သကြားဘယ်လို လျှော့စားကြမလဲ
လူတွေစားတဲ့ အစားအစာတွေထဲမှာပါတဲ့ သကြားဓာတ်ကို သတိထား စားသောက်လိုက်ခြင်းဖြင့် သူတို့ရဲ့ ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိရာမှာ အကူအညီအထောက်အပံ့ရသွားစေတဲ့အပြင် ဆိုးဝါးတဲ့ နာတာရှည်ကျန်းမာရေးပြဿနာတွေကိုပါ အထူးလျှော့ချပစ်စေနိုင်ကြောင်း လူတိုင်းသိရှိနားလည်ထားဖို့လိုတယ်။ အထူးသဖြင့် မိတ်ဆွေတစ်ဦးနဲ့တစ်ဦး ဆုံမိတဲ့အခါ “နေကောင်းလား” မေးလေ့ရှိပြီး၊ ကြားလိုက်ရတဲ့ ရောဂါတွေ ကတော့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါတွေနဲ့ ဆီးချိုသွေးချို ရောဂါတွေရှိနေကြတာကို ဥပမာ ပြလိုပါတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ ဂုဏ်ယူ၀င့်ကြွားစွာ တင်လေ့ရှိတဲ့ အစားအသောက်များစွာကို နေ့စဉ်မှန်မှန် စားခြင်းဟာ လူတွေမှာ ထိုရောဂါတွေ အဆမတန် တိုးလာနိုင်ဖွယ်ရာရှိပါတယ်။ အရသာကို ရှေ့တန်းတင်ရင် ထိုလျှာအရသာကိုစွဲပြီး မစားရမနေနိုင်၊ ဆိုင်အခင်းအကျင်းနဲ့ စားချင်စဖွယ် အစားအသောက်တွေကပဲ သင့်အား ရောဂါဘယတွေ ဖြစ်လာနိုင်စရာ များစွာရှိနေပါပြီ။ ဒါ့ကြောင့် အိမ်ထမင်း၊ အိမ်ဟင်းမှာ ဆားနဲ့ သကြားလျှော့ထည့်ချက်ခြင်းဖြင့် သင့်ကျန်းမာရေးကို အထောက်အကူပြုနိုင်မှာဖြစ်တယ်။
မိမိတို့စားတဲ့ အစားအစာတွေထဲမှာ “ဆားနဲ့ သကြားဘယ်လောက်များပါလဲ” ကွာလို့ တအံ့တသြမေးတဲ့ သူတွေရှိနိုင်ပါတယ်။ ငယ်စဉ်ကတည်းက ခပ်ငန်ငန်အရသာ လေးလေးပင်ပင်လေးမှ စားတဲ့အလေ့အကျင့် ရှိသူများအတွက် ထိုမေးခွန်းက အဆန်းဖြစ်စေမှာအမှန်ပါ။ စားရင် စွမ်းအင်တိုးစေတဲ့ Energy Bars ခေါ် ရေရှည်ခံမုန့်တောင့်လေးများ၊ အနံ့အရသာ ကောင်းမွန်အောင်ထုတ်လုပ်ထားတဲ့ ဒိန်ချဉ်ရောင်စုံများ၊ ဘီစကွတ်၊ ကွတ်ကီးတို့ ၀ယ်စားကြည့်ပါက သကြားဓာတ်လွန်ကွဲစွာ ထည့်သွင်းထုတ်လုပ်ရောင်းချတာဖြစ်ပါတယ်။
ဒါ့ကြောင့် သင်၀ယ်မယ့် အစားအသောက်တွေကို မ၀ယ်ခင် ပါ၀င်ပစ္စည်းများ (Ingredients) ဆိုတဲ့ စာတန်းအောက် အကွက်ထဲမှာ သကြား ဘယ်နှဂရမ်ပါလဲ၊ အဆီ (ပြည့်၀ဆီ၊ ထရန်စ်ဖက်၊ ဟိုက်ဒြိုဂျင်နိတ်တက်ဖက် (Hydrogenated fat) ဘယ်နှဂရမ်ပါလဲ၊ ဆား (Na ဆိုဒီယမ်) ဘယ်နှဂရမ်ပါလဲ ဆိုတဲ့စာတန်းများအား ဖတ်ကြည့်ပြီးမှ ရွေးချယ်၀ယ်ပါလေ။ ဒါဆိုရင် သင်သဘောပေါက်သွားပါလိမ့်မယ်။ စားလို့အရသာရှိပေမယ့် ပါတဲ့အဆီ၊ ဆားနဲ့ သကြားပမာဏကို သင်သိရှိနားလည်သွားပြီဆိုရင် ၀ယ်ရမလား၊ မ၀ယ်သင့်ဘူးလား သင်သိလာတော့မှာဖြစ်ပါတယ်။ ထို့အပြင် ထုတ်လုပ်တဲ့ ခုနှစ်နှင့် သက်တမ်းကုန်ဆုံးတဲ့ နေ့စွဲ ခုနှစ်ကို အမိအရ အသေအချာဖတ်ပါ။ မည်သည့်အစားအစာမဆို ထုတ်လုပ်ပြီးရက်ပိုင်း၊ လပိုင်း သို့မဟုတ် 1 နှစ်က အကြာဆုံး ဖြစ်ပါတယ်။ သက်တမ်းကုန်ပြီး သို့မဟုတ် ကုန်ခါနီး 1 လ၊ 2 လ အစားအသောက် များအား မြန်မြန်ကုန်အောင် စတိုးဆိုင်ကြီး၊ စူပါမားကတ်များက Discount ခေါ် ဈေးလျှော့ပြီး ရောင်းကြပါတယ်။ ထိုနေ့စွဲကို ဖျက်ထားပါက သို့မဟုတ် မပါရှိက မ၀ယ်လိုက်ပါနှင့်။ သင့်အသည်းနုနုလေး အဆိပ်သင့်ပါလိမ့်မယ်။ နိုင်ငံခြားတိုင်းပြည်များမှာ သက်တမ်းကုန်ဆုံးရက် 1 လ အလိုမှာပင် ဈေးအဆမတန်ချ အမြန်ထွက်အောင် ရောင်းလေ့ရှိပါတယ်။ ရက်လွန်ရင်စွန့်ပစ်တယ်။ မရောင်းချပေးတော့ပါ။ သူတို့ပြည်သူတွေရဲ့ ကျန်းမာရေးအလေးပေးတာတွေ့ ခဲ့ရပါတယ်။ ထိုအချက်ကို ရောင်းချထုတ်လုပ်သူတွေ ဂရုစိုက်စေလိုပါတယ်။ စေတနာမှန်သမျှ မိမိတို့အား တန်ပြန်အကျိုးပေးပါ၏။
အမေရိကန်နှလုံးရောဂါအသင်းမှ ထုတ်ပြန်ချက်အရ 1 နေ့လျှင် အရွယ်ရောက်ပြီး ကျန်းမာသော၊ ရောဂါမရှိ အမျိုးသမီးတစ်ဦးလျှင် သကြား 24 ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်းငယ် 6 ဇွန်းခန့်နှင့် အမျိုးသားတစ်ဦးလျှင် သကြား 36 ဂရမ် သို့မဟုတ် လက်ဖက်စားဇွန်းငယ် 9 ဇွန်းခန့် စားနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါရှိလျှင်တော့ တစ်နေ့တာ စားသုံးမှုများအနက် သကြားချည်း မဟုတ်ဘဲ၊ အခြားသစ်သီးများ၊ ကစီဓာတ်များနှင့် သကြားပါသော အစားအစာတွေ ပါဦးမှာမို့ ဖျော်ရည်ထဲသကြားကို ထိုပမာဏ မထည့်သင့်ပါ။
လူအများစုအတွက်ကတော့ သကြား သို့မဟုတ် အက်စ်ပါတိန်း သို့မဟုတ် အချိုဓာတ်မြင့်မားတဲ့ စားစရာတွေဖြတ်ခြင်း ဖြင့် သကြားဓာတ်ကို ဖြတ်နိုင်ပါတယ်။ သစ်သီးဖျော်ရည်ဆိုပြီး ရောင်းချတဲ့ ဖျော်ရည်ဘူး များနှင့် အချိုရည်ဘူးများအား လက်လျှော့လိုက်ခြင်းဖြင့်လည်း အကျိုးရှိနိုင်ပါသေးတယ်။ ဒါ့အပြင် အောက်ပါအတိုင်း သကြားကို ဖြတ်နိုင်ပါသေးတယ် -
1. ရေသာ သောက်ပါလေ - အနံ့အရသာထည့်လိုပါက ထိုရေထဲသံပရာသီး တစ်စိပ်၊ လိမေ္မာ်သီး သို့မဟုတ် စတော်ဘယ်ရီ၊ နာနတ်သီး၊ သရက်သီး၊ စပျစ်သီး အနည်းငယ် ထည့်ရောမွှေပါ။
2. လက်ဖက်ရည် သို့မဟုတ် ကော်ဖီ ကို သကြားနှင့် နို့မပါဘဲ သောက်နိုင်သလို အီးကွဲလ် သို့မဟုတ် ဖန်တီးပြုလုပ်တဲ့ အချိုတု သကြားတု (Sweetener) ဆွီတင်နာတစ်မျိုးမျိုး ထည့်သောက်နိုင်ပါတယ်။ သတိထားရန်မှာ နာမည်ကြီး ကော်ဖီ သို့မဟုတ် လက်ဖက်ရည်များတွင် သကြားများစွာ ထည့်ထားတတ်ပါတယ်။
3. Sugar-free ဆိုတဲ့ စာတန်းပါတဲ့ အစားအစာ ဥပမာ - Sugar-free soda (soft drinks) စာတန်းပါက သကြားမပါလို့ ရေးထားတာဖြစ်ပါတယ်။ သတိထားဖတ်ကြည့်ပါ။
4. သစ်သီးများတွင် ဖရပ်တို့စ် ခေါ် သကြားဓာတ်တစ်မျိုး ပါ၀င်ပါတယ်။ တစ်ကြိမ်တည်း အများကြီးစားသုံးခြင်း (အ၀တီးပစ်ခြင်းမျိုး) ရှောင်နိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ - မင်းကွတ်သီး၊ လိုင်ချီးစ်သီး၊ ဒူးရင်း စသည့် ချိုလွန်းတဲ့သစ်သီးများကို တစ်ထိုင်တည်း 10 လုံးလောက်စားခြင်းမျိုး မဖြစ်သင့်တော့ပါ။
သကြားတု (Artificial Sweeteners) ဆိုတာ
အက်စ်ပါတိန်း (Aspartame)၊ ဆက်ကရင်း (Saccharin)၊ ဆူကရယ်လို့စ် (Sucralose)၊ အေ့စ်ဆယ်လ်ဖိန်း (Acesulfame) လို့ ရေးထားပါက သကြားတုများဖြစ်ပါတယ်။ အချိုအရသာ စားလိုပါက ထိုသကြားတုများ အစားထိုးပေးနိုင်ပါတယ်။ သို့သော် အများကြီး မစားမိအောင် သတိထားပါလေ။ ဓာတုပစ္စည်းများဖြစ်တာမို့ သဘာ၀လောက်တော့ မကောင်းပါ။
Credit: ဒေါက်တာရည်ညွန့်မေ
Health Digest Journal
Vol: 13, No: 34, 1-6-2016






























