/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သားအိမ်ခေါင်းကင်ဆာ-ကာကွယ်ဆေး

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ

ဆရာရှင့်

        ကျွန်မအမည် ဒေါ်နုနုပါ။ အသက် 48 နှစ်အရွယ် အိမ်ရှင်မတစ်ဦးပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်မရဲ့ သားအိမ်ခေါင်းကို စစ်ဆေးရာမှာ သားအိမ်ခေါင်းကင်ဆာဖြစ်ခါစ CIN အဆင့် (3) ဖြစ်နေတဲ့အတွက် မီးယပ်ဆရာ၀န်ကြီးက သားအိမ်ခေါင်းကို လျှပ်စစ်မီးနဲ့ အပူပေးဖြတ်ထုတ်ရမယ်ပြောပါတယ်ဆရာ။ LEEP လို့ ရေးထားတာတွေ့ပါတယ်။ ကျွန်မသိချင်တာက သားအိမ် ခေါင်းကင်ဆာရောဂါကာကွယ်ဆေး အခုပေါ်နေပြီဆိုတော့ ကျွန်မအနေနဲ့ အဲဒီဆေးကိုထိုးလို့ ရပါသေးလား။ နောက်တစ်ချက်က ကျွန်မသမီးလေးက အခုအသက် 18 နှစ်ရှိပါပြီ။ သူ့ကိုရော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးလို့ရပါပြီလား။ သိချင်ပါ တယ်ရှင့်။

        သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနဲ့ ပတ်သက်ပြီး မေးထားတဲ့မေးခွန်းပါ။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာ ရောဂါတစ်မျိုး၊ ကာကွယ်လို့လည်းရနေတဲ့ ကင်ဆာတစ်မျိုးမို့ ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားပေးလိုက်ပါတယ်။

           ကမ်ဘာ့အမျိုးသမီးများမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာဟာ လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ် ပိုး (HPV) ကြောင့်ဖြစ်ရတယ်ဆိုတာ အများသိရှိပြီးဖြစ်ကြပါလိမ့်မယ်။ တစ်နှစ်ကို ကမ်ဘာ့ပေါ်မှာ သားအိမ်ခေါင်းကင်ဆာရောဂါ ကြောင့်အမျိုးသမီး နှစ်သိန်းခွဲကျော် သေဆုံးနေကြရပါတယ်။ HPV ဗိုင်းရပ်စ်ပိုးဟာ အမျိုးသမီးတွေမှာ ဘယ်လာက်များများ ကူးစက်နေကြသလဲဆိုတာ လေ့လာကြ ရအောင်။ အမေရိကန်ပြည်ထောင်စုက အသက် 14 နှစ်မှ 19 နှစ်အကြား အမျိုးသမီးငယ်များရဲ့ 25 ရာခိုင်နှုန်းနဲ့ အသက် 20 မှ 24 နှစ်ကြားအမျိုးသမီးငယ်များရဲ့ 45 ရာခိုင်နှုန်းမှာ HPV ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားကြပါတယ်။

           HPV ဗိုင်းရပ်စ်ပိုးဟာ လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ HPV ပိုးရှိနေသူနဲ့ ပထမဆုံးသော လိင်ဆက် ဆံမှုပြုအပြီး လအနည်းငယ်အတွင်းမှာ HPV ပိုးဟာ ခန္ဓာကိုယ်ထဲ အခြေတကျနေရာယူပြီးသားဖြစ်ပါတယ်။ ပထမဆုံးအဖော်နဲ့ လိင်ဆက်ဆံသူအမျိုးသမီးများရဲ့ 30 ရာခိုင်နှုန်းဟာ တစ်နှစ်အတွင်းမှာ HPV ပိုးရှိသွားကြကြောင်း အမေရိကန်တက္ကသိုလ်တစ်ခု မှာပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ဆိုထားပါတယ်။ HPV ပိုး ရှိနေတိုင်းတော့ ရောဂါတွေဖြစ်လာတာမဟုတ်ပါဘူး။ တချို့က လိင်အင်္ဂါကြွက်နို့တွေ ပေါက်ကြတယ်။ တချို့ကတော့ သားအိမ်ခေါင်းကင်ဆာဖြစ်လာကြတယ်။ လိင်အင်္ဂါနဲ့ စအို၀န်းကျင်မှာ ကြွက်နို့တွေဖြစ်တာဟာ အမျိုးသားရော၊ အမျိုးသမီးတွေမှာပါဖြစ်နိုင်တာပါ။ ကူးစက်ခံထားရတဲ့ HPV ဗိုင်းရပ်စ်ရဲ့ Subgroup မူကွဲတွေအပေါ်မူတည်ပြီး နောက်ဆက်တွဲရောဂါဖြစ်ပွားမှုတွေ ကွာခြားသွားတာဖြစ်ပါတယ်။

           Pap Smear လို့ အတိုကောက်ခေါ်ကြတဲ့ သားအိမ်ခေါင်းချွဲမြှေးအသားစကို တစ်နိုင်ငံလုံး လွှမ်းခြုံပြီးစစ်ဆေးပေးနိုင်တဲ့ ဖွ့ံဖြိုးပြီး တိုင်းပြည်များမှာတော့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုဟာ တစ်စတစ်စ ကျဆင်းလာခဲ့ပါပြီ။ နောက်ပိုင်းအသစ် ပေါ်ပေါက်လာတဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများကိုသာ ကျယ်ကျယ်ပြန့်ပြန့်ထိုးနှံနိုင်မယ်ဆိုရင်တော့ သည့်ထက်ပိုပြီး သားအိမ်ခေါင်းကင်ဆာကို ကာကွယ်လာနိုင်မယ်လို့ ယုံကြည်ရပါတယ်။

           HPV ဗိုင်းရပ်စ်ဟာ DNA သယ်ဆောင်တဲ့ ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။ မူကွဲအမျိုးအစားပေါင်း 130 ကျော်ရှိနေပြီးတော့ လူသားတွေကို ဒုက္ခပေးနိုင်တဲ့ မူကွဲပေါင်း 40 လောက်ထိရှိတယ်လို့ ခန့်မှန်းကြပါတယ်။ HPV-6 နဲ့ HPV-11 ဆိုတဲ့မူကွဲ နှစ်မျိုးဟာ လိင်အင်္ဂါကြွက်နို့တွေဖြစ်စေတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ လိင်အင်္ဂါကြွက်နို့များရဲ့ 90 ရာခိုင်နှုန်းကျော်ဟာ ဒီဗိုင်းရပ်စ်မူကွဲနှစ်မျိုးကြောင့်ဖြစ် ရပါတယ်။ HPV-16 နဲ့ HPV-18 မူကွဲနှစ်မျိုးကတော့ 70 ရာခိုင်နှုန်းသော သားအိမ်ခေါင်းကင်ဆာများရဲ့ တရားခံဖြစ်ပါတယ်။ သို့ပေမယ့် ဗိုင်းရပ်စ်မူကွဲ 45၊ 31၊ 33၊ 52၊ 58၊ 35 အစရှိတာတွေကလည်း သားအိမ်ခေါင်းကင်ဆာနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ကြရပါသေးတယ်။

           HPV ပိုးရှိနေတာနဲ့ သားအိမ်ခေါင်းကင်ဆာတန်းဖြစ်တာ မဟုတ်ပါဘူးနော်။ အချိန်ကာလ အတန်ကြာအောင် စောင့်ရပါသေးတယ်။ အဲဒီကြားအချိန်တွေထဲမှာ သားအိမ်ခေါင်းချွဲမြှေးအသားစယူပြီး သားအိမ်ခေါင်းကင်ဆာအကြိုကာလများကို မိအောင်ဖမ်းပြီး ဆေးကုရတာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တော့တဲ့ သားအိမ်ခေါင်းအခြေအနေတွေကို CIN လို့ အတိုကောက်ခေါ်ကြပါတယ်။  အဆင့် 3 ဆင့် ရှိတာပေါ့။ အခု ဒေါ်နုနုဆီမှာ ရှိနေတဲ့ အဆင့်က CIN အဆင့် (3) ပေါ့။ သားအိမ်ခေါင်းဆဲလ်တွေ ပုံအတော်ပျက်နေတဲ့ အနေအထားပါ။ CIN 3 ပြီးရင် Carcinoma in situ ဆိုတဲ့ ကင်ဆာဖြစ်ခါစ အဆင့်တစ်ဆင့်ရှိနေပါသေးတယ်။

           CIN 1 အခြေအနေများရဲ့ 90 ရာခိုင်နှုန်းက အလိုလို ပြန်လည်ပျောက်ကင်းသွားနိုင်တယ်။ ဒါကြောင့် CIN 1 မှာ မီးယပ် ဆရာ၀န်များအနေနဲ့ အရေးတကြီး ကုသပေးလေ့မရှိပါဘူး။ ဆက်လက်စောင့်ကြည့်တာပေါ့။ CIN 2 အဆင့်ရဲ့ 57 ရာခိုင်နှုန်းနဲ့ CIN 3 အဆင့်ရဲ့ 70 ရာခိုင်နှုန်းကတော့ နေမြဲ (သို့မဟုတ်) ကင်ဆာအကြိုအခြေအနေ များသို့ဆက်လက်ဆိုးရွားသွားလေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း ဒေါ်နုနုရဲ့ CIN 3 ကို ဆက်လက်စောင့်ကြည့်မနေတော့ဘဲ LEEP နဲ့ကုဖို့ဖြစ်လာတာပါ။

           သားအိမ်ခေါင်းကင်ဆာ ကာကွယ်ရေးမှာ နှစ်မျိ်ုးရှိပါတယ်။ Primary Prevention ခေါ်တဲ့ HPV ဗိုင်းရပ်စ်ပိုးနဲ့လုံး၀ ထိတွေ့ဖူးခြင်းမရှိသေးသော အပျိုလေးတွေမှာ ကာကွယ်ဆေးထိုးတာနဲ့ Secondary Prevention ခေါ်တဲ့ HPV ဗိုင်းရပ်စ်မူကွဲ တစ်မျိ်ုးမျိုး ကူးစက်ခံထားရပြီးသား တစ်နည်းအားဖြင့် လိင်ဆက်ဆံမှုအတွေ့အကြုံရှိနေပြီးသား အမျိ်ုးသမီးတွေကို ကာကွယ်ဆေးထိုးတာပါ။ ယနေ့လက်ရှိ ကာလအထိ ကမ်ဘာပေါ်မှာ လိင်အင်္ဂါကြွက်နို့ကာကွယ်ဆေးနှစ်မျိုးရှိနေပါတယ်။

        လိင်အင်္ဂါကြွက်နို့ ကာကွယ်ဆေးများကို HPV ဗိုင်းရပ်စ်ပိုးရဲ့ HPV L1 protein ခေါ်တဲ့ အသားဓာတ် တစ်မျိုးကဖော် ထုတ်ထားတာပါ။ အဲဒီကာကွယ်ဆေးမှာတော့ ဒီအင်အေမျိုးဗီဇမပါဘူးပေါ့။ ပြောရမယ်ဆိုရင် ကာကွယ်ဆေးဆိုတာဟာ အနှစ် မပါတဲ့ အကာသက်သက် ဗိုင်းရပ်စ်ပိုးအတုဖြစ်ပါတယ်။ လူကိုအန္တရာယ် မဖြစ်နိုင်စေဘူးပေါ့။ ဒါပေမယ့် ကာကွယ်ဆေးထိုးပြီးတဲ့ အခါမှာ HPV ဗိုင်းရပ်စ်ပိုးနဲ့တူတဲ့ ကာကွယ်ဆေးကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအားက နိုးထလာပါတယ်။ အဲဒီမှာ HPV ဗိုင်းရပ်စ် ကို သီးသန့်အထူးထိန်းချုပ်မယ့် ခန္ဓာကိုယ်ရဲ့ပဋိပစ္စည်း (Antibody) ပေါ်လာပါတယ်။ နောင်တကယ် HPV ဗိုင်းရပ်စ်အစစ် ခန္ဓာကိုယ်ထဲ ၀င်လာတဲ့အခါမှာ ပေါ်ထွက်ပြီးသား Antibody များက HPV ပိုးကို ဆောလျင်စွာ နှိမ်နှင်းလိုက်တာဖြစ်ပါတယ်။

           ကမ်ဘာ့ဈေးကွက်ထဲမှာ HPV ကာကွယ်ဆေး၊ တစ်နည်းအားဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနှစ်မျိုးရှိနေပါတယ်။ Original ပေါ့လေ။ Gardasil နဲ့ Cervarix ဖြစ်ပါတယ်။ Gardasil က လေးမျိုးစပ်ဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ်မူကွဲလေးမျိုး ကို ကာကွယ်နိုင်မယ့်ဆေးပါ။ မူကွဲအမျိုးအစား 6၊ 11၊ 16 နဲ့ 18 ကို ကာကွယ်နိုင်တာဖြစ်ပါတယ်။ Cervarix ကတော့ နှစ်မျိုး စပ်ဆေးပါ။ မူကွဲအမျိုးအစား 16 နဲ့ 18 ကို ကာကွယ်ရခြင်းရဲ့ နောက်ခံအကြောင်းကတော့ သားအိမ်ခေါင်းကင်ဆာအများဆုံး ဖြစ်စေတဲ့ ဗိုင်းရပ်စ် မူကွဲတွေဖြစ်နေလို့ပါ။

           Vaccine ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးများရဲ့ အဓိက ရည်ရွယ်ချက်ကဆေးအောင်ဖို့ပါ။ တစ်နည်းအားဖြင့် ရောဂါ “ပီး” သွားဖို့ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးနှစ်မျိုးကို ထိုးနှံသူ 97.5 ရာခိုင်နှုန်းဟာ ဆေးအောင်သွားမှာဖြစ်ပါတယ်။ HPV မူကွဲ 16 နဲ့ 18 တို့ကြောင့် ဖြစ်ရတဲ့ သားအိမ်ခေါင်းရောဂါများ CIN 2, CIN 3 နဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ခါစအခြေအနေများကို 90 ရာခိုင်နှုန်းကာကွယ်နိုင်တာဖြစ်ပါတယ်။ အကြမ်းဖျင်းကြည့်လိုက်ရင်တော့ သည် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများဟာ HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း မရှိသေးတဲ့၊ တစ်နည်းအားဖြင့် လိင်ဆက်ဆံဖူးခြင်းမရှိသေးတဲ့ အပျိုစစ်စစ်တွေမှာပဲ အာနိသင်ရှိလိမ့်မယ်လို့ မှတ်ယူရပါမယ်။ ဒါပေမယ့် HPV ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရပြီးသား အမျိုးသမီးတွေမှာလည်း ဒီ ကာကွယ်ဆေးများက အနည်းနဲ့အများအကျိုးရှိနိုင်မယ်၊ ကာကွယ်ပေးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဥပမာအားဖြင့် လေးမျိုးစပ် Gardasil ဆေးဟာ ဘယ် HPV ဗိုင်းရပ်စ်မူကွဲကိုဖြစ်ဖြစ် 17 ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိချက်တစ်ခုက ဆိုထားပါတယ်။

           သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများထိုးနှံရာမှာ 0.5 မီလီလီတာပမာဏကို အသားထဲ ထိုးရပါတယ်။ လေးမျိုးစပ် ဆေးက ပထမဆုံးအကြိမ် ထိုးအပြီးနောက်နှစ်လမှာ ဒုတိယအကြိမ်နဲ့ ခြောက်လမြောက်မှာ တတိယအကြိမ်ထိုးနှံရပါတယ်။ နှစ်မျိုးစပ်ဆေးကတော့ ပထမအကြိမ်ထိုးအပြီး နောက်တစ်လမှ ဒုတိယအကြိမ်နဲ့ ခြောက်လမြောက်မှာ တတိယအကြိမ်ထိုးရတာပါ။ ဘယ်ဆေးကိုသုံးသုံး သုံးကြိမ်ပြည့်အောင် ထိုးနှံရတာဖြစ်ပါတယ်။ အရေးကြီးတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုက ဆယ်ကျော်သက်တွေမှာ ဆေးထိုးပြီးမိနစ်ပိုင်းအတွင်း မူးေ၀တတ်တာမို့ ကာကွယ်ဆေးထိုးနှံပြီး 15 မိနစ်ခန့် ထိုင်ခုံမှာ ထိုင်နေ ဒါမှမဟုတ် လဲလျောင်းနေပြီးစောင့်ကြည့်နားနေရမှာဖြစ်ပါတယ်။

           ဘယ်အရွယ်မှာ HPV ကာကွယ်ဆေးတွေကို ထိုးနှံရမလဲဆိုတော့ အရှင်းဆုံးနဲ့အလွယ်ဆုံးပြောရရင် အပျိုရည်မပျက်ခင်၊ တစ်နည်းအားဖြင့် ပထမဆုံး လိင်ဆက်ဆံမှုမပြုခင်မှာ ထိုးရမှာဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ ဘယ်အရွယ်မှာ ပထမဆုံးလိင်ဆက်ဆံမှုပြုမလဲဆိုတာကလည်း နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများနဲ့ အတူကွဲပြားနေဦးမှာပါ။ အမေရိကန်ပြည်ထောင်စုက မိန်းကလေးငယ်များရဲ့ 6.2 ရာခိုင်နှုန်းဟာ အသက် 13 နှစ်မတိုင်ခင်မှာ လိင်ဆက်ဆံမှုပြုကြတာမို့ အမေရိကန်ပြည်ထောင်စုမှာတော့ အသက် 11 နှစ်မှ 12 ကြား မိန်းကလေးတွေကို HPV ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ထားပါတယ်။ နောက်ကျသွားတယ် ဆိုရင်လည်း အသက် 26 နှစ် အထိထိုးနှံဖို့ ပြောထားတယ်။ အငယ်အဆုံးအသက်အရွယ် 9 နှစ်က စတင်လို့ HPV ကာကွယ်ဆေးထိုးထားနိုင်ပါတယ်လို့သိရတယ်။ ကိုယ်၀န်ဆောင်မိခင်များမှာတော့ HPV ကာကွယ်ဆေးထိုးနှံဖို့ ပြောမထားပါဘူး။ အကြောင်းရင်းက ကာကွယ်ဆေးထိုးလိုက်ရင် ကလေးကို ထိခိုက်သွားနိုင်ခြင်း ရှိ/မရှိ မသိကြသေးလို့ဖြစ်ပါတယ်။

           ကာကွယ်ဆေး ထိုးနှံပြီးတဲ့အခါမှာလည်း သားအိမ်ခေါင်းအသားစယူခြင်းကို ပုံမှန်အတိုင်း ဆက်လက်ပြုလုပ်နေရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားအိမ်ခေါင်းကင်ဆာများရဲ့ 30 ရာခိုင်နှုန်းဟာ ကာကွယ်ဆေးထဲမှာ ပါ၀င်ခြင်းမရှိတဲ့ ဗိုင်းရပ်စ် ပိုးမူကွဲများကြောင့်ဖြစ်ရတာမို့ပါ။

           လက်ရှိသတ်မှတ်ချက်များအရတော့ အမျိုးသမီးတစ်ဦးဟာ ပထမဆုံး လိင်ဆက်ဆံမှုပြုအပြီး သုံးနှစ်ပြည့်တဲ့အချိန်ကစလို့ သားအိမ်ခေါင်းချေွးမြှေး အသားစ စစ်ဆေးခြင်းကို စတင်ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ အသက် 21 နှစ်မတိုင်ခင်ကတည်းက စတင် စစ်ဆေးနိုင်ရင် အကောင်းဆုံးလို့ဆိုပါတယ်။ စစ်ဆေးတဲ့အခါမှာလည်း သုံးနှစ်တစ်ကြိမ် ပုံမှန်စစ်ဆေးရမှာဖြစ်ပါတယ်။

           သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတစ်နည်းအားဖြင့် လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ကာကွယ်ဆေး (HPV) များမှာ ဆက်လက်လေ့လာစရာ စိန်ခေါ်မှုတွေရှိနေပါတယ်။ ပထမအချက်ဆေးရဲ့ စွမ်းအားသတ္တိကို အပြည့်အ၀မသိသေးဘူး။ ဥပမာ ကာကွယ်ဆေး သုံးကြိမ်ထိုးအပြီးနောက်ထပ်အားဖြည့်ဆေး (Boosters) ကို ဘယ်အချိန်မှာ ထိုးရမလဲမသိသေးဘူး။ အမျိုးသား တွေ၊ အထူးသဖြင့် လိင်တူဆက်ဆံသူအမျိုးသားတွေမှာ ထိုးသင့်၊ မထိုးသင့်အတိအကျမပြောနိုင်သေးဘူး။ အသက် 26 နှစ်ကျော် ပြီးသွားတဲ့ အမျိုးသမီးတွေမှာ ဒီဆေးကိုထိုးရင် အကျိုးအာနိသင်ရှိ/မရှိ အတိအကျ မသိကြသေးဘူး။ နောက်တစ်ချက် ကိုယ်ခံအားကျဆင်းနေတဲ့ လူနာများမှာ ဒီဆေးကိုထိုးနှံလို့ရ/မရ မသိသေးဘူး။ ဥပမာ HPV ပိုးရှိနေတဲ့ လူနာတွေမှာ သားအိမ်ခေါင်း ကင်ဆာဖြစ်တာနဲ့ AIDS အဆင့်ကိုတန်းရောက်သွားတယ်။ အဲသည်တော့ HIV လူနာတွေမှာ ဒီကာကွယ်ဆေးထိုးသင့်၊ မသင့် မသိကြသေးဘူး။ နောက်အရေးကြီးဆုံးတစ်ချက်က ဒီကာကွယ်ဆေးကိုထိုးပြီးပြီဆိုပြီး လူတွေက အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေ ပိုများလာမှာ၊ သားအိမ်ခေါင်းချေွးမြှေး ပုံမှန်စစ်ဆေးမှုတွေ မလုပ်ကြတော့မှာကိုလည်း စိုးရိမ်ရသေးတယ်။

           ဒီလောက်ဆိုရင်ဖြင့် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးများနဲ့ ပတ်သက်တဲ့ ဒေါ်နုနုရဲ့ မေးခွန်းကို အပြည့်အ၀ဖြေ ကြားပြီးပြီလို့ မျှော်လင့်ပါတယ်ခင်ဗျား။

 

 

 

Credit: ဒေါက်တာလွှမ်းမိုးဟန်

Health Digest Journal

Vol: 13, No: 32, 18-5-2016