/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သွေးစုပ်ဖုတ်ကောင်နှင့်-သွေး

သွေးစုပ်ဖုတ်ကောင်နှင့် သွေး

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမြင့်သန်း (ညောင်လေးပင်)

        ကျောင်းသားဘ၀က Dracula သွေးစုပ်ဖုတ်ကောင်ဆိုတဲ့ ရုပ်ရှင်ကားကိုကြည့်ဖူးပါတယ်။ အဲဒီအချိန်က အတော်နာမည်ကြီးပါတယ်။ သွေးစုပ်ဖုတ်ကောင်ဟာ သာမန်လူတစ်ယောက်ပါပဲ။ သူဟာညအချိန်မှာ ၀တ်ရုံနက်ကြီး ကို၀တ်ပြီး၊ သူ့ရဲ့ ရဲတိုက်ကြီးထဲကထွက်လာ၊ ကပွဲကိုသွား၊ အတူတွဲကတဲ့မိန်းကလေးကိုမြှူဆွယ်ပီး၊ အမှောင်ရိပ်မှာ လည်ပင်းသွေးကြောကိုစုပ်ယူ၊ အဲဒီအမျိုးသမီးလည်း ငြိမ်ကျသွား၊ သွေးစုပ်ဖုတ်ကောင်က အဲဒီအမျိုးသမီးကို သူ့ရဲတိုက်ကြီးဆီ ပွေ့ချီသွား၊ အမျိုးသမီးလည်း ပြန်သတိရလာရော၊ သူပါအစွယ်တွေပေါက်ပြီး သွေးစုပ်ဖုတ်ကောင် ဖြစ်သွားစသည်ဖြင့် ကြည့်ရတာကိုမှတ်မိနေပါတယ်။ ညအချိန်ကျရင် သွေးစုပ်ဖုတ်ကောင်တွေက၊ အမှောင်ထဲကနေ ထွက်လာ၊ တွေ့တဲ့လူကို ဖမ်းပြီးသွေးစုပ်တာတွေလည်းပါတာမို့ အဲဒီရုပ်ရှင်ကြည့်ပြီးကတည်းက ညဖက်ဆိုကြောက် လိုက်တာမပြောပါနဲ့တော့။ ဒီသွေးစုပ်ဖုတ်ကောင်ဆိုတဲ့ အယူအဆဟာ 16 ရာစုလောက်က၊ ဥရောပမှာ ယုံကြည်ခဲ့ကြပါတယ်။ တကယ်ရှိသယောင် လက်ခံကြတယ်။ Gothic culture လို့ခေါ်တဲ့ အတွေးအခေါ်၊ ယဉ်ကျေးမှုတစ်မျိုး ထွန်းကးခဲ့တဲ့အချိန်က သွေးစုပ်ဖုတ်ကောင်ရှိတယ်ဆိုတဲ့ အယူအဆလက်ခံခဲ့ကြပါတယ်။ Gothic culture မှာ အဆောက်အဦတွေက အတွ့အတက်အချွန် အထက်တွေနဲ့ရှိသလို၊ ၀တ်စားဆင်ယင်ပုံတွေကလည်း ဆံပင်အရှည်ကြီးတွေ၊ ၀တ်ရုံကြီးတွေကို သဘောကျကြတယ်။ ခုခေတ် အနောက်တိုင်းအဆိုတော်တချို့တောင် အဲဒီလိုပုံစံမျိုး၀တ်ဆင် ကြတာ တွေ့နိုင်ပါတယ်။ Gothic culture မှာ supernatural သဘာ၀လွန်ဖြစ်ရပ်တွေကို လက်ခံကြတယ်။ ဒါတွေဟာ စိတ်ကူးယဉ်မှုသာဖြစ်ပြီး၊ သွေးစုပ်ဖုတ်ကောင်တွေဟာ လူ့သွေးကိုစုပ်ပြီးမှ အသက်ရှင်နိုင်တာမို့၊ ဒီလိုသာရှိခဲ့ရင်ကမ်ဘာ ပေါ်ကလူတွေ 3 နှစ်အတွင်း ကုန်သွားနိုင်တယ်လို့ တွက်ကြည့်ကြပါတယ်။ Dracula ဒရက်ကူလာဆိုတဲ့ သွေးစုပ်ဖုတ် ကောင် စိတ်ကူးယဉ်ဇာတ်လမ်းကို 1897 ခုနှစ်က Irish authour အိုင်းရစ်စာရေးဆရာ Bram Stoker ဆိုသူက ဖန်းတီးခဲ့တာဖြစ်ပါတယ်။ ဒီ၀တၳုဟာ ကမ်ဘာကျော်ခဲ့ပါတယ်။ Vampire ဗင်ပိုင်းယားခေါ် သွေးစုပ်ဖုတ်တတ်တယ်ဆိုတဲ့ လင်းနို့တွေ ညအချိန်ထွက် လူ့သွေးစုပ်ပုံကို၊ ဉာဏ်ကွန့်မြူးပြီး ဇာတ်လမ်းဆင်ထားပါတယ်။ အခု မောလ်ဒေးလ်ဗီးယား Maldavia နယ်မှာရှိတဲ့ Count Dracula ခေါ် မြို့စားကြီးဆီ၊ ဇာတ်လိုက် Jonathan Harker ရောက်သွားပြီး၊ ရဲတိုက်ကြီးအတွင်းမှာ Sisters ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်မတွေနဲ့ တိုက်ခိုက်၊ မြို့စားကြီးကိုယ်တိုင်က သွေးစုပ်ဖုတ်ကောင်ဖြစ်နေ၊ မြို့စားကြီးကို အင်္ဂလန်ကိုခေါ်လာ၊ အင်္ဂလန်ရောက်တော့လည်း သူ့အသက်ကိုဆက်ဖို့ လူ့သွေးတွေကိုစုပ်၊ နောက်ဆုံးတော့ Dracula ကို Cross လက်ဝါးကပ်တိုင်နဲ့ တိုက်တော့မှ ပြာမှုန့်ဖြစ်ပြီး ဇာတ်သိမ်းသွားတာရုပ်ရှင်ထဲမှာ ကြည့်ရပါတယ်။ ၀တၳုထဲမှာတော့ Kukri, Bowie ခေါ်တဲ့ ဓားတွေနဲ့ ထိုးသတ်မှသေတယ်လို့ ရေးထားပါတယ်။ 1931 ခုနှစ်ကစပြီး ရုပ်ရှင်အဖြစ်ဖန်တီးလာကြတာ၊ 1958၊ 1922၊ 1992 ခုနှစ်တွေအထိ ထပ်ဆင့်ရိုက်ကူး အောင်မြင်ပါတယ်။

 

“Helsing”

          အမည်နဲ့သွေးစုပ်ဖုတ်ကောင်ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတာ၊ ရုပ်ရှင်အနေနဲ့ရော၊ ဗီဒီယိုအခွေနဲ့ပါ အခုအခါ တွေ့နိုင်ပါတယ်။ သွေးစုပ်ဖုတ်ကောင်တကယ် ရှိသလားမေးရင်၊ တကယ်ရှိပါတယ်လို့ ဖြေပါမယ်။ လူ့သွေး တွေကိုစုပ်ယူတဲ့ဖြစ်ရပ်တွေတကယ်ရှိပါတယ်။ တခြား မဟုတ်ပါဘူး။ Blood Dyscrasias လို့ခေါ်တဲ့ သွေးရောဂါတွေ ပါ။ သွေးကင်ဆာ၊ မွေးရာပါသွေး မတိတ်ရောဂါ စသည်တို့ဖြစ်ပါတယ်။ သွေးဆဲလ်တွေဟာ သက်တမ်းကုန်ရင်၊ ရိုးတွင်းခြင်းဆီတွေ ကနေ သွေးဆဲလ်အသစ်တွေကို အဓိကပြန်လည်ထုတ်လုပ်ပေးရပါတယ်။ ဒီရောဂါတွေမှာ ရိုးတွင်းခြင်ဆီ တွေကမထုတ်ပေးနိုင်လို့၊ ရောဂါရှင်တွေခမျာ သွေးအားနည်းဆုတ်ယုတ်လာရပါ တယ်။ ဖြူဖပ်ဖြူရော်နဲ့ မောပန်းလာကြပါတယ်။ သူတို့ကိုသွေးသွင်းပေးလိုက်တာနဲ့ လူကောင်း ပကတိပြန်ဖြစ်သွားကြပါတယ်။ သူတို့ဟာသွေးနဲ့အသက် ဆက်ကြရရှာပါတယ်။ ကိုယ်တွင်းမှာ၊ ကိုယ့်သွေးကိုစုပ်ယူနေတဲ့ သွေးစုပ်ဖုတ်ကောင်လိုရောဂါဆိုးတွေရှိနေကြလို့ပါ။ သွေးကုန်သွားတာ နဲ့၊ ဆေးရုံတွေကိုလာပြီး သွေးသွင်းကုသမှုခံနေကြရတဲ့၊ သနားစရာကောင်းတဲ့ ရောဂါရှင်တွေဖြစ်ကြပါတယ်။ လူ့သွေးနီဥတွေဖြစ်ကြပါတယ်။ လူ့သွေးနီဥတွေဟာ သက်တမ်း ရက်ပေါင်း 100 မှ 120 ခန့် နေပြီးရင် ပျက်စီးသွားကြပါတယ်။ ဒါကြောင့် ရောဂါရှင်ဟာ 3 လ၊ 4 လ လောက်အကြာမှာ သွေးသွင်းခံဖို့ ဖြစ်လာလေ့ရှိ ပါတယ်။ သွေးလှည့်ပတ်မှု တစ်ကြိမ်ဟာစက္ကန့် 20 လောက်ပဲကြာပါတယ်။ ရောဂါရှင်တွေဟာသွေးလျော့သွား တာနဲ့ မောပန်းဖြူ ဖွေးလာကြပါတယ်။ ဒီရောဂါအတွက် သွေးသွင်းခြင်းဟာ အဓိကကျပါတယ်။ အခုခေတ်မှာတော့ သွေးရောဂါဆိုင်ရာ သမားတော်ကြီးများက ကောင်းစွာကုသပေးနိုင်ပြီ မို့၊ ပြသကုသနိုင်ကြပါတယ်။ ဒီလိုရောဂါရှင်များအပါအ၀င် သွေးလိုအပ်သူများကို သွေးသွင်းကုသမှုများကို ကျွန်တော်တို့မြန်မာနိုင်ငံမှာ 1935 ခုနှစ်က၊ ရန်ကုန်ဆေးရုံကြီးမှာ စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရပါတယ်။ အဲဒီကာလက သွေးလှူဒါန်းမှုများကို ဆောင်ရွက်ရာမှာ သွေးလှူရှင်များကို၊ နိုင်ငံတော်က ကူညီပံ့ပိုးခဲ့ပါတယ်။ 1962 ခုနှစ် ကစလို့ အဲဒီလို မပံ့ပိုးတော့ပေမယ့် သွေးလှူဒါန်းမှုများကို ရက်ရက်ရောရောဆောင်ရွက်ခဲ့ ကြပါတယ်။ သွေးမှတစ်ဆင့် ကူးစက်တဲ့ပြဿနာတွေတော့ မတွေ့ကြုံကြရသေးပေမယ့် 1980 ကျော်ကာလများမှာ သွေးမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေခေါင်းထောင်လာပါတယ်။ ကမ်ဘာကျော်ရုပ်ရှင်မင်းသားချောကြီး Rock Hudson တစ်ယောက် AIDS ခေါ် ကုရာနတၳိဆေးမရှိ တဲ့ ရောဂါဆိုးကြီးဖြစ်နေပြီဆိုတဲ့ အချိန်ကစလို့ သွေးသွင်းမှုများကို သေချာစွာစစ်ဆေးလာကြပါတယ်။ လမ်းညွှန်မှု protocol များကို ထုတ်ပြန်ပြီး တိကျစွာလိုက်နာစေခဲ့ပါတယ်။ သွေးမှာ ကူးစက်ရောဂါများ ရှိ/မရှိ စစ်ဆေးမှုများကို 1983 ခုနှစ်မှ 2013 ခုနှစ်အတွင်း ရှာဖွေ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ 1985 ခုနှစ်မှာ HIV ပိုး ရှိ/မရှိကို ခုခံအား ပဋိပစ္စည်းရှာဖွေခြင်းဖြင့် သိနိုင်အောင် ရှာဖွေနိုင်ခဲ့ပါတယ်။ သို့သော် ရောဂါပိုး၀င်ပြီး 3 လအကြာမှာ သိနိုင်ပါတယ်။ 1992 ခုနှစ်၀န်းကျင်မှာတော့ ပဋိလှုံ့ပစ္စည်းကိုရှာဖွေနည်းတွေ့ခဲ့ပါ တယ်။ ရောဂါပိုး၀င်ရောက်ပြီး 22 ရက်အကြာမှာ စစ်ဆေးနိုင်တဲ့ နည်းကိုတွေ့ခဲ့ပြီး 21 ရာစုမှာတော့ 7 ရက် အတွင်းရှာဖွေနိုင်တဲ့နည်းတွေ တွေ့လာပါတယ်။ Nucleic Acid Amplification နည်းပညာဖြစ်ပါတယ်။ Nucleic Acid ဆိုတဲ့ DNA ကို တိုက်ရိုက်ရှာဖွေနိုင်ခြင်းဖြစ်ပါတယ်။ 2010 ခုနှစ်၀န်းကျင် မှာတော့ သွေးအတွင်းမှာရှိတဲ့ရောဂါ ပိုးအများစုကို ရှာဖွေနိုင်တဲ့ Solvent Detergent Method ကိုဖော်ထုတ်နိုင်ခဲ့လို့ သွေးမှတစ်ဆင့်ပြန့်ပွားလွယ်သော ကူးစက်ရောဂါအများစုကို ကာကွယ်ဖြတ်တောက် နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ အရင်က သွေးအုပ်စုတူတာနဲ့တင် သွေးလှူနိုင်ရာကနေ Screening ရောဂါပိုးစစ်ဆေးခြင်းကို ကူညီပံ့ပိုးသောအဖွဲ့များရဲ့အကူအညီနဲ့ 1995 ခုနှစ်မှာ စတင် ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရပါတယ်။ အသည်းရောင်အသားဝါ စီပိုးစစ်ဆေးခြင်းကို 2004 ခုနှစ်မှာလုပ်နိုင်ခဲ့ပြီး တစ်ပြည်လုံးကသွေးလှူရာနေရာများမှာ 2008 ခုနှစ်မှာဆောင်ရွက်နိုင်ခဲ့ပါတယ်။ နိုင်ငံသားစေတနာရှင် များကိုလည်း မိမိတို့ ကိုယ်ကိုစောင့်ရှောက်ထိန်းသိမ်းတတ်အောင်၊ လက်တွဲခေါ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် 2003 မှ 2013 ခုနှစ် အတွင်း သွေးမှကူးစက်မှုများရဲ့ 80 ရာခိုင်နှုန်းကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဆယ်နှစ်တာကာလအတွင်း ဒီလိုအောင်မြင်လာမှုကြောင့် အပြည်ပြည်ဆိုင်ရာသွေးသွင်း ကုသမှုလုပ်ငန်းအဖွဲ့အစည်းက Developing Country Award ကို 2014 ခုနှစ်မှာချီးမြှင့်ခံခဲ့ရပါတယ်။ 2015 ခုနှစ် ဇန်နဝါရီလမှာလည်း Nucleic Acid Amplification Technique ကို သုံးခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ထောက်ပံ့မှုကို ပိုမိုရရှိလာပါ တယ်။ စေတနာရှင် သွေးလှူရှင်များကြောင့် အခုလိုအောင်မြင်လာရသလို၊ သွေးလှူဌာနများ၊ ဆေးရုံများရဲ့ ပူးပေါင်းဆောင်ရွက်မှုများကြောင့်လည်း ကောင်းသောတိုးတက်အောင်မြင်ခြင်း ကို တွေ့မြင်လာရတာဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်ဆေးရုံကြီးက အမျိုးသားသွေးဌာန တာ၀န်ခံဆရာ၀န်ကြီး ဒေါက်တာဒေါ်သီတာအောင်နဲ့ ၀န်ထမ်းများကိုလည်း များစွာကျေးဇူးတင် ထိုက်ပါတယ်။ သွေးစုပ်ဖုတ်ကောင် အကြောင်းတွေးရင်း သွေးလှူဒါန်းခြင်းကိုပါ ဆက်တွေးမိတာဖြစ်ပါတယ်။ လူငယ် တွေသွေးလှူကြစေချင်ပါတယ်။ တစ်ပါးသူကို အသက်ကယ်နိုင်သလို မိမိရဲ့သွေးကိုပါအမြဲဖြူစင်အောင် ထိန်းထားပြီးသား ဖြစ်သွားလို့ ပါ။ သွေးစုပ်ဖုတ်ကောင်လို လူစားမျိုးတွေကို “ယ” လိုလူလို့ခေါ်ရမယ် ထင်ပါတယ်။ ကိုယ်ဘာရမလဲ၊ ရတာအကုန်ယူမယ့်လူစားမျိုးတွေပါ။ မရရင်ဘာမှ မပေးတတ်တဲ့ အတ္တကြီးသူတွေပါ။ “ယ” ကို အပေါ်ထောင်လိုက်ရင် “က” ဖြစ်သွားပါတယ်။ ကူညီတတ်တဲ့လူ၊ ကိုယ်ကျိုးစွန့်တတ်တဲ့ အများအကျိုးဆောင်တတ်တဲ့ ပရဟိတစိတ်ရှိသူတွေပါ။ သွေးလှူသူများ၊ တစ်နိုင်ငံလုံး အများအကျိုးဆောင်နေသူတွေဟာ “က” ကကြီးလိုလူတွေပါ။ လောကမှာ “က” လိုလူတွေများနေဖို့လိုပါတယ်။

Reference: Dracula (Wiki)

မြန်မာ့အလင်း (14- 12- 2014)

 

 

 

Credit to

ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

Health Digest Journal

Vol: 13, No: 21, 17-2-2016