/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သွေးတိုးရောဂါကို-သဘာ၀နည်းလမ်းများဖြင့်-ကုသခြင်း

သွေးတိုးရောဂါကို သဘာ၀နည်းလမ်းများဖြင့် ကုသခြင်း

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဒေါ်အေးမြချယ်

    သွေးတိုးရောဂါဆိုတာ သွေးကြောအတွင်းနံရံတွေအပေါ် မြင့်မားတဲ့ဖိအားနဲ့ တွန်းတဲ့အတွက် ေ၀ဒနာခံစား လာရတာ ဖြစ်တယ်။ တချို့ သွေးတိုးစဖြစ်ကာစမှာ ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းနောက်တာနဲ့ ပြတတ်ကြပေ မယ့် သွေးတိုးကြာလာတဲ့အခါ မကုဘဲထားရင် နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ အဆုတ်၊ အသည်း စသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ပျက်စီးတာ ကာလကြာလာပေမယ့် ခေါင်းမူး၊ ခေါင်းကိုက်ပြချင်မှပြ တတ်တော့တာပါ။ အဲဒီအခါ လူတွေက ခေါင်းမူး၊ ခေါင်းကိုက်မှသာ သွေးတိုးတယ်လို့ အသေမှတ်ထားပြီး မကိုက်တော့ ရင် ပေါ့ဆစွာနေထိုင်ကြ၊ ဆေးဝါးမသောက်/မကုဘဲ နေကြတဲ့အတွက် သွေးတိုးကြောင့် လေဖြတ်၊ ဦးနှောက်သွေးကြောပေါက်ကာ အလွယ်တကူ အသက်ဆုံးရှုံးကြပါတယ်။ အဲဒီလို “အသံတိတ်လူသတ် သမား” အဖြစ် တင်စားခေါ်ေဝါ်ကြတဲ့ သွေးတိုးရောဂါဆိုးကို အောက်ပါ သဘာ၀နည်းလမ်းတွေနဲ့လည်း ထိန်းကြည့်သင့်တာမို့ ဆေးဝါးကုသရင်း အကျိုးရှိနိုင်တာတွေ ဖော်ပြပေးလိုက်ပါတယ်။

 

1.  အစားအသောက်ဆင်ခြင်ခြင်း

        နေ့စဉ်စားတဲ့ အစားအစာတွေက မျှတမှုရှိဖို့ လိုတယ်။ အသား၊ အသီးအရွက်၊ လူကို ဒုက္ခမပေးတဲ့ (စားအုန်းဆီမဟုတ်တဲ့) မိုနိုမပြည့်၀ဆီတွေ ဥပမာ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ သံလွင်ဆီ၊ ပဲပုပ်ဆီ စတာတွေ နေ့စဉ်ပါအောင် စားသင့်ပါတယ်။ ကြက်သွန်ဖြူ၊ နံနံပင်အမျိုးမျိုး၊ ချင်း စတာတွေလည်း ပါသင့်ပါတယ်။

        ဥပမာ တစ်နေ့လုံးစာအတွက် ဆန်၊ ဂျုံနဲ့လုပ်တာ သို့မဟုတ် ပါစတာ ၃ - ၄ ပန်းကန်စာ ဆား၊ သကြားလုံး၀ မပါစေဘဲ စားသင့်ပါတယ်။ ဆန်နဲ့ ဂျုံကို သိပ်ဖြူအောင် မဖွပ်ထားတာဖြစ်သင့်တယ်။ ဟင်းသီး ဟင်းရွက် (ပြုတ်၊ ကြော်၊ ချက်) ၆ - ၈ ပန်းကန်စာ၊ သစ်သီး ၄ ပန်းကန်စာ၊ အသား (ငါး၊ ၀က်သား၊ အမဲသား) ၂ - ၄ ပန်းကန်စာ၊ ပဲအမျိုးမျိုး၊ အစေ့အဆန်အမျိုးမျိုး ၁ - ၂ ပန်းကန်စာ၊ အဆီနည်း တဲ့ နို့နဲ့ နို့ထွက်ပစ္စည်း ၁ - ၂ ပန်းကန်စာ စသဖြင့် အနောက်တိုင်း အစားအစာအချိုးအစားသတ်မှတ်ထားကြတယ်။ ပုံပြောင်းဆီနဲ့ ပေါ်လီပြည့်၀ဆီတွေ၊ အကြော်အလှော်တွေ လုံး၀ရှောင်သင့် ပါတယ်။ ဆားငန်တာ၊ ဆော်ဒါပါတာ အားလုံး ရှောင်သင့်ပါတယ်။ ဟင်းချက်ရင် ဆားသင့်ရုံသာထည့်ပြီး ဟင်းချိုမှုန့် လုံး၀မသုံးသင့်ပါဘူး။ အစားအစာကို အလွန်အကျွံ ဗိုက်ကားအောင်မစားဘဲ အစာအိမ်ရဲ့ ဗိုက်စပြည့်ချိန်မှာကို အာသီသ ဖြတ်သင့်တယ်။ လေ့ကျင့်ခန်း တစ်မျိုးမျိုး ဥပမာ လမ်းလျှောက်၊ ရေကူး၊ အပြေး၊ ယောဂ၊ ထိုက်ချိ၊ အေရိုးဗစ် မှန်မှန်လုပ်သင့်ပြီး အရက်နဲ့ ဆေးလိပ်အမျိုးမျိုး ရှောင်သင့်တယ်။

 

2.  ကိုအင်ဇိုင်း Q10 (Coenzyme Q 10)

        ကိုအင်ဇိုင်း ကျူးတင်း (CoQ10) ဟာ ခန္ဓာကိုယ်ထဲမှာ သဘာ၀အတိုင်းတွေ့ရပြီး အစားအစာကနေ ခန္ဓာကိုယ်အတွက် အကျိုးပြုစွမ်းအင် အီနာဂျီအဖြစ်သို့ ပြောင်းလဲပေးပါတယ်။ ခန္ဓာကိုယ် ဆဲလ်တိုင်း မှာ တွေ့ရှိရပြီး အစွမ်းထက်တဲ့ အင်တီအောက်စီးဒင့်တစ်မျိုး ဖြစ်တယ်။ ဥရောပနဲ့ ဂျပန်မှာ ၎င်း Q10 ကို သွေးတိုးလူနာတွေအတွက် သဘာ၀ဆေးစွမ်းကောင်းတစ်လက်အဖြစ် တွင်ကျယ်စွာသုံးကြတယ်။  Q10 သောက်အပြီး တစ်လမှ ၃ လကြာမှ တိုးတက်ပြောင်းလဲမှုကို တွေ့ရမှာပါ။

       သဘာ၀အတိုင်း Q10 ကိုတွေ့နိုင်တဲ့အရာတွေကတော့ အဆီထူငါးများ (ငါးတန်၊ ငါးထွေ၊ ငါးကြင်း၊ ဆော်လမွန်ငါး၊ တူနာငါး) ကလီစာအသား (အသည်း) နဲ့ လုံးတီးဆန် စတာတွေမှာ ပါ၀င်တာမို့ အဲဒီအစားအစာ တွေကို ဂရုစိုက်စားသင့်ပါတယ်။ အသား၊ အသီးအရွက်၊ အစေ့အဆန်၊ ဂျုံ၊ ဆန် မျှတအေင် စားရင်တော့ ကျူတင်း Q10 လုံလောက်စွာရရှိနိုင်ပေမယ့် balanced diet မစားဖြစ်ရင် Q10 အားဖြည့်ဆေးတောင့်တွေ ဈေးကွက်မှာ ၀ယ်ယူစားသုံးဖို့လိုပါတယ်။ စားသင့်တဲ့ သူတွေကတော့ သွေးတိုး၊   နှလုံးရောဂါ၊ ဆီးချိုနဲ့ သွေးကြောရောဂါရှိသူတွေဖြစ်ကြတယ်။

 

3.  ေ၀းပရိုတင်းပေါင်ဒါ (Whey Protein Powder)

        ေ၀းပရိုတင်းအမှုန့်ဟာ အူက အလွယ်တကူစုပ်ယူနိုင်တဲ့ အသားမှုန့်တစ်မျိုးဖြစ်ပြီး သူရဲ့ အာနိသင် က သွေးတိုးကျစေပါတယ်။ သောက်သင့်တဲ့ ပမာဏကတော့ နေ့စဉ် ၃၀ ဂရမ် (တစ်ခွက်စာ) ဖြစ်ပါတယ်။

 

4.  ဗီတာမင်များနဲ့ သတ္တုဓာတ်များ (Vitamins & Minerals)

    ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် စတဲ့သတ္တုဓာတ် Minerals တွေက တက်နေတဲ့ သွေးပေါင်ချိန်ကို ကျဆင်းစေတာ တွေ့ရတယ်။ အိုမီဂါ - ၃ ကလည်း သွေးပေါင်ကျစေဖို့ အကူအညီပေးတဲ့ အပြင် နှလုံးကျန်းမာရေးလည်း အထောက်အကူပေးပါတယ်။ ဗီတာမင်စီက သွေးပေါင် ကျစေနိုင်ပြီး မှန်မှန်သုံးစွဲရင် လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်တယ်။ ဗီတာမင်ဘီ ကွန်ပလက်ကလည်း အထွေထွေကျန်းမာရေးတိုးတက်စေပြီး သွေးတိုးရှိသူတွေအနေနဲ့ အဆိုပါ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေပါတဲ့ အားဖြည့်ဆေးတွေကို ညွှန်ကြားတဲ့အတိုင်း မှန်မှန်မှီ၀ဲသင့်ပါတယ်။

 

5.  ရက်စ်ဗာရာထရော (Resveratrol)

        ရက်စ်ဗာရာထရောဟာ အစွမ်းထက် အင်တီအောက်စီးဒင့်ဖြစ်ပြီး စပျစ်သီးအနီအနက်၊ မြေပဲနဲ့ ဘယ်ရီသီအမျိုးမျိုးမှာ ပါရှိတယ်။ ပေါ်လီဖီနောတစ်မျိုးဖြစ်တဲ့ ရက်စ်ဗာရာထရောက ရောဂါဆိုးအတော်များများကို ကာကွယ်ပေးနိုင်ပြီး အထူးသဖြင့် ကင်ဆာနဲ့ နှလုံးရောဂါကို ကာကွယ်တားဆီးပေးတယ်။ ဒါကြောင့် စပျစ်သီး အနီအနက်၊ မြေပဲနဲ့ ဘယ်ရီသီးအမျိုးမျိုးကို ရာသီအလိုက် နေ့စဉ်ပါအောင်စားသင့်ပါတယ်။ ၀ိုင်နီကိုလည်း ဆေးဝါး အဖြစ်နေ့စဉ်နီးပါး တစ်ခွက်ခန့် သောက်နိုင်ပါတယ်။ လိုအပ်ခဲ့ရင် ရက်စ်ဗာရာထရော ဖြည့်စွက်ဆေးတွေ စားသုံးနို်င်တယ်။

        သွေးတိုးရှိသူတွေမှာကိုလက်စထရောလ်ပါ မြင့်တက်နေရင် သွေးတိုးပိုဆိုးစေ၊ နှလုံးသွေးကြော ကျဉ်း ရောဂါနဲ့ လေဖြတ်ရောဂါပိုဖြစ်ပွားစေတာမို့အဆီချဆေးတွေပါပူးတွဲစားသောက်သင့်ကြောင်း အကြုံ ပြုဖော်ပြလိုက်ပါတယ်။

Credit: ဒေါက်တာအေးမြချယ်

Health Digest  Journal, No. 21

www.drmyanmar.com