖြူကနေ ကယ်လိုရီ 600 ရပြီးဖြစ်နေလို့ အသီးအနှံ၊ သရေစာ၊ မနက်စောစောတွေအတွက် 400 ဖိုးပဲ စားလို့ရမှာဖြစ်ပါတယ်။ ဒီတော့ လက်ဖက်ရည်ကျစိမ့် 4 ခွက်လောက် သောက်လိုက်ရင် လိုတာပြည့်သွားပြီး ငှက်ပျော်သီးတို့၊ ပေါင်မုန့်တို့၊ မုန့်ဟင်းခါးတို့ပါ စားမယ်ဆိုရင် အချို ဓာတ် ၀င်သင့်တာထက် ပိုသွားတဲ့အတွက် အ၀လွန်လာတာ၊ ဆီးချိုဖြစ်လာတာတို့နဲ့ နောက်ဆုံးရင်ဆိုင်ရမှာဖြစ်ပါ တယ်။ ပုံမှန်အားဖြင့်တော့ အိပ်ရာထမှာ လက်ဖက်ရည် (သို့) ကော်ဖီက 100၊ ပေါင်မုန့် 2 ချပ် (သို့) မုန့်ဟင်းခါးပွဲတစ် ၀က်က 100 နဲ့ ကယ်လိုရီ 200 နဲ့ နေ့လယ် လက်ဖက်ရည်ချိန်မှာ လက်ဖက်ရည်တစ်ခွက်နဲ့ငှက်ပျောသီးတစ်လုံးက 200 လောက်စားလိုက်ရင် ဖြည့်စွက်စာက 400၊ ထမင်းက 600 ဆိုတော့ တစ်နေ့တာ စားရမယ့်အချိုဓာတ် 1000 ဖိုးက လုံလောက်သွားတာပေါ့။
အရက်နဲ့ ဆေးလိပ်ကိုလည်း မေးကြပါတယ်။ လေးဖက်နာတွေရဲ့ အဓိကသေဆုံးရခြင်း အကြောင်းရင်းတစ်ခုက နှလုံးရောဂါဆိုတော့ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းတရားတွေဖြစ်တဲ့ ဆေးလိပ်နဲ့ အရက်ကတော့ ဖြတ်နိုင်ရင် အကောင်းဆုံးပါပဲ။ အရက်လုံးလုံးမဖြတ်နိုင်ခဲ့ရင်တော့ ယောကျာ်းတွေမှာ တစ်နေ့ 3 ယူနစ်၊ မိန်းမတွေ တစ်နေ့ 2 ယူနစ် ထက်မပိုရင် ကောင်းပါတယ်။ အရက်အပြင်း၊ အပျော့ပေါ်မူတည်ပြီး တစ်ယူနစ်ရဲ့ပမာဏက ကွာသွားတာပေါ့။ အယ်လ်ကိုဟော 40 ရာခိုင်နှုန်းပါတဲ့ ၀ီစကီတို့၊ ရမ်တို့ဆိုရင် ဖန်ခွက်ပုလင်းနဲ့လက်တစ်လုံး 25 စီစီက တစ်ယူနစ်ဖြစ်ပြီး 14 ရာခိုင်နှုန်းပါတဲ့ ၀ိုင်တွေကျတော့ ၀ိုက်ကလပ်တစ်ခွက် 70 စီစီက တစ်ယူနစ်၊ 5 ရာခိုင်နှုန်းပဲပါတဲ့ ဘီယာကျတော့ 2000 စီစီက တစ်ယူနစ်ပေါ့။ တစ်ယူနစ်သောက်ရင် ကယ်လိုရီက 50 ထွက်တာကြောင့် များများ သောက်ရင်၀လာတတ်တာပါ။
တစ်ခါစား ထမင်း 12 ဇွန်းမ၀င်ဘူး၊ လေးငါးဇွန်းပဲ ၀င်တယ်ဆိုတဲ့ လူနာတွေမှာတော့ လက်ဖက်ရည်၊ ကော်ဖီကလည်း 2 ခွက်ထက်ပိုသောက်ဖို့ မသင့်တော်တာနဲ့အညီ အိုဗာတင်း၊ ဟောလစ်၊ အင်ရှူးဝါး၊ ရီဗိုက်တယ်လိုက်၊ ဂလူ စားနား စတဲ့နာမည်အမျိုးမျိုးနဲ့ ဖြစ်စွက်စာမှုန့်တွေ ဖျော်သောက်ဖို့ လိုလာပါတယ်။
ဒီနေရာမှာလည်း ကြက်ဥတစ်လုံးစားရင် အသားဓာတ် (Protein) 7 ဂရမ်၊ လက်မနှစ်ချောင်းစာ အသားတုံး 2 တုံးစားရင် အသားဓာတ် 7 ဂရမ်ရတာမို့ ထမင်းတစ်ခါစားရင်း အသား 4 တုံး 5 တုံးနဲ့ ကြက်ဥ၊ ဘဲဥတစ်လုံးလောက် စားနိုင်ရင်တော့ တစ်နေ့တာလိုအပ်တဲ့ အသားဓာတ် 50 ဂရမ်လောက်ကို ရနိုင်တယ်ဆိုရင် ဖြည့်စွက်အာဟာရ မှုန့်ရွေးတဲ့အခါမှာ အသားဓာတ်သိပ်မပါတဲ့ အမျိုးအစားကို ရွေးနိုင်ပါတယ်။ ဆိုလိုတာက ထမင်းမ၀င်ပေမဲ့ ဟင်းများများ စားနိုင်တယ်ဆိုရင် တော်ရုံတန်ရုံအာဟာရမှုန့်နဲ့ရပါတယ်။ ထမင်းတင်မက ဟင်းပါမ၀င်တော့ဘူးဆိုရင်တော့ ကယ်လိုရီတင်မက၊ အသားဓာတ်ပါ၀င်တဲ့ အာဟာရမှုန့်ဟုတ်မဟုတ် အညွှန်းမှာ သေချာဖတ်ပြီး မှ ရွေးသင့်၊ သောက်သင့်တာပေါ့။ အသားဓာတ်များများထည့်ထားရလေ ဖြည့်စွက်စာက ဈေးကြီးတတ်လေ ဖြစ်တာမို့ မလိုဘဲနဲ့လည်း သူတို့ကို ရွေးစရာမလိုပါဘူး။ တစ်ဖက်ကလည်း အသားဓာတ်များများပါတာနဲ့အမျှ ဖျော်လိုက်ရင် အညှီဓာတ်ပါလာတတ်တာမို့ နေမကောင်း၊ ခံတွင်းပျက်နေတဲ့ လူနာတွေက မကြိုက်ကြ၊ မသောက်နိုင်ကြပါဘူး။ နောက်ပိုင်းပေါ်လာတဲ့ အာဟာရမှုန့် တွေကတော့ အသားဓာတ်လည်းများ၊ အနံ့အရသာလည်း ကောင်းအောင်လုပ်လာနိုင်တာမို့ ပိုကောင်းလာပါတယ်။
လူသုံးများတဲ့ ဖြည့်စွက်အာဟာရမှုန့်တွေနဲ့ အမှုန့် 100 ဂရမ်မှာပါ၀င်တဲ့ ကယ်လိုရီဓာတ်၊ အသားဓာတ်၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်ဓာတ်တွေကို နှိုင်းယှဉ်ပြထားပါတယ်။
အာဟာရမှုန့် 100 ဂရမ် | အိုဗာတင်း | Ensure, Glucaena | ပရိုတင်း | ရီဗိုက်တယ်လိုက် | ကေစီလန် |
ကယ်လိုရီ (Kcal) | 377 | 435 | 420 | 360 | 370 |
အသားဓာတ် (g) | 9 | 16 | 20 | 80 | 90 |
ကယ်လ်ဆီယမ် (mg) | 1351 | 457 | 10 | 700 | 1400 |
ဆိုဒီယမ် (mg) | 173 | 366 | 5 |
| 300 |
ပါးစပ်က စားဖို့သောက်ဖို့ အင်အားမရှိတော့ဘူးဆိုရင်တော့ နှာခေါင်းပိုက်က ထည့်ရတော့တာပေါ့။ ဒီအခါမှာလည်း လူနာရှင်တွေက စေတနာအပြည့်နဲ့ ကြက်တစ်ကောင်လုံးပေါင်းပြီး အရည်ကို ယူလာပါတယ်တို့၊ ထမင်းရည် သန့်သန့်လေး ခံလာတယ်တို့ လုပ်ကြပါတယ်။ ကြက်တစ်ကောင်လုံးပေါင်းထားတဲ့ စွပ်ပြုတ်က အင်မတန်အရသာရှိပါတယ်။ ဒါပေမဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လိုရီတို့၊ အသားဓာတ်တို့က ပေါင်းလိုက်လို့ စွပ်ပြုတ်ရည်ထဲကို ထွက်လာတာမဟုတ်ပါဘူး။ အနံ့နဲ့ အရသာလေးပဲ ပျော်ကျလာတာဖြစ်ပါတယ်။ အသားဓာတ်က သူ့ကြက်သားတုံးထဲမှာပဲ ကျန်ခဲ့တာပါ။ စွပ်ပြုတ်ရည်ဟာ အရသာရှိသွားတာက ဟင်းချိုထဲ အချိုမှုန့်စပ်လိုက်လို့ အရသာရှိသွားသလို၊ ဈေးပေါတဲ့ အအေးဘူးထဲ စတော်ဘယ်ရီအရာသာမှုန့် ထည့်ထားလို့ စတော်ဘယ်ရီအရသာ ရနေသလိုသဘောပါပဲ။ ခံတွင်းပျက်နေလို့ စွပ်ပြုတ်လေးတစ်ခွက်လောက်သောက်ပြီး ခံတွင်းပြန်လိုက်လာ၊ နောက်ပေါင်းထာတဲ့အသားတုံးပါ စားနိုင်လာပြီဆိုရင်တော့ ကောင်းပါတယ်။ နှာခေါင်းပိုက်ကနေ အစာအိမ်ထဲကို တိုက်ရိုက်ထည့်တာဆိုရင်တော့ အနံ့အရသာကလည်း လူနာက မခံစားရ၊ အာဟာရကလည်းမပါဆိုတော့ ဘာမှအကျိုးမရှိဘဲ ပိန်ပိန်လိုက်လာပြီး အိမ်မှာကျန်ခဲ့တဲ့ ကြက်သားခေါင်းတုံးကို စားတဲ့ လူနာစောင့်တွေပဲ ၀၀လာတာကို ကြုံရပါတယ်။
ထမင်းရည်လည်း ဒီလိုပါပဲ။ ထမင်း 2 ဇွန်းစားမှ ကယ်လိုရီ 100 ရတာပါ။ ဆန်ပြုတ်ဆိုရင် ထမင်း 2 ဇွန်း လောက်ကို ရေတစ်ခွက်နဲ့ ရေပြုတ်တာမို့ ပွလာ၊ အ၀င်လွယ်လာတာရှိပေမဲ့ ကယ်လိုရီကတော့ များမလာပါဘူး။ ဆန်ပြုတ်တစ်ခွက်လုံး ကုန်အောင်သောက်နိုင်မှ အာဟာရ 100 ပဲရမှာပါ။ ထမင်းရည်ကတော့ အသားစွပ်ပြုတ်လိုပါပဲ။ ထမင်းအန့ံ၊ အမှုန်လေးတွေပဲ ပါတာဆိုတော့ ထမင်းရည်တစ်လီတာဘူးလုံး ထည့်ဦးတော့၊ ရေဓာတ်တစ်လီတာ၀င် သွားတာလည်း ရှိပါတယ်။ အာဟာရဓာတ်က 10 ဖိုးတောင်မရှိပါဘူး။ ဒါကြောင့် ကိုယ့်လူနာ အာဟာရမပြတ်အောင်၊ မြန်မြန်နေကောင်းအောင်ဆိုရင် 100 စီစီ (20 စီစီ ဆေးထိုးပြွန်နဲ့ 5 ကြိမ်) နှာခေါင်းပိုက်က ထည့်ရင်အာဟာရဓာတ် 100 ကယ်လိုရီနဲ့ တစ်နေ့လုံး 2000 စီစီ၀င်သွားရင် ကယ်လိုရီ 2000၊ အသားဓာတ် 50 ဂရမ်ရအောင် ပြင်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ သစ်သီးဖျော်စက်ထဲမှာ တစ်နေ့တာလိုတဲ့ ကယ်လိုရီ၊ အသားဓာတ်၊ အဆီဓာတ်၊ အငန်ဓာတ်နဲ့ ရေဓာတ်တွေကို တွက်ချက်ရောထည့်ပြီး ကြိတ်ထားလိုက်ရင် အကောင်းဆုံးပါပဲ။
နမူနာအနေနဲ့ -
- နွားနို့ 1500 စီစီ (ကြိုပြီးသား)
- ကြက်ဥပြုတ် 2 လုံး
- သကြား ထမင်းစားဇွန်းနှင့် ခြောက်ဇွန်း
- ပဲဆီ ထမင်းစားဇွန်းနှင့် 4 ဇွန်း
- ဆား လက်ဖက်ရည်ဇွန်း 1 ဇွန်း
အထက်ပါ 5 မျိုးကို ဖျော်စက်ထဲတွင် ရော၍ သမအောင်ဖျော်ပြီး တစ်ခါထည့်လျှင် 200 စီစီဖြင့် တစ်နေ့ 10 ကြိမ်ခွဲထည့်ပေးရပါမယ်။ နွားနို့အစား ထမင်းရည် (သို့) ရေကို သုံးနိုင်ပါတယ်။
ဈေးကွက်တွင်းရှိ အာဟာရမှုန့်များကို သုံးမည်ဆိုပါကလည်း တစ်ခါဖျော်လျှင် 200 စီစီ၊ အာဟာရ 200 နှင့် အသားဓာတ် 5 ဂရမ်ရအောင် ဖျော်စပ်ပြီး တိုက်ကျေွးရမည်ဖြစ်သည်။
ဥပမာ - ပရိုတင်း (ထမင်းစားဇွန်းနှင့် တစ်ဇွန်းခွဲ) – (25 ဂရမ်အာဟာရမှုန့်၊ အသားဓာတ် 5 ဂရမ်၊ အာဟာရ 106 ကယ်လိုရီ) သကြား (ထမင်းစားဇွန်းနှင့် တစ်ဇွန်းခွဲ) – (25 ဂရမ် သကြား - အာဟာရ 100 ကယ်လိုရီ) ရေ - 200 စီစီ |
အထက်ပါသုံးမျိုးကို ရောဖျော်၍ တစ်နေ့ 10 ကြိမ် တိုက်နိုင်ပါသည်။
နောက်ဥပမာတစ်ခုမှာ - ရီဗိုက်တယ်လိုက် - ထမင်းစားဇွန်း တစ်၀က် - (8 ဂရမ်အာဟာရမှုန့်၊ အသားဓာတ် 5 ဂရမ်၊ အာဟာရ 30 ကယ်လိုရီ) သကြား - ထမင်းစားဇွန်း 2 ဇွန်းခွဲ - (40 ဂရမ် သကြား - 160 ကယ်လိုရီ) ရေ - 200 စီစီ |
ရီဗိုက်တယ်လိုက်တွင် အသားဓာတ်ပါ၀င်မှုများသဖြင့် တစ်ခါတိုက်လျှင် ဇွန်းတစ်၀က်သာ ထည့်ရန်လိုအပ်သည်ကို တွေ့နိုင်မည်။ ဤကဲ့သို့ပင် ကိုယ့်လူနာကြိုက်သည့် အာဟာရမှုန့်တွင် အသားဓာတ်နှင့်ကယ်လိုရီဓာတ် မည်မျှ ပါသည်ကို အညွှန်းတွင်ကြည့်၍ လိုအပ်သောပမာဏတွင် သကြားထပ်ပေါင်းထည့်ပြီး ဖျော်စပ်တိုက်ကျေွးနိုင်ပေသည်။
နှာခေါင်းပိုက်မှ ပြန်အန်ထွက်နေလျှင်ရော
ဒါမျိုးဆိုရင်တော့ သွေးပြန်ကြောထဲက ထည့်ရမှာပေါ့။ ဒီနေရာမှာလည်း ဂလူးကို့စ်ပုလင်းတွေချည်း လှိမ့်ထည့် လို့အာဟာရလည်း မပြည့်၊ အသားဓာတ်လည်း မပါဖြစ်ပြီး တဖြည်းဖြည်း လူနာက ယူပစ်သလို ကျသွားတာ၊ ကြွက်သားတွေ သိမ်ကုန်တာတွေ့ဖူးမှာပါ။ ဂလူးကို့စ် 5 ရာခိုင်နှုန်း တစ်ပုလင်းသွင်းမှ 500 စီစီ တစ်ရက်မှာ သကြားဓာတ် 25 ဂရမ်ပဲ ပါတာမို့ အာဟာရဓာတ် 100 ကယ်လိုရီရပါတယ်။ တစ်နေ့ ကယ်လိုရီ 2000 ရအောင်ဆိုရင် ဂလူးကို့စ် ပုလင်း 20 ချိတ်မှ ရမှာဆိုတော့ မဖြစ်နိုင်ပါဘူး။ အများအားဖြင့် 4 လုံးလောက် ချိတ်ပေးကြတော့ 400 ကယ်လိုရီ၀င်တယ်ဆိုရင် တစ်နေ့ 1600 ခန္ဓာကိုယ်ထဲက စိုက်သုံးရပါတယ်။ ဒီလိုလူနာမှ မချုံးကျသွား၊ မသိမ်လှီသွား၊ သေမသွားရင် ဘယ်သူသေဦးမလဲ။ ဒီတော့ သွေးကြောထဲသွင်းတဲ့အခါ ပမာဏနည်းနည်းနဲ့ အာဟာရများများထွက်ရန် အသားဓာတ်ပါဖို့ လိုတာကို မြင်လာမှာပေါ့။ နွားနို့ကို ဖြူဖြူပျစ်ပျစ်တွေ သွင်းတဲ့အခါ၊ ဥပမာ - နာပစ်၊ အင်ထရာလစ်ပစ်လို့ခေါ်တဲ့ အကြောထဲသွင်းတဲ့ အဆီဓာတ် 10 ရာခိုင်နှုန်း၊ အဆီ 500 စီစီက 450 ကယ်လိုရီပေးပြီး 20 ရာခိုင်နှုန်း အဆီက 900 ကယ်လိုရီပေးတာကြောင့် 1 လုံး၊ 2 လုံးနဲ့တင် တစ်နေ့တာလိုအပ်ချက်ကို ပြည့်မီနို်င်တာပေါ့။ အသားဓာတ် အတွက်ဆိုရင်တော့ နာမင်တို့၊ အမိုင်နိုလစ်ပစ်တို့၊ အမိုင်နိုပလာစမာတို့ ပေးရပါတယ်။ ဆိုလိုတာက ကိုယ့်လူနာကို အချိုရည်၊ အငန်ရည်တွေချည်းပဲ ထည့်ပေးနေသလား၊ အဆီဓာတ်၊ အသားဓာတ်တွေရော စဉ်းစားပေးရဲ့လားဆိုတာကို တစေ့တစောင်းကြည့်ပြီး မေးမြန်းဆွေးနွေးကြည့်ဖို့လိုတာကို ပြောတာပါ။ ကိုယ့်ဘာသာနဲ့ကိုယ်မှန်းပြီး အိမ်မှာ သူနာပြုနဲ့ခေါ်ထည့်တာမျိုးတော့ မလုပ်နဲ့ပေါ့နော်။
ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ် အထူးကုဆရာ၀န်ကြီး)
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No. 246, July 2015






























