သူတို့ဘာတွေလုပ်ပေးလဲ
“အန်တီရေ - အသက်ရှူလမ်းကြောင်းစနစ်အကြောင်း မီးမီးကို ပြောပြမယ်လို့ ဟိုတလောက ပြောထား တယ်နော်။ အခု အားပြီလား။ သမီးစာကျက်တာ ငိုက်လာလို့ မျက်စိကျယ်လာအောင် ပြောနော်။ ထပ်မငိုက်အောင် မပျင်းအောင်ပြော” လို့ တူမငယ် ဒဂုံ၊ အထက (1)မှ 6 တန်းကျောင်းသူ သဉ္ဇာတိုးက မေးလာ၍ သူလေးနားလည်သဘောပေါက်အောင် အောက်ပါအတိုင်း ပြောပြခဲ့ရပါတယ်။
မရှိမဖြစ်အဖွဲ့စနစ်
ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ အသက်ရှူလမ်းကြောင်းအဖွဲ့စနစ်မပါခဲ့၊ မရှိခဲ့ဘူးဆိုရင် အောက်စီဂျင်ဓာတ် ရှိနေတာတောင် လူတွေအသက်ရှင်သန်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် ကျွန်မတို့မှာ ချောင်းဆိုးလိုက်၊ တုပ်ကွေးဖျား လိုက်နဲ့မို့ မိမိတို့ရဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို ဘယ်လိုဖွဲ့စည်းတည်ဆောက် ထားသလဲဆိုတာနဲ့ အဲဒီစနစ်မှာ သူ့နေရာသူ့အပိုင်းနဲ့ သူဘယ်လိုတာ၀န်တွေ ခွဲေ၀ထမ်းဆောင်ပေးနေကြတာလဲ ဆိုတာလောက်တော့ ကျန်းမာရေးအခြေခံလေး သိထားသင့်ပါတယ်။
အရေးပါပြီး ကျန်းမာရေးနှင့် ညီညွတ်တဲ့ အသက်ရှူလမ်းကြောင်းစနစ်ကို 2 ပိုင်းခွဲပြီး လေ့လာနိုင်ပါတယ်။ ထိုနှစ်ပိုင်းကတော့ -
(1) အထက် အသက်ရှူလမ်းကြောင်းအပိုင်းနှင့်
(2) အောက်အသက်ရှူလမ်းကြောင်းအပိုင်း
တို့ဖြစ်ပါတယ်။
(1) အထက်အသက်ရှူလမ်းကြောင်းအပိုင်း
(1) နှာခေါင်း
လူအချို့ရဲ့ နှာသီးအ၀မှာ အမွေးလေးတွေကို ရိတ်တိတ်တိတ်သော်လည်းကောင်း၊ တချို့မှာတော့ ရှည်ရှည်လျားလျား ထင်ထင်ရှားရှားသော်လည်းကောင်း မြင်တွေ့ရမှာပါ။ အဲဒီနှာခေါင်း၀က အမွေးလေးတွေဟာ လေနှင့်အတူ လွင့်မျောပါလာတတ်တဲ့ အမှုန်အမွှားတွေ တစ်ခါတစ်ရံခြင်ကောင်၊ ဖြုတ်ကောင် လိုဟာတွေနှာခေါင်းထဲသို့ ၀င်လာတဲ့အခါ စစ်ထုတ်ပေးဖို့ တာ၀န်ထမ်းဆောင်ကြတယ်။ အဲဒီလို စစ်ထုတ်ပြီးသားလေးကိုမှ နှာခေါင်းဂလိုင် ထဲ၀င်ခွင့်ပေးပါတယ်။ ၀င်ရောက်လာတဲ့ လေကိုသွေးကြောမျှင်လေးတွေနဲ့ အပြည့်ကွန်ရက်ဖြန့်ထားတဲ့ နှာခေါင်း ကနွေးနွေးထွေးထွေးဖြစ်စေပါတယ်။ နှာခေါင်းအတွင်းရှိ ကလာပ်စည်းတွေ၊ တစ်သျှူးတွေက ချွဲမြှေးလေးတွေလည်း ထုတ်လုပ်ပေးရသေးတယ်။ ဒါမှ နှာခေါင်းထဲ၀င်လာတဲ့ အမှိုက်စတွေ၊ ဖုန်၊ အမှုန်တွေကို ၎င်းချွဲမြှေးနဲ့ ကပ်ဖမ်းပြီး စုထား၊ စစ်ထားနိုင်တာပေါ့။ ဒါကြောင့် သတိထားမိကြမှာပါ။ နှာခေါင်းထဲ လက်နှိုက်လိုက်ရင် နှိပ်ချီးဖတ်မည်းမည်းတွေလေ၊ သူက ကျန်တဲ့ပြင်ပက ၀င်လာသမျှပစ္စည်းတွေ အသက်ရှူလမ်းကြောင်းထဲ မ၀င်ရောက်စေဖို့ 2 နည်းကာကွယ်စစ်ထုတ်လိုက်တာပဲ။ ပြီးတော့မှ အဲဒီအမှုန်တွေကို နှာခေါင်းကလာပ်စည်းရှိ အမြှေးမျှင်လေးများအကူအညီဖြင့် ခံတွင်း၀ရှိတဲ့ နှာခေါင်း အနောက်ဘက်ထဲသို့ သယ်ယူပို့ဆောင်ပေးတတ်တယ်။ ဒါကြောင့် အိမ်မှာ၊ လမ်းမှာ ဖုန်ထူရင် နှာခေါင်းထဲကစစ်ပြီး ကျန်တဲ့အမှုန်တွေ ခံတွင်း၀နားရောက်၊ ကသိကအောက်ဖြစ်၊ နောက်တစ်နေ့ မနက် လည်ချောင်းတွေနာလာတာမျိုး ကြုံဖူးကြရင် ဒါကြောင့်ကိုးဆိုတာ သဘောပေါက်ပါလိမ့်မယ်။
(2) ခံတွင်းပြွန်
ပန်းခြံထဲမှာ အပင်တွေကို ရေလောင်းလို့ရအောင် ရေပိုက်နဲပဆက်ပြီးထောင်ထားလေ့ရှိတဲ့ ရေပိုက်ငုတ် တိုင်လိုလို၊ မီးခိုးခေါင်းတိုင်လေးလိုလို အလားသဏ္႑ာန်တူတဲ့ ပိုက်ပျော့လေးတစ်ခု ခံတွင်းထဲမှာရှိပါတယ်။ ဒါကို ခံတွင်းပြွန်လို့ခေါ်ပါတယ်။ သူ့ရဲ့အဓိကတာ၀န်ကတော့ အသက်ရှူလိုက်တဲ့အခါ နှာခေါင်းမှတစ်ဆင့် ၀င်လာခဲ့တဲ့ လေတွေကို လေပြွန်ထဲ၀င်အောင် လမ်းကြောင်းသဖွယ်ဆောင်ရွက်ပေးတာပဲဖြစ်တယ်။
(3) လေပြွန်
လေပြွန်လို့ ရိုးရိုးလေးပြောကြတဲ့အတိုင်းပါပဲ။ သူက ခံတွင်းပြွန်နဲ့ အောက်အသက်အရှူလမ်းကြောင်း အပိုင်းတို့အကြား လေ၀င်လမ်းလေးဖြစ်တယ်။ ဒါပေမယ့် ကျွန်မတို့ ရေနဲ့အစာစားလိုက်လို့ မျိုချစဉ်မှာ လေပြွန်ထဲကို အစာတွေ၊ ရေတွေ၀င်မလာအောင် လေပြွန်ကိုပိတ်ခြင်းဖြင့် ကာကွယ်ရပါတယ်။ လေပြွန်ထဲအစာ၀င်သွားရင် သီးတော့တာပါပဲ။ ပူစပ်ပူလောင်ဖြစ်ပြီး အဲဒါပြဿနာတက်တတ်တယ်။ ကလေးတွေမှာ ပိုက်ဆံအကြွေစေ့၊ သြဇာစေ့၊ ပဲစေ့၊ စပါးစေ့တွေ နှာခေါင်းထဲ၀င်တာ၊ လေပြွန်ထဲ၀င်တာမျိုးပြဿနာတွေ ကြားဖူးမှာပါ။ အသက်ရှူလမ်းကြောင်း ဆိုတာ ရှေ့မှာပြောသလို မလိုအပ်တဲ့ပြင်ပပစ္စည်းတွေစစ်ပေးဖို့ ချွဲမြှေးရည်ကလည်းထုတ်တော့ ပဲစေ့ဆိုရင် စ၀င်တုန်းက အသေးလေး၊ ရက်ကြာလာရင် ကြာလာတာနဲ့အမျှ ပွတက်လာပြီး အရွယ်အစားကြီးမားလာတတ်တယ်။ ဒါကြောင့် အသက်ရှူလမ်းကြောင်းပိတ်ဆို့တဲ့ပြဿနာတွေ၊ အတော်ကသိကအောက်ဖြစ်စရာ၊ စိတ်ပူစရာတွေဖြစ်ပေါ်စေတယ်။
လေပြွန်မှာ အသံထွက်စေတဲ့စကားပြောဆိုနိုင်အောင် သဘာ၀ကဖန်တီးပေးတဲ့အသံအိုး လို့ ပြောလေ့ရှိတဲ့ အသံထွက်အောင်လုပ်ပေးတဲ့ အခေါက်အလိပ်လေးတွေပါတယ်။ သူ့ကြောင့် “ဒါ - မာမာအေးအသံ၊ ၀င်းဦးအသံ၊ R ဇာနည်အသံ” ဆိုပြီး သိသာစေတယ်။
Credit; ဒေါက်တာရည်ညွှန့်မေ
Health Digest Journal






























