/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သက်ကြီးလေးဖက်နာများ

သက်ကြီးလေးဖက်နာများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

        ကလေးတွေမှာဖြစ်တတ်တဲ့လေးဖက်နာ၊ လူလတ်တွေမှာ ဖြစ်တတ်တဲ့ လေးဖက်နာတွေကို ပြောခဲ့ပြီးပါပြီ။ ဒီ တစ်ခါတော့ လူကြီးတွေမှာ ဖြစ်တတ်တဲ့လေးဖက်နာအကြောင်းပြောချင်ပါတယ်။ “လူကြီးမင်းကြောင်းလာတယ်” ဆိုတဲ့ လူကြီးကိုပြောတာ မဟုတ်ပါဘူး။ “12 နှစ်ကျော်ရင် လူကြီးခ ပေးရမယ်” ဆိုတဲ့လူကြီးလည်း မဟုတ်ပါဘူး။ သွေးသားဆူဖြိုးမှုအရွယ်ကုန်ဆုံးပြီးသွားတဲ့၊ သွေးဆုံးပြီးတဲ့အရွယ် 50 ကျော်တွေကို ဆိုလိုတာပါ။ နိုင်ငံခြားမှာတော့ 65 နှစ်အထိ အလုပ်လုပ်တုန်း၊ တချို့ဆို 80 ကျော်မှ Elderly လူကြီးလို့ခေါ်ကြပေမဲ့ ဒီမှာတော့ သက်တမ်းကလည်းတိုတော့ 65 နှစ်ကျော်တာနဲ့ လှုပ်လှုပ်ပဲကျန်တော့တဲ့ လူအိုတွေ ဖြစ်သွားတာတွေ့ရတတ်ပါတယ်။

 

သွေးကြောရောင် ကြွက်သားနာ (Polymyalgia Rheumatica)

        ဆရာ၀န်တွေက လူနာစာအုပ်ပေါ်မှာ အတိုကောက် PMR လို့ ရေးတတ်ပါတယ်။ ဒီမှာ SLE လို့ပြောရင် အရေပြားလေးဖက်နာ၊ RA လို့ရေးရင် သွေးလေးဖက်နာဆိုတာ တော်တော်များများ လူနာတွေက သိနေကြပြီဖြစ်ပေမဲ့ PRM လို့ရေးရင်တော့ သွေးကြောရောင် ကြွက်သားနာကို ဆိုလိုတယ်ဆိုတာ သိသူနည်းပါတယ်။ ဆရာ၀န်တွေကိုယ်တိုင်ကလည်း ဒီရောဂါအမည်ကို ဆိုနိုင်ပါတယ်။

          နိုင်ငံခြားမှာတော့ အသက် 50 ကျော်၊ ESR လို့ခေါ်တဲ့ သွေးပျစ်နှုန်း 50 ကျော်ဆိုရင် သွေးကြောရောင်ရောဂါတွေကို သတိရဖို့ စာမေးပွဲတွေမှာလည်း ပုစၧာလုပ်ပြီး မေးလေ့ရှိပါတယ်။

          လူငယ်၊ လူလတ်တွေမှာ တစ်ကိုယ်လုံး ကိုက်ခဲနေတယ်၊ လေးဖက်နာထက်ပိုပြီး ဆယ်ဖက်လောက် နာနေပြီ ဆိုရင် Fibromyalgia ဆိုတဲ့ အကြောတက်ရောဂါကို သတိထားရသလို လူကြီးတွေမှာ တစ်ကိုယ်လုံး ကိုက်ပြီဆိုရင်တော့ သွေးကြောရောင် ကြွက်သားနာကို သတိထားရပါတယ်။

          အထူးသဖြင့် ခေါင်းကိုက်တတ်လို့ပါ ပြောလာရင် ချက်ချင်းသွေးပျစ်နှုန်းတိုင်းကြည့်ပြီး 50 ကျော်နေရင် စတီးရွိုက်ကို မြန်မြန်ပေးရပါတယ်။ နောက်ကျသွားရင် မျက်လုံးသွေးကြောတွေပါရောင်ပြီး အမြင်အာရုံ ချို့ယွင်းသွားတတ်လို့ပါ။

          သူကလည်း နာတာကလွဲလို့ တခြားစစ်ဆေးမှုတွေကို အကုန်ကောင်းနေတတ်တော့ သွေးပျစ်နှုန်း တက်နေတာကိုသာ အရေးကြီးတယ်လို့ မယူဆမိရင် ရောဂါမပေါ်ဘဲ ဖြစ်နေတတ်ပါတယ်။ သွေးလေးဖက်နာ ဓာတ် “RF” ၊ အရေ ပြားလေးဖက်နာဓာတ် “ANA” ၊ ဂေါက်ဓာတ် “UA” အကုန်လုံးက စစ်ကြည့်ရင် ပုံမှန်ပါပဲ။

          တစ်ခုကြောက်ရတာက အမျိုးသမီးတွေရဲ့ 2.4% နဲ့ အမျိုးသားတွေရဲ့ 1.7% မှာ ဖြစ်နိုင်တဲ့အပြင် ဒီရောဂါရှိ တဲ့သူတွေဟာ မရှိတဲ့သူတွေထက် ကင်ဆာဖြစ်နှုန်း နှစ်ဆလောက်ပိုများတာမို့ သွေးကြောရောင် ကြွက်သားနာလို့ အမည်တပ်ပြီးရင် သူ့ဘာသာပဲ သီးသန့်ကိုက်ခဲပြီး ESR တက်နေတာလား၊ အထဲက သွေးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ စတာတွေက မြုံနေပြီး ကိုက်ခဲတာ၊ သွေးပျစ်တာတွေနဲ့ပဲ တွေ့နေရတာလားဆိုတာ ရှာကြည့်ရပါတယ်။ ဒီ့အပြင် လည်ပင်းဟော်မုန်း (သိုင်းရွိုက်) အားနည်းတဲ့သူတွေ၊ ဗီတာမင် D နည်းတဲ့သူတွေမှာလည်း တစ်ကိုယ်လုံးကိုက်တတ် တာမို့ ဒီရောဂါတွေကိုလည်း စစ်ဆေးကြည့်ရပါတယ်။

          သွေးကြောရောင် ကြွက်သားနာမှာ တစ်ကိုယ်လုံး၊ ပခုံး၊ လက်မောင်း၊ ကျောပြင်၊ ပေါင်၊ ခြေသလုံး၊ ကြွက်သားတွေ ညောင်းနေ၊ နာနေတာဆိုတော့ အဲဒီလိုလည်း နာတတ်တဲ့ ကြွက်သားရောင်လေးဖက်နာ (Dermatomyositis) အတွက်လည်း ကြွက်သားရောင်ဓာတ် (CR) နဲ့ ကြွက်သားလျှပ်စီးပုံစံ (EMR) တွေ စစ်ကြည့်ကြလေ့ရှိပါတယ်၊ ကောင်းပါတယ်ဆိုတဲ့ အဖြေပဲ ထွက်ရမှာပါ။

 

ဘယ်လိုကုရမလဲ

        အေအက်စ်အိုလည်း မတက်၊ သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာကိုယ်ခံဓာတ်တွေက လည်းကောင်း၊ ကြွက်သားရောင်ဓာတ်လည်း ပုံမှန်ဆိုပေမဲ့ ESR ဓာတ်နည်းနည်းကိုလည်း စတီးရွိုက်ဆေးပေးဖို့လိုလာပါတယ်။ အခြား ရောဂါတွေမှာလို ကိုယ်ခံအားကျဆေးတွေ (DMARD) တော့ မလိုဘူးပေါ့။ စတီးရွိုက်ကလည်း တစ်နေ့ တစ်လုံး၊ တစ်ပတ် ပေးကြည့်လို့ မသက်သာရင် တစ်နေ့ ခြောက်လုံး၊ နောက်တစ်ပတ် ပေးကြည့်ရပါတယ်။ သွေးကြောရောင် ကြွက်သားနာသာမှန်ခဲ့ရင် စတီးရွိုက်နှစ်ပတ်သောက်ရင် မုချသက်သာရမှာဖြစ်လို့ နှစ်ပတ်သောက်ကြည့်လို့မှ မသက်သာရင် ရောဂါ အမည်မှားနေပြီလို့ သတ်မှတ်ပြီး တခြားရောဂါတွေကို ထပ်ရှာကြည့်ရမယ်လို့တောင် လမ်းညွှန်ပါ တယ်။ နှစ်ပတ်မှာ သက်သာပြီဆိုရင်တော့ စတီးရွိုက် 20-30 မီလီဂရမ် သောက်နေရာကနေ တစ်လကို 2 မီလီဂရမ်းနှုန်းနဲ့ ခြောက်လလျှော့၊ နောက်ပိုင်း တစ်လကို တစ်မီလီဂရမ်နှုန်းနဲ့ လျှော့သွားရင် တစ်နှစ်လောက်မှာ ဆေးသောက်စရာ မလိုဘဲ ကောင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ လူ 100 မှာ 20 လောက်ကတော့ ဖြတ်လို့မရဘဲ နှစ်နှစ်လောက်အထိ ဆက်သောက်နေကြရတာရှိပါတယ်။

          စတီးရွိုက်သောက်ရတဲ့သူတွေမှာ အရိုးပွရောဂါ၊ ဆီးချိုရောဂါတွေလည်း လိုက်လာတတ်တာမို့ ဆီးချိုစစ်တာ၊ အရိုးပွတိုင်းတာတွေလည်း လုပ်ကြည့်ပြီး ကယ်လ်ဆီယမ်၊ ဗီတာမင် D ဖြည့်ပေးတာနဲ့ လိုရင် ဘိုင်ဖောစဖိုနိတ်သောက်ဆေး (အရိုးမာဆေး) တွေပါ တွဲပေးရလေ့ရှိပါတယ်။

          အစားအသောက်မှာဆိုရင်တော့ သွေးတိုး၊ ဆီးချိုတွေတွဲမဖြစ်အောင် အငန်နဲ့ အချိုလျှော့စားဖို့၊ အရိုးပွ ကာကွယ်နိုင်အောင် ဆေးလိပ်ဖြတ်၊ အရက်လျှော့၊ တစ်ပတ်သုံးရက် အားကစားလုပ်ဖို့နဲ့ ထုံးဓာတ်၊ ဗီတာမင် D ဓာတ် များများပါတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေစားဖို့ တိုက်တွန်းရပါတယ်။

 

အရိုးပွရောဂါ

        အရိုးပွရောဂါက အသံတိတ်ရောဂါဖြစ်ပြီး လေးဖက်နာထဲမှာ မပါပေမဲ့ သူ့ကိုယ်၌က ဖြစ်လို့ဖြစ်နေမှန်း မသိရအောင် လက္ခဏာမှ မပေါ်တတ်ပေမဲ့ လူကြီးတွေမှာတော့ ခါးနာတယ်ဆိုပြီး လာရင် သူ့ကိုသတိရပါတယ်။

          အရိုးပွသက်သက်ဆိုရင်တော့ မနာပါဘူး၊ တစ်ဆင့်ကျော်ပြီး ပွတဲ့အရိုးလေးတွေက ဖိမိလို့ ကျိုးသွားတဲ့အခါ နာတာပါ။ ဒါပေမဲ့ သစ်ပင်ပေါ်က ပြုတ်ကျတာ၊ ကားတိုက်တာလိုမျိုး ထိမိ၊ ခိုက်မိလည်း မရှိ၊ အိပ်ရာပေါ်လဲအောင်၊ မထောက်နိုင်အောင် နာတာမျိုးလည်း မရှိဆိုတော့ ဓာတ်မှတ်ရိုက်ကြည့်ပြီး ခါးရိုးကျိုးသွားတယ်လို့ပြောရင်တောင်မယုံ ချင်ကြပါဘူး။ တကယ်တော့ အရိုးပွနေတဲ့သူမှာ သိပ်ထိခိုက်မိဖို့ မလိုဘဲ လှေကားထစ်ကဆင်းရင် အထစ်ချော်သွားလို့ နင့်ခနဲဖြစ်သွားတာ၊ အလေးအပင်တစ်ခုကို ကုန်းမလိုက်တာနဲ့ နောက်ဆုံး အနင်း၊ အနှိပ်ခံရင်းတောင် မခိုင်တဲ့အရိုးက ကျိုးတတ်တာမို့ သတိထားဖို့လိုပါတယ်။

          အရိုးပွရောဂါက ခါးရိုးကျိုးတဲ့အပြင် ပေါင်ကျိုးတာ၊ လက်ကောက်၀တ်ကျိုးတာတွေနဲ့လည်း လာပါတယ်။ ပေါင်ကျိုးတာမှာလည်း ပြင်းပြင်းထန်ထန် ထိခိုက်မိတာမရှိဘဲ ရေချိုးခန်းထဲမှာ ချော်လဲတာ၊ ခုတင်ပေါ်က ပြုတ်ကျတာလောက်နဲ့ကို ကျိုးတတ်တာပါ။ ငယ်ငယ်တုန်းကတော့ ပုခက်ထဲက ပြုတ်ကျ၊ လှေကားလေးငါးထစ်က ချော်ကျလည်း ဖူးရောင်၊ အာလူသီးထွက်ရုံလောက်နဲ့ ပြီးသွားတာပေါ့။ ကြီးလာတော့ အရိုးတွေက ပွလာပြီး လုံလောက်တဲ့အား မသက်ရောက်ဘဲနဲ့တောင် လွယ်လွယ်နဲ့ကျိုးတတ်လာပါတယ်။ ခါးရိုးတွေဆို တစ်ဆစ်ပြီး တစ်ဆစ် ဖိမိ၊ ပြားလာ၊ ကျိုးလာလိုက်ရင်းနဲ့ ခါးက တဖြည်းဖြည်းပုံပျက်ပြီး ငိုက်လာ၊ ကိုင်းလာတာကို သတိမထားမိဘဲအသက်ကြီးလို့ ခါး ကုန်းလာတယ်လို့လည်း ပြောနေကြပါတယ်။ တကယ်က အရိုးပွရောဂါကြောင့် အရိုးတွေကျိုးနေတာပါ။

          အသက်ကြီးတဲ့လူတိုင်းမှာ ရှောင်လွှဲလို့မရဘဲ ကျိုးရမယ်လို့တော့ မဟုတ်ပါဘူး။ ကြိုသိ၊ ကြိုဆင်ခြင်၊ ကြိုရှာ၊ ကြိုကုရင်တော့ ကာကွယ်နိုင်တဲ့ရောဂါပါ။

          သွေးဆုံးသွားတဲ့အခါ အီစတိုဂျင်ဆိုတဲ့ မဟော်မုန်းက နည်းသွားပါတယ်။ မဟော်မုန်းက အရိုးဖြစ်ထွန်းမှုကို အားပေးတဲ့အတွက် သူနည်းသွားတဲ့အခါ အရိုးပျက်စီးမှုက ဖြစ်ထွန်းမှုထက်များသွားပြီး အရိုးတွေပွလာတာဖြစ်ပါ တယ်။

          ဒီနေရာမှာလည်း သွေးဆုံးတဲ့အချိန်မှာ အရိုးလက်ကျန်များရင် အပျက်အစီးများပေမဲ့ တော်တော်ကြာကြာ အထိ တောင့်ခံနိုင်ပြီး မကျိုးဘူးပေါ့။ ဒါကို ‘Peak Bone Mass’ အရိုးအထူဆုံးအခြေအနေလို့ ဆိုပါတယ်။ ဘဏ်ထဲမှာ စုငွေပမာဏများရင် တော်ရုံသုံးပေမဲ့ တော်တော်နဲ့ မကုန်သလိုပေါ့။ အသက် 40 နဲ့ 50 ကြားမှာ အရိုးအထူဆုံးအခြေ အနေရောက်ဖို့က ကလေးဘ၀၊ လူငယ်ဘ၀ကတည်းက အနေအထိုင်၊ အစားသောက်နဲ့ ဆိုင်ပါတယ်။ အရိုးဖြစ်ဖို့ လိုမယ့် ထုံးဓာတ်၊ ဒီဓာတ်၊ ကော်လာဂျင်ဓာတ်၊ ပရိုတင်းဓာတ်တွေ လုံလောက်အောင် စားဖို့လိုပါတယ်။ ကြက်ဥ၊ နို့၊ နေရောင်တွေက အရေးကြီးတာပေါ့။

          နေရောင်က မြန်မာပြည်မှာ ပေါတယ်ဆိုပေမဲ့ ခုခေတ်ကလေးတွေ မိုးလင်းမိုးချုပ် ကျူရှင်တက်၊ အခန်းထဲ အောင်းပြီး ကွန်ပျူတာဂိမ်းဆော့နေကြာတာနဲ့ ကျွန်တော်တို့ ငယ်ငယ်ကလို လမ်းပေါ်ထွက်၊ ဘောလုံးကစားချိန်၊ စိန်ပြေးတမ်းဆော့ချိန်တွေ မရှိကြ၊ အချိန်ရှိတောင် လုပ်ဖို့လည်း ခေတ်မစားကြတာကြောင့် နေရောင်ရော၊ လှုပ်ရှားမှု ရော မလုံလောက်ကြပါဘူး။ ဆရာ၀န်တွေထဲမှာတောင် ဟိုကိုက်၊ ဒီနာဖြစ်လို့ စစ်ကြည့်လိုက်ရင် ဗီတာမင် D နည်းနေ တာမှရှားပါဘူး။

          နို့သောက်တာလည်း မြန်မာပြည်မှာ အင်မတန်နည်းပါတယ်။ နိုင်ငံခြားမှာတော့ မနက်လင်းရင် သတင်းစာပို့ သလို နို့ပုလင်းကိုလည်း အိမ်ရှေ့မှာ လာချထားအောင် မှာလို့ရလေ့ရှိတာမို့ လူတိုင်းလိုလို တစ်နေ့တစ်ခွက်သောက် ဖြစ်ကြပါတယ်။ ဒီမှာတော့ နို့ရောင်းတဲ့နေရာမှာ တခုတ်တရသွား၀ယ်သောက် ရင်တောင် ရေရောတာ၊ ဆေးသကြားနဲ့ ဓာတုပစ္စည်းတွေ ရောတာတွေကြောက်ရတာ၊ စနစ်တကျ ပိုးသတ်မထားလို့ တီဘီကူးမှာစိုးရတာတွေနဲ့ မသောက်ဖြစ်ကြပါဘူး။ ရွာမှာနေလို့ အိမ်မှာ နွားမွေးထားရင်တောင် နွားနို့တော့ ညှစ်သောက်ခဲကြပါတယ်။

          ဒီတော့လူကြီးတွေ ကိုက်ခဲတယ်ဆိုရင် အရိုးပွရောဂါကို သတိထားဖို့လိုပါတယ်။

 

 

 

ပါမောက္ခဦးချစ်စိုး (အရိုး၊ အကြော၊ အဆစ်အထူးကု)

ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း

No. 240, January 2015