သွေးတိုး၊ သွေးချိုရောဂါတို့နှင့် ပတ်သက်ပြီး အသိမှား၊ အလုပ်မှားများ
သူ့ကဏ္႑နှင့်သူ၊ သူ့တန်ဖိုးနှင့်သူ
သွေးချိုရောဂါကုရာတွင် သွေးချိုဆေး သို့မဟုတ် အင်ဆူလင်၊ အစားအစာဆင်ခြင်ခြင်း၊ ကိုယ်လက်လှုပ် ရှားအားကစားလုပ်ခြင်း၊ ဒေါက်တိုင်သုံးခုပေါင်း ကုရန်လိုမှန်း သွေးချိုလူနာတော်တော်များများ သိကြသည်။ ထို့အတူ သွေးတိုးရောဂါအတွက် သွေးကျဆေး၊ ဆားအငန်လျော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်း စသည့် အပိုင်းသုံးခုလို သည်ကိုလည်း သွေးတိုးလူနာအများစုသိကြသည်။ သွေးတွင်းအဆီများသူများက လည်း သွေးတွင်းအဆီကျဆေး၊ အဆီလျော့စားခြင်းနှင့် အားကစားလုပ်ခြင်းတို့လိုမှန်းသိကြသည်။ လူနေမှုပုံစံရောဂါများအတွက် ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်စားသောက်မှု လူနေမှုပုံစံတို့သည် ရောဂါကာကွယ်ရန်၊ ကုသရန်နှင့် ဖြစ်ပြီးရောဂါပိုဆိုးမသွားရန်၊ အားလုံးတို့အတွက် မဖြစ်မနေလိုအပ်သည့် သဘောဖြစ်သည်။
သို့ပေမယ့် သွေးချိုလူနာလက်သစ်အများစု၊ သွေးတိုးလူနာလက်သစ်အများစုနှင့် သက်တမ်းရင့် သွေးချို၊ သွေးတိုးလူနာတချို့က သွေးချိုဆေး၊ သွေးကျဆေးသောက်လျှင် ပြီးပြီဟု ထင်ကြသည်။ ကြော်ငြာတစ်ခုတည်းက အတိုင်း၊ ဆေးသောက်ထားပြီး၊ စားချင်တာစားလို့ရပြီဟုထင်ကြတယ်။ တချို့က စားချင်တာစားလို့ရအောင် ဆေးသောက်ရခြင်းဖြစ်သည်ဟုပင် ထင်ကြသည်။
ရောဂါဖြစ်စ သွေးချို၊ လူနာ၊ သွေးတိုးလူနာအများစုသည် အစပိုင်းတော့ ဟုတ်တုတ်တုတ်၊ အားကစား ကြိုးစားပမ်းစားလုပ်ကြသည်။ အစားအစာကို ဂရုတစိုက်ရှောင်ကြ၊ ဆင်ခြင်ကြသည်။ တချို့လူနာများ ရောဂါသက်ရင့်လာသည်နှင့် ဆေးပဲသောက်ချင်တော့သည်။ လေ့ကျင့်ခန်းပုံမှန်လုပ်ရမှာလည်း ခပ်ပျင်းပျင်း၊ အစာဆင်ခြင်ရမှာလည်း စိတ်လျော့ထားကြပုံပေါ်သည်။
သွေးတွင်းအဆီများသည်ဟု သိသည်နှင့် တချို့လူနာများသည် အဆီကျဆေးသောက်၊ အဆီကိုအင်တိုက် အားတိုက်လျော့စား၊ အပြင်စာဆိုလုံး၀မထိတော့၊ ဆီမပါရေလုံပြုတ်ကိုပဲစား၊ အသီးအရွက်ပဲပြုတ်စား၊ လေ့ကျင့်ခန်းလည်းပုံမှန်လုပ်ကြသည်။ သွေးတွင်းအဆီပြန်စစ်တော့ ပုံမှန်နီးပါး ပြန်ဖြစ်လာချိန်တွင် အဆီပြန်စားလို့ရပြီ အဆီလျော့ရန်မလိုတော့၊ စားချင်တာစားလို့ရပြီဟု တွက်ကြသည်။ တချို့ အတိုးချစားကြသည်။ သွေးတွင်းအဆီပုံ မှန်တစ်ခါဖြစ်သည်နှင့် တစ်သက်လုံးဒီအတိုင်းပုံမှန်ဖြစ်နေတော့မည်ဟု ထင်ကြပုံရသည်။ အစားဆင်ခြင်လို့၊ ကိုယ်လက်လှုပ်ရှားလုပ်လို့ အဆီဓာတ်ကျခြင်းဖြစ်ရာ၊ အဆီဓာတ်ဆက်လက်ကျနေစေရန်၊ အဆီဓာတ်အစဉ်အမြဲ ပုံမှန်ဖြစ်နေစေရန် အစားအစာဆက်လက် ဆင်ခြင်ရန်လိုသည်မှာ သိသာထင်ရှားသည်။
နေ့စဉ်ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ရန် ၀ီရိယစိုက်ထုတ်ရသည်။ ဆန္ဒပြင်းပြရသည်။ မိမိကိုယ်ပိုင်အကျင့်ဖြစ်အောင် စွဲစွဲမြဲမြဲလုပ်ရန်လိုသည်။ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှု အတွက် လေ့လာရသည်။ မေးမြန်းရသည်။ အစဉ်သတိရှိရသည်။ စားချင်စိတ်နှင့် လျှာ၏တောင့်တမှုကို တတ်နိုင်သလောက်ထိန်းရသည်။ သူများတကာစိတ်တိုင်းကျစားနေချိန်တွင် ကိုယ်က ချင့်ချင့်ချိန်ချိန်စားရသည်။ မိမိမူပိုင်အကျင့်မဖြစ်ခင်ထိ တော်တော်မလွယ်သည့် ကိစ္စဖြစ်သည်။ ထို့ကြောင့်လည်း ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့၊ အစားအစာဆင်ခြင်ဖို့ သိပ်မကြိုးပမ်းချင်ကြတော့၊ ဆေး၀ယ်၊ ဆေးသောက်၊ ပါးစပ်ထဲထည့်ရုံပဲလိုသည့် အလွယ်လမ်းကို လိုက်ကြခြင်းဖြစ်သည်။ သွေးကျဆေးသောက် လျှင် သွေးပေါင်ချိန်ကျ၊ သွေးချိုဆေးသောက်လျှင် သွေးတွင်း သကြားဓာတ်ကျသည်မှာပေါ်လွင်သည်။ မျက်မြင်ဒိဌဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်သောလူနေမှုပုံစံ၊ နေထိုင်စားသောက်မှုပုံစံက သွေးချို၊ သွေးပေါင်ချိန် အကျဆေးများလောက်မသိသာ။ သာမန်လူတို့ယုံရလောက်အောင် ထင်ထင်ရှားရှားမရှိ။ သို့ပေမယ့် ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်စားသောက်မှုပုံစံသည် ရေရှည်တွင်တော့ တာသွားသည်။ ဆေးဖိုးမကုန်၊ ဆေးဘေးထွက် ဆိုးကျိုးမရှိ၊ လက်နက်တစ်ခုတည်းနှင့် သွေးချို၊ သွေးတိုးအဆီများ ပစ်မှတ်အားလုံးကို တစ်ပြိုင်နက်ပစ်နိုင်သည်။ နှလုံးသွေးကြောပိတ်၊ လေဖြတ်ကာကွယ်ခြင်းစသည့်အခြားမရေ တွက်နိုင်လောက်သောကောင်းကျိုးများကိုလည်း ပေးသေးသည်။
ကိုယ်လက်လှုပ်ရှားအားကစားမရှိ၊ အစားဆင်ခြင်ရန်မကြိုးစား၊ တက်သမျှ သွေးချို၊ သွေးတိုး အတွက် ဆေးတိုးသောက်ဖို့ပဲ စဉ်းစားကြသည်။ ကြိုက်သလိုစားလု့ိ၊ ခပ်ပျင်းပျင်း၊ ခပ်ငြိမ်ငြိမ်နေလို့ တတ်သမျှသွေးချို၊ သွေးတိုး၊ ဆေးပိုသောက်လျှင်ကျမည်၊ အားလုံးအဆင်ပြေသွားမည်ဟု ထင်ကြသည်။ ဆေးခန်းရောက်လို့ သွေးချိုတက်နေလျှင် ဆရာ၀န်ဆေးတိုးပေးမှာ၊ ဆေးသစ်တစ်ခု ထပ်ထည့်ပေးမှာပဲ မျှော်လင့်ကြသည်။ စားလိုက်၊ သွေးချို တက်လိုက်၊ ဆေးပိုသောက်လိုက်၊ ခန္ဓာကိုယ်ကြီး၀လာလိုက်နှင့် ပတ်ချာလိုက်နေသည့်လူနာများ မကြာခဏတွေ့ရ သည်။ နောက်ပိုင်းဆေးတစ်မျိုးပြီးနှစ်မျိုး၊ သုံးမျိုးတိုးသောက်သည်သာ အဖတ်တင်သည်။ သွေးချိုက ခဏ တစ်ဖြုတ်ကျပြီး ပြန်တက်ကြသည်ကများသည်။ သွေးတိုးရောဂါလည်း အလားတူပင်။ ကိုယ်လက်လှုပ်ရှားမှုမရှိ၊ အစားမဆင်ခြင်၊ လူကခပ်၀၀၊ ဆေးခန်းလာတိုင်း သွေးပေါင်ချိန် မြင့်နေတတ်သည်။ ဆေး တဖြည်းဖြည်းချင်းတိုး သောက်သည်၊ နောက်ပိုင်း ပေးစရာမရှိလောက်အောင် သွေးပေါင်ချိန်က ဒုံရင်း၊ ဒုံရင်း။ ယင်းလူနာမျိုး အငန်လျော့စား၊ အပြင်စာတတ်နိုင်သလောက်ရှောင်၊ ခပ်သွက်သွက်ကိုယ်လက် လှုပ်ရှားမှုလုပ်တော့ သွေးပေါင်ချိန်က အလွယ်တကူကျသွားသည်။
သွေးတိုး၊ သွေးချိုစသည့်လူနေမှုပုံစံရောဂါများအတွက် ဆေးအပြင် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုကလည်း မဖြစ်မနေလိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားအားကစားနှင့် အစားအသောက်ဆင်ခြင်ခြင်းကို ပိုက်ဆံပေး၍၀ယ်မရ၊ အခြားတစ်ခုခုနှင့် အစားထိုး၍မရ၊ ဆေးတိုးသောက်ရုံနှင့် မရမှန်းသိသင့်သည်။ ရလျှင်လည်း ခဏတာ၊ နောက်ပိုင်းပိုတက်၊ ပိုခက်လာမည်ကို ကြိုသိသင့်သည်။ ယင်းရောဂါများအတွက် ဆေး၊ လှုပ်ရှားမှု၊ အစားအစာ၊ ဒေါက်တိုင်သုံးခုသည် သူ့ကဏ္႑နှင့်သူ အရေးကြီးမှန်း၊ သူ့တန်ဖိုးနှင့်သူရှိမှန်း၊ သုံးခုလုံး လိုအပ်မှန်းသိရန်၊ သတိရှိရန်၊ လိုက်နာကြရန်လိုပါသည်။
Credit; ပါမောက္ခနေ၀င်း (ဆေးပညာ)
Health Digest Journal






























