/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သင့်ကလေးကျန်းမာသန်စွမ်း-အာဟာရပြည့်၀စေဖို့

သင့်ကလေးကျန်းမာသန်စွမ်း အာဟာရပြည့်၀စေဖို့

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်ရည်ညွန့်မေ

        ကလေးတွေဆိုတာ သဘာ၀အားဖြင့် သွက်လက်လှုပ်ရှားနေတတ်သူတွေပါ။ ဘယ်လောက်သွက်လက် ပါသလဲမေးရင်း တော့ အဆုံးအစမဲ့စွမ်းအားနဲ့ ပြည့်နေလို့လားမသိ၊ မြန်မာပီပီ ထိထိမိမိလေးပြောလေ့ရှိတာက “မျောက်ရှုံးအောင် ဆော့တယ်” လို့ဆိုပါတယ်။ ဘာ့ကြောင့် ဒီလိုလှုပ်ရှားပြေးလွှားနိုင်ရတာလဲဆိုရင် သူတို့အား မိဘအုပ်ထိန်းသူများက မှန်ကန်သင့်လျောတဲ့ အစာအာဟာရဓာတ်တွေပါအောင် ကျေွးမွေးနိုင်လို့ပါပဲ။ ဒါကြောင့် ထိုအာဟာရဓာတ်စွမ်းအင်တွေကပဲ သူတို့မျောက်ရှုံးနိုင်လောက်အောင်၊ စွမ်းရည်ပမာဏမြင့် တက်အောင် ပြုလုပ်ပေးကြကာ တစ်နေ့လုံး မမောမချင်း အလုပ်ရှုပ်၊ တလှုပ်လှုပ်နေနိုင်ကြတာဖြစ်ပါတယ်။ ဒီနေရာမှာ မိဘအုပ်ထိန်းသူတွေအနေဖြင့် ကလေးတွေဆိုတာ အသက် 20 မပြည့်မချင်း ကြီးထွားဖွ့ံဖြိုးတိုးတက်လာကြမယ့် သူတွေဖြစ်လို့ ဘ၀တစ်သက်တာ ဉာဏ်ရည်ဉာဏ်သွေးနှင့် ကိုယ်ကာယကြီးထွားဖွံ့ဖြိုးရေးအတွက်ပါ အကောင်းဆုံးအာဟာရဓာတ်တွေ အလုံအလောက်ရရှိစေရန် ကျေွးမွေးစောင့်ရှောက်ဖို့လိုတယ်ဆိုတဲ့ အသိကိုတော့ မေ့ထားလို့မရပါဘူး။ ကဲ - ဒါဆိုရင် အောက်ပါအချက်တွေကို တွေးဆလုပ်ကိုင်ပြုစုပေးရန် လို၊ မလို သင်ကိုယ်တိုင်မှတ်ယူ ဆုံးဖြတ်ပါလေ။

1.  နံနက်စာ ဘယ်လိုပြင်မလဲ

          နံနက်စာကို အရကျေွးပါ၊ ဒါပေမယ့် အရသာရှိပြီး ကလေးတွေလည်း စားချင်၊ သင့်တင့်မျှတ အာဟာရဓာတ်ပါဖို့လိုတယ်။ ဥပမာ - ပေါင်မုန့်၊ ကိတ်မုန့်၊ ဘိန်းမုန့် စတဲ့ ဆန်၊ ဂျုံလို ကစီဓာတ်ချည်းမဟုတ်ဘဲ အသားဓာတ်တစ်မျိုးမျိုး (နွားနို့တစ်ခွက် သို့မဟုတ် ကြက်ဥတစ်လုံးခန့်) နေ့စဉ်ပါအောင် ကျေွးသင့်ပါတယ်။ အသားမရလျှင် ပဲတစ်မျိုးမျိုးပါပါစေ။

          ကြက်ဥပြုတ် သို့မဟုတ် ကြက်ဥကြော်ဆိုပါက ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် အရွက်တစ်မျိုးမျိုး နည်းနည်းစီထည့်ပြီး ကြော်ပေးနိုင်ပါတယ်။ ဒါဆိုရင် အသားရော၊ ဟင်းရွက်ရော ရပါပြီ။

          ပန်းသီး၊ နာနတ်သီး၊ ဖရဲသီး၊ သငေ်္ဘာသီးမှည့် စတဲ့ရာသီပေါ်သစ်သီးအမျိုးစုံလည်း ထမင်းဘူးထဲ ထည့်ပေးပါ။ စားဖြစ်အောင်စားဖို့တိုက်တွန်း၊ အာဟာရဓာတ်အကြောင်း နားလည်အောင်ရှင်းပြပါ။

          ငါးစားတတ်အောင်၊ နှစ်သက်လာအောင် သင်ပါ။ ဉာဏ်ကောင်းစေပါတယ်။ ငါးအစိုဖြစ်စေ၊ အကြော်ဖြစ်စေ ကလေးအတွက် အရိုးထွင်ပြီး အသားချည်း (Fillet) ဖြစ်အောင်တတ်နိုင်သမျှပြုလုပ်၊ ချက်ပြုတ်ပါလေ။ ဒါမှ ကလေးအတွက် အရိုးစူးခြင်းကင်း၍ စိတ်ကသိကအောက်မဖြစ်စေပါ။

          ငယ်စဉ်မှ စတင်လေ့ကျင့်ကျေွးမွေးစားသောက်စေခြင်းဖြင့် ဇီဇာကြောင်ခြင်း၊ ဟိုဟာမကြိုက်၊ ဒီဟာမစားဆိုတာကိုလည်း အလွယ်တကူဖယ်ရှားပေးသွားနိုင်ပါတယ်။

          ကလေးအရပ်ရှည်အောင် အသက် 6 လကျော်လာပါက မိခင်နို့နှင့်အတူ ဖြည့်စွက်အစာ အနေဖြင့် နွားနို့နှင့် နို့ထွက်ပစ္စည်းများ နေ့စဉ်ပါအောင် ကျေွးပါ။ ဥပမာ - အလွယ်တကူ ၀ယ်ယူကျေွးနိုင် တဲ့ နို့ပူတင်း၊ နွားနို့၊ ဒိန်ချဉ်၊

2.  နေ့လယ်စာ ဘယ်လိုကျေွးကြမလဲ

          နေ့လယ်စာ ထမင်းချိုင့်ပြင်ဆင်ပေးတော့မယ်ဆိုရင် ဒါမှမဟုတ် နေ့ခင်းပိုင်း အဆာပြေစားရန် ဘယ်လိုပြင်ဆင်ရမလဲ ဆိုရင်အောက်ပါအတိုင်း လုပ်ပေးနိုင်ပါတယ် -

-  ကြက်ဥပြုတ်၊ ငုံးဥပြုတ်များ

-  ပြောင်းဖူးပြုတ်၊ ကန်စွန်းဥပြုတ် စသည်များ

-  အိမ်လုပ် မုန့်အမျိုးမျိုး သို့မဟုတ် အစေ့အဆန်များ (ဥပမာ - မြေပဲလှော်၊ မြေပဲပြုတ်၊ သစ်ကြားစေ့၊ ဖရုံစေ့၊ နေကြာစေ့ စသည်)

-  အသားညှပ်မုန့်များ၊ ထမင်းနှင့် အသားဟင်း၊ ငါးဟင်း၊ ဟင်းရွက်နှင့် ပဲအမျိုးမျိုး၊ ပဲသီးအမျိုးမျိ်ုး ချက်ပြုတ်ကြော်ပေးနိုင်ပါတယ်။

3.  ရေများများသောက်တဲ့ အလေ့အထ အားပေးပါ

          ယခုအခါ ကလေးတွေအတွက် ကျောင်းသွားရင် အချိုရည်ဘူးတွေထည့်ပေးတာတွေ့နေရပါတယ်။ အချိုရည်ဘူး ထုတ်လုပ်သူတွေအကြိုက်ဖြစ်နေပါပြီ။ တကယ်ကတော့ ရေသောက်ရန်သာလိုပါတယ်။ လှုပ်ရှားမှုတိုင်းမှာ ချေွးထွက်လွယ်လို့ ရေဓာတ်ခန်းနိုင်ပါတယ်။ ဒါကြောင့်ရေသောက်ပေးရန် သင့်ကလေးအား သင်ကြားပေးပါ။ ရေဓာတ်ခန်းက ခေါင်းကိုက်စေပါတယ်။ ရေမသောက်ချင်ပါက ရေဘူးထဲ စတော်ဘယ်ရီ၊ လိမေ္မာ်သီး၊ သံပရာသီး လတ်လတ်ဆတ်ဆတ်ကို စိပ်၍ထည့်ပါလေ။

4.  အဆာပြေစားရန် ကူညီပါ

          ရှေ့မှာဖော်ပြခဲ့သလို ပြောင်းဖူး၊ ကန်စွန်းဥပြုတ်တွေအပြင် ကြက်ဥ၊ ဘဲဥပြုတ်တွေ တစ်မျိုးမျိုးစီစဉ်ပါ။ အဆာပြေနိုင်တဲ့ စားစရာတွေကို ဘယ်ဟာသူတို့အတွက် ပိုကောင်းလဲရှာဖွေကျေွးမွေးပါ။

5.  ညအိပ်ခါနီး ဘာကျေွးရမလဲ

          ညမအိပ်ခင် နွားနို့ကျိုပြီး ခပ်နွေးနွေးလေး တိုက်ပေးခြင်းဖြင့် သင့်ကလေးအိပ်ရေး၀အောင်အိပ်ဖို့ ကူညီသွားမှာဖြစ်ပြီး၊ တစ်နေ့တာလိုအပ်တဲ့ အသားဓာတ်ကိုလည်း ဖြည့်စွက်ပေးကာ ကယ်လ်စီယမ်ဓာတ်က အရိုးနှင့်သွားများကို သန်စွမ်းကြံ့ခိုင်နိုင် စေပါလိမ့်မယ်ဆိုတာဖော်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

 

 

Credit: ဒေါက်တာရည်ညွှန့်မေ

Health Digest Journal

Vol: 13, No: 41, 20-7-2016